(ဃ)၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်ရန်ကုန်တိုင်းဒေသ ကြီးရန်ပုံ ငွေဖြင့်သန်လျင်မြို့နယ်အတွင်းစီမံကိန်း များတည်ဆောက်ရာတွင်နစ်နာသူတောင်သူလယ် သမားများကိုလယ်ယာမြေ နည်းဥပဒေအရ မြေ၊ သီးနှံနှင့်အဆောက်အအုံနစ်နာကြေးများပေးဆောင် ရန် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၁.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

win ko lattသန်လျင်မြို့နယ်သည် ရပ်ကွက်၊ ကျေးရွာပေါင်း ၄၈ ခု နှင့်ဖွဲ့စည်းထားသည့်မြို့နယ် ဖြစ်ပါကြောင်း၊ ကျေးရွာအားလုံးသည် ပဲခူးမြစ်ကမ်းဘေးတွင် တည်ရှိသော ရွာများဖြစ်ပါကြောင်း၊ ရပ်/ကျေး (၂၈)ခုသည် တောင်သူများအဖြစ် လယ်ယာစိုက်ပျိုးရေးမှ ရရှိသည့်ဝင်ငွေအပေါ်တွင် မှီခိုနေရပြီး ပဲခူးမြစ်ရေကြီးသည့် အခါ ကျေးရွာများနှင့် လယ်ဧက ရာပေါင်း များစွာသည်  နှစ်စဉ်မြစ်ရေကြီးသည့် ဒဏ်ကိုခံစားရပါကြောင်း၊ ထို့ကြောင့် ယခင်အစိုးရလက်ထက်တွင် မြစ်ရေထိန်းမည့်ကမ်းပတ်တာ တည်ဆောက်ရေးစီမံကိန်းကို ဆောင်ရွက်ခဲ့ ပါကြောင်း၊  ၎င်းစီမံကိန်းဆောင်ရွက်သည့်အခါတွင်  တောင်သူလယ်သမားများနှင့် လယ်ယာမြေအတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ နစ်နာကြေးများရရှိမည်ဟု မျှော်လင့်ကြပါကြောင်း၊ ၎င်းတာစီမံကိန်းသည် ၂၀၁၅-၁၆ တွင်အကောင်အထည်ဖော်ဆောင်ရွက်သည့်စီမံကိန်းဖြစ်သည့်အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပေါ်ပေါက်ပြီးနောက်ပိုင်းမှ  ဆောင်ရွက်သည့်စီမံကိန်းဖြစ်ခြင်းကြောင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေဖြင့် သန်လျင်မြို့နယ်အတွင်း လဟာယတ်ကမ်းပတ်တာ၊ ရွှေလှေ-ဖားကူးကမ်းပတ်တာ၊ သာယာကုန်း-ဒေဇာတ်ကမ်းပတ်တာ စီမံကိန်းများတည်ဆောက်ရာတွင် နိုင်ငံတော်က အသုံးပြုခဲ့သည့် လယ်ယာမြေများအတွက် နစ်နာသူတောင်သူလယ်သမားများကို လယ်ယာမြေနည်းဥပဒေအရ မြေ၊ သီးနှံနှင့် အဆောက်အအုံများနစ်နာကြေးပေးရန်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

u tun winရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်အတွင်း ပဲခူးမြစ်ရေဘေးကာကွယ်ရေး တာများဖြစ်သည့် တာသုံးတာကို ပြုပြင်ပေးရန် ဒေသခံပြည်သူများ၏ တင်ပြချက်အရ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါရေဘေးကာကွယ်ရေးတာများ ပြုပြင်ပေးခြင်းဖြင့် ကျေးရွာ ခြောက်ရွာမှ လယ်ယာမြေ ဧရိယာ ၇၀၀၀ ဧကခန့်အား ပဲခူးမြစ်ရေနစ်မြုပ်ခြင်းမှ ကာကွယ်ပေးနိုင်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြုပြင်ခြင်းလုပ်ငန်း မဆောင်ရွက်မီ ဒေသအတွင်း ကြိုတင်ကွင်းဆင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် သက်ဆိုင်ရာ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူလယ်သမားများအနေဖြင့် တာပြုပြင်ရာတွင် လိုအပ်သည့် ဖို့မြေယူရန်အတွက် မြေယာများကိုအသုံးပြုရန် သဘောတူညီခဲ့ခြင်း၊ မြေယာများအတွက် နစ်နာကြေးများကို တင်ပြတောင်းခံခဲ့မှုမရှိခြင်းတို့ကြောင့် ၎င်းမြေယာ နစ်နာကြေးများ အတွက် ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ ခဲ့ခြင်းမရှိသဖြင့် လက်ရှိအခြေအနေအရ နစ်နာကြေးပေးချေရန် အစီအစဉ်မရှိပါကြောင်းနှင့် မြေယာဥပဒေအရ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ယခုလိုနစ်နာမှုများရှိခဲ့ပါက နိုင်ငံတော်အနေဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ တွင် အဆိုပါနစ်နာကြေး များကို ထည့်သွင်းစဉ်းစား တွက်ချက်ပြီး နောက်နှစ်များတွင်ဆောင်ရွက်ပေးသွားရန် မိမိတို့အနေဖြင့် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။