(က)-နိုင်ငံတော်မှပေးဆပ်ရန် ကျန်ရှိသည့်ပြည် ပချေးငွေများအခြေအနေမှန်ကိုမဲဆန္ဒရှင်ပြည်သူများ ကိုယ်စားသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၆.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin choလွှတ်တော်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြောင်းလဲတာဝန် ထမ်းဆောင်နေကြသည့် အစိုးရသစ်အတွက် အရေးကြီးသည့် နိုင်ငံတော်မှ ပေးဆပ်ရန်ကျန်ရှိ သည့် ပြည်ပချေးငွေ အခြေအနေမှန်ကို ပြည်သူများ၏ကိုယ်စား သိရှိလိုကြောင်းနှင့် ချေးငွေများနှင့် ပတ်သက်ပြီး ငွေထုတ်ချေးပေးခဲ့သည့် နိုင်ငံတစ်ခုချင်း၊ အဖွဲ့အစည်း တစ်ခုချင်းအလိုက် ၁-၄-၂၀၁၅ ရက်နေ့တွင်ရှိသည့် ချေးငွေလက်ကျန်၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ထပ်မံချေးယူ ခဲ့သည့်ငွေ ၁-၄-၂၀၁၅ မှ ၃၁-၃-၂၀၁၆ အထိ ပေးဆပ်ပြီးသည့် အရင်းနှင့်အတိုးငွေ ချေးငွေ တစ်ခုချင်း၏ အတိုးနှုန်းထား၊ ပေးဆပ်ရမည့်သက်တမ်း၊ ပေးဆပ်ရန် သက်တမ်းပြည့်သည့် နေ့များနှင့် ချေးငွေပေးဆပ်ရန်အတွက် စီမံချက်များ ရေးဆွဲထားမှုရှိ/မရှိ၊ ပေးဆပ်ရန် ကျန်ငွေများ အတွက် ရရှိနိုင်မည့် အရင်းအမြစ်များ၏ အခြေအနေကို အများပြည်သူများ သိရှိနိုင်ရေး အတွက် ပွင့်လင်းမြင်သာစွာ ဖြေကြားပေးနိုင်ရန် သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

mg mg winလွှတ်တော်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြောင်းလဲတာဝန် ထမ်းဆောင်နေကြသည့် အစိုးရသစ်အတွက် အရေးကြီးသည့် နိုင်ငံတော်မှ ပေးဆပ်ရန် ကျန်ရှိသော  ပြည်ပချေးငွေ အခြေအနေမှန်ကို ပြည်သူများ၏ကိုယ်စား သိရှိလိုကြောင်းနှင့် ချေးငွေများနှင့် ပတ်သက်ပြီး မိမိတို့ ဖြေကြားချက်အပြည့်အစုံကို စာရင်းဇယားများနှင့်တကွ ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊

နိုင်ငံ/အဖွဲ့အစည်းအလိုက် ၃၁-၃-၂၀၁၅ ရက်နေ့တွင်ရှိသည့် ပြည်ပချေးငွေ၏ လက်ကျန် အခြေအနေမှာ အမေရိကန်ဒေါ်လာ ၉၀၈၆.၇၉၆ သန်းဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ယူသုံးစွဲသည့် ချေးငွေတွင် အမေရိကန်ဒေါ်လာ ၇၉၀.၃၃၆ သန်းဖြစ်ပါကြောင်း၊ ပေးဆပ်ပြီးသည့် အရင်းငွေ အမေရိကန်ဒေါ်လာ ၃၄၄.၃၁၆ သန်းနှင့် အတိုးငွေ အမေရိကန် ဒေါ်လာ ၂၂၇.၇၄၆ သန်းဖြစ်ပါကြောင်း၊ အဆိုပါချေးငွေများသည် ငွေကြေးအမျိုးအစား အလိုက် စာရင်းပြုစုထားရှိခြင်းဖြစ်ရာ ၃၁-၃-၂၀၁၆ ရက်နေ့တွင်ရှိသည့် ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ပြီး ညီမျှသည့် အမေရိကန်ဒေါ်လာ တန်ဖိုးများဖြင့် ဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ ချေးငွေများ၏ သက်တမ်းကို ဆိုင်းငံ့ကာလအပါအဝင် ချေးငွေ သက်တမ်းဖြင့် ပြုစုထားခြင်း ဖြစ်ပါကြောင်း၊ ချေးငွေ စာချုပ်ချုပ်ဆိုပြီးနောက် ဆိုင်းငံ့ကာလအတွင်း ချေးငွေ ထုတ်ယူသုံးစွဲသည့် ပမာဏအပေါ် ကျသင့်သည့် အတိုးကိုပေးဆပ်ရပြီး ဆိုင်းငံ့ ကာလကုန်ဆုံးသည့် အချိန်မှစ၍ ကျသင့်သည့်အတိုးအပြင် အရင်းငွေကိုပါ အရစ်ကျပေးဆပ်ရပါကြောင်း၊ အရင်းကို နောက်ဆုံး အရစ်ပေးချေပြီးသည့် အချိန်မှသာ သက်ဆိုင်ရာ ချေးငွေပေးသည့် နိုင်ငံ/အဖွဲ့အစည်းများနှင့် ချေးငွေစာရင်း ရှင်းလင်းမှုပြီးပြတ်ခြင်း ဖြစ်ပါကြောင်း၊

ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန/ဦးစီးဌာနများအနေဖြင့် ဘဏ္ဍာရေးနှစ် အလိုက် အရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲရာတွင် ပြည်ပချေးငွေရယူထားသည့် အဖွဲ့အစည်းများ သည် ဘဏ္ဍာရေးနှစ် အတွင်း ပြည်ပချေးငွေအရင်း ပြန်လည်ပေးဆပ်ရန် သို့မဟုတ် အတိုးနှင့်စရိတ် ပေးချေရန်တို့ကို ၎င်းတို့၏အသုံးစရိတ်တွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ ၎င်းအသုံးစရိတ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၃ ပုဒ်မခွဲ (ခ)အရ ဖြတ်တောက်ခြင်းမပြုဘဲ အတည်ပြုရပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ပြည်ပချေးငွေသုံးစွဲသည့် ဌာနများသည် မိမိတို့ ရယူထားသည့်ချေးငွေ၏ စည်းကမ်းချက်များအပေါ်တွင် မူတည်၍ လည်းကောင်း၊ ထုတ်ယူသုံးစွဲသည့် ချေးငွေပမာဏအပေါ်တွင် မူတည်၍လည်းကောင်း၊ အရင်းအတိုးပေး ဆပ်မည့် အချိန်ဇယားများကို ရေးဆွဲပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဘတ်ဂျက်အချိန်မီ လျာထားခြင်း၊ အချိန်မီပေးဆပ်ခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ သက်ဆိုင်ရာဌာန/အဖွဲ့အစည်း၏ ချေးငွေရယူသည့် ရည်ရွယ်ချက်၊ သုံးစွဲသည့် လုပ်ငန်း/စီမံကိန်း အပေါ်တွင် မူတည်ပြီး ပြန်ရချက် (Rate of Return) ကို တွက်ချက်နိုင်သည့် စီးပွားရေးချေးငွေ (Commercial Loan) များရှိသကဲ့သို့ စီးပွားရေးအရ ပြန်ရချက်ကို တွက်ချက်နိုင်မှုမရှိသော စီးပွားရေးမဟုတ်သည့် ချေးငွေ (Non-Commercial Loan) တစ်နည်းအားဖြင့် ဖွံ့ဖြိုးမှုချေးငွေ (Development Loan) များလည်းရှိပါကြောင်း၊ ဥပမာအားဖြင့် ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအတွက် ပြန်လည်ထူထောင်ရေးစသည့်ဖြင့် ချေးငွေများနှင့် စီးပွားရေးချေးငွေများ ရယူသည့် ဌာန/အဖွဲ့အစည်းများသည် ရင်းနှီးမြုပ်နှံသည့် အချိန်ကာလနှင့် ပြန်ရချက်ကို တွက်ချက်ပြီး ချေးငွေပြန်လည်ပေးဆပ်ရန် စီမံချက်များကို ရေးဆွဲထားရပါကြောင်း၊

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ငွေတိုက်ဦးစီးဌာနဟုဖွင့်လှစ်ပြီး ပြည်တွင်း/ပြည်ပ ကြွေးမြီများကို စီမံခန့်ခွဲနိုင်ရန် ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ ၎င်းဌာနခွဲအနေဖြင့် နိုင်ငံတော်၏ အာမခံချက်ဖြင့် ရယူထားသည့် ပြည်ပချေးငွေများ အပေါ် ပြည်ပချေးငွေပေးအပ်သည့် မြီရှင် နိုင်ငံ/အဖွဲ့အစည်းအလိုက်၊ ချေးငွေသုံးစွဲသည့် ဌာန/အဖွဲ့အစည်း အလိုက် မှတ်တမ်းများ ထားရှိခြင်း၊ ချေးငွေတစ်ခုချင်းအလိုက် အရင်း/အတိုးပေးဆပ်ရမည့် အချိန်ဇယားများ ရေးဆွဲထားရှိခြင်း၊ ၎င်း အချိန်ဇယားများအပေါ်တွင် မူတည်၍ သက်ဆိုင်ရာဌာနများ၏ ဘတ်ဂျက်လျာထားမှု၊ ပြန်လည်ပေးဆပ်မှုတို့ကို ပေါင်းစပ်ညှိနှိုင်း ကြီးကြပ်ကွက်ကဲပေးခြင်း၊ ပြည်ပချေးငွေစာချုပ်များအတွက် ညှိနှိုင်းဆွေးနွေးပေးခြင်း၊ တိုးနှုန်းသက်သာမှုရှိ/မရှိ ဆန်းစစ်ပေးခြင်း၊ နိုင်ငံတော်၏ ပြည်ပကြွေးမြီ ခံနိုင်ရည်ရှိမှုအခြေအနေကို ဆန်းစစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ မကြာမီအချိန်က ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့ကြွေးမီ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာကိုလည်း ရေးဆွဲတင်ပြထားပြီးဖြစ်ပါကြောင်း၊ ၎င်းမဟာဗျူဟာတွင် ၃၁-၁၂-၂၀၁၅ ရက်နေ့ ကြွေးမြီ အခြေအနေများကို ဖော်ပြပါရှိပါကြောင်း၊

ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်းများသည် တစ်စုတစ်စည်းတည်းဖြစ်သည့် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရပါကြောင်း၊ ပြည်ပချေးငွေများအပါအဝင် ၎င်းတို့၏ ရငွေ များအားလုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းရပြီး ပြည်ပချေးငွေများ အပါအဝင် သုံးငွေများအားလုံးကိုလည်း ဘတ်ဂျက်လျာထားချက်နှင့်အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲမှ ထုတ်ယူ သုံးစွဲရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပေးဆပ်ရန်ကျန်ရှိသည့် ငွေများအတွက် အဓိကရရှိနိုင်မည့် အရင်းအမြစ် (Resources) များမှာ အဓိကရငွေများဖြစ်သည့် အခွန်အကောက်မှရငွေ၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများရငွေနှင့် အခြားရငွေများဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်၊