စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ညောင်ကိုင်းကျေးရွာ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော်မှ ၁-၁-၂၀၁၆ ရက်စွဲ ပါစာအမှတ်၊ ကမဘ/ဃ-၁၄၈၆/၉၃၆ ဖြင့် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံအတွက် ဆရာဝန် တစ်ဦး၊ ဓာတ်ခွဲကျွမ်းကျင် တစ်ဦး၊ အထက်တန်းသူနာပြု နှစ်ဦး စုစုပေါင်း ဝန်ထမ်းလေးဦး စေလွှတ် ခန့်ထားပြီး ဖြစ်ကြောင်းလည်း သိရှိရပါကြောင်း၊ ညောင်ကိုင်း တိုက်နယ်ဆေးရုံသည် ဖွင့်လှစ်ခွင့်ပြုပြီး ဖြစ်သော်လည်း ဆေးရုံအဆောက်အဦ ဆောက်လုပ်ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ခွဲဝေရာတွင်လည်း ပါဝင်မှု မရှိသည်ကို သိရှိရပါကြောင်း၊ ဆေးရုံ ဆောက်လုပ်ရေး ရန်ပုံငွေ ချထားပေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာနက ၂၇-၁၂-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ၂၇၆၂/ဆေးရုံတိုးမြှင့်/၂၀၁၆ ဖြင့်လည်းကောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က ၁၁-၁-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၄/၈-၆(၁၀)/၃၂၂/ကသ ဖြင့်လည်းကောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကို ရည်ညွှန်းပါစာဖြင့် ပေးပို့ညှိနှိုင်းခဲ့ပါသော်လည်း ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက် Mini ဘတ်ဂျက်တွင်လည်း ထည့်သွင်းလျာထားခဲ့ခြင်း မရှိသည်ကို သိရှိရကြောင့်။ လက်ရှိတွင် ညောင်ကိုင်းတိုက်နယ် ဆေးရုံအတွက် ခန့်ထားသည့် ဆရာဝန် အပါအဝင် ဝန်ထမ်းလေးဦးသည် ညောင်ကိုင်းတိုက်နယ် ဆေးရုံအဆောက်အဦ မရှိသည့်အတွက် ယင်းမာပင် ပြည်သူ ဆေးရုံကြီးတွင် သွားရောက် တာဝန်ထမ်းဆောင်နေသည်ကို သိရှိရကြောင်း၊ ဘဏ္ဍာငွေ ချထားပေးပါက ဆောက်လုပ်ရန် မြေနေရာလည်း အသင့်ရှိပြီး ဖြစ်ကြောင်း ယခင်က တင်ပြခဲ့သည့် အမှုတွဲတွင် ပြည့်စုံစွာ ဖော်ပြထားပြီး ဖြစ်ကြောင်း၊
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက် လျာထားရာတွင် မပါရှိသော်လည်း ဒေသခံ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အမှန်တကယ် လိုအပ်သည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တစ်နှစ်စာ ဘတ်ဂျက်ကြီး BE တွင် ထည့်သွင်း လျာထားနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဒီယင်းမာပင် မြို့နယ်တွင် ခုတင် ၅၀ ဆံ့ ဆေးရုံ တစ်ရုံနှင့် Station Hospital တိုက်နယ် ဆေးရုံ နှစ်ရုံ ရှိကြောင်း၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာန တစ်ခု၊ ကျေးလက် ကျန်းမာရေးဌာန လေးခု၊ ဌာနခွဲ ၂၆ ခု နှင့် လူဦးရေ ၁၄၀၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက် ရှိပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ညောင်ကိုင်းအတွက် ဖွဲ့စည်းပုံကို ၁-၁-၂၀၁၆ နေ့တွင် ခွင့်ပြုခဲ့ပါကြောင်း၊ ခွင့်ပြုရာတွင် နှစ်ချက်ရှိပါကြောင်း၊ တစ်ချက်က တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုမှာရှိသည့် အကုန်လုံး ခြုံငုံပြီး မည်သည့် ဆေးရုံ၊ မည်သည့် (RHC) Sub Center အရေးတကြီး လိုအပ်သည်ကို Priority ပြန်ဆွဲရပါကြောင်း။ ဆွဲပြီးသည့်အခါတွင် ပါသွားပါကြောင်း၊ ညောင်ကိုင်းတိုက်နယ်ဆေးရုံသည် Priority တွင် မပါတာလည်း ဖြစ်နိုင်ကြောင်း၊ နောက်တစ်ချက်က မိမိတို့ တင်တယ်။ ပိုက်ဆံ ဖြတ်လိုက်သည့် ထဲတွင် ပါသွားတာလည်း ဖြစ်နိုင်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်နှင့် ၂၀၁၇-၂၀၁၈ ခုနှစ်တို့တွင် မပါခြင်း ဖြစ်ကြောင်း။ တာဝန်ချထားသည့် ဆရာဝန်များကို ခွင့်ပြုပြီးပြီ ဖြစ်ကြောင်း၊ Test သွားလုပ်နေခြင်း ဖြစ်ကြောင်း။ ယင်းမာပင်ဆေးရုံတွင် Test လုပ်တယ်ဆိုသည်က မသင့်သည့် ကိစ္စ ဖြစ်ပါကြောင်း၊
တိုက်နယ် ဆေးရုံတစ်ရုံ ဆောက်မည်ဆိုပါက သန်း ၅၅၀၊ သိန်း ၅၅၀၀ ကုန်ပါကြောင်း၊ ပင်မဆောင် တစ်ဆောင်၊ နှစ်ခန်းတွဲဆရာဝန် အိမ်ရာ၊ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ ရင်ခွဲရုံ၊ ခြံစည်းရိုး၊ ကွန်ကရစ်လမ်း အားလုံး သိန်း ၅၅၀ ကျပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
