(ဃ)-ဝိုင်းမော်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ သင်္ချိုင်းဟောင်းမြေနေရာကို နိုင်ငံတော်အစိုးရပိုင် မြေအဖြစ် ပြန်လည်သိမ်းယူရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဝိုင်းမော်မြို့နယ်အမှတ်(၄)ရပ်ကွက်အတွင်းရှိ တစ်ဦးတစ်ယောက်ပိုင်မြေအဖြစ် မတရားသိမ်းယူခဲ့သောသင်္ချိုင်းဟောင်းမြေနေရာသို့ နိုင်ငံတော်အစိုးရပိုင်မြေအဖြစ် ပြန်လည်သိမ်းယူပြီး မြို့နယ်ရှိ အများပြည်သူများအကျိုးရှိသော လုပ်ငန်းများဆောင်ရွက်ခွင့်ပြုနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်းဖြစ်ပါကြောင်း၊ ၎င်းမြေကွက်နှင့်ပတ်သက်ပြီး ပြည်သူများက မကြာခဏ တိုင်ကြားတင်ပြလျက်ရှိပါကြောင်း၊ အဆိုပါမြေကွက်သည်ဝိုင်းမော်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ကိုဖြတ်သန်းသွားသောမြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်သို့သွားသည့် ကားလမ်းမကြီး၏အရှေ့ဘက်တွင် တည်ရှိပါကြောင်း၊ ၎င်းမြေကွက်အကျယ်မှာ လက်ရှိတွင် ခုနစ်ဧကကျော်ခန့်ရှိကြောင်း၊ယခင်က ၎င်းမြေကွက်ကို နီးစပ်ရာ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သင်္ချိုင်းသုသာန်မြေအဖြစ် အသုံးပြုခဲ့သော မြေကွက်ဖြစ်ပါကြောင်း၊ ၎င်းသုသာန်သင်္ချိုင်းမြေကို နိုင်ငံတော်မှ အများပြည်သူ အတွက် အကျိုးရှိစေသော လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါကြောင်းဟုဆိုကာ ဝိုင်းမော်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌမှ ၉-၁၁-၂၀၀၉ ရက်နေ့ထုတ် စာအမှတ်၊ ၄/၁-၈/ဦး-၁(၇၆၉)ပါ အမိန့်အမှတ် (၂/၂၀၀၉)ကို ထုတ်ပြန်၍ အဆိုပါသင်္ချိုင်းမြေကို သိမ်းယူခဲ့ပါကြောင်း၊
ထိုသို့ အမိန့်ထုတ်ပြန်၍သိမ်းခဲ့သော မြေပေါ်တွင် ပုဂ္ဂလိကပိုင်မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းကို ဟန်ပြအဖြစ်လအနည်းငယ်လုပ်ကိုင်ကာ ရပ်နားသွားကြပြီးနောက် ယနေ့အထိ အများပြည်သူများ အတွက် လုပ်ဆောင်နေသောစီမံကိန်းများ၊ လုပ်ဆောင်ထားသောလုပ်ငန်းများ တစ်ခုမှမရှိသည့် အပြင် အဆိုပါမြေကွက်ကို ထိုအချိန်၌ လုပ်ပိုင်ခွင့်ရှိသူက မိမိတစ်ဦးတစ်ယောက်ပိုင်မြေအဖြစ် ဧရိယာအကျယ် ၄.၉၅ ဧကကို ဂရန်အမည်ပေါက်ယူပြီးနောက် အခြားသူတစ်ဦးကို လွှဲပြောင်း ပေးခဲ့သည်ကိုသိရှိရပါကြောင်း၊ ၎င်းမြေကိုသိမ်းခဲ့စဉ်က မြေအစားအဖြစ် ခါရှီးကျေးရွာရှိ နောင်စီပေါ အနောက်ကွင်း ကွင်းအမှတ် (၄၉/၁)တွင်ရှိသော မြေ ၃.၁ ဧကကို သင်္ချိုင်းမြေအဖြစ် အသုံးပြုကြရန် အစားထိုးပေးခဲ့သော်လည်း လက်တွေ့တွင်ပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် အသုံးပြု ခွင့်မရရှိခဲ့ကြောင်း၊ ၎င်းမြေကို အခြားတစ်ဦးတစ်ယောက်ကပိုင်ဆိုင်ထားသည်ကို သိရှိရပါကြောင်း၊ သိမ်းဆည်းစဉ်က ကတိပြုခဲ့သော စကားများ တစ်ခုမှ လုပ်ဆောင်ပေးခြင်း မရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ဒေသခံပြည်သူများက သင်္ချိုင်းမြေအဖြစ် အခြားနေရာကို မိမိတို့ အစီအစဉ်ဖြင့် ပြန်လည်ဝယ်ယူအသုံးပြုနေရကြောင်း၊
ယခုလို ပြည်သူများအသုံးပြုနေသော သင်္ချိုင်းသုသာန်မြေကို မိမိတစ်ဦးအတွက် လုပ်ပိုင်ခွင့်အာဏာကို တလွှဲသုံးပြီး ဥပဒေနှင့်မညီသည့်အပြင်သင်္ချိုင်းကိုပြောင်းရွှေ့စေပြီး ကိုယ်ကျိုးအတွက် တစ်ဦးတစ်ယောက်ပိုင်မြေအဖြစ် ပြောင်းလဲပြုလုပ်ယူကာ အခြားသူထံလွှဲပြောင်းရောင်းချလိုက်ခြင်းမှာမြေသိမ်းစဉ်ကဆိုခဲ့သောနိုင်ငံတော်မှအများပြည်သူအတွက် အကျိုးရှိစေသောလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပါကြောင်းဟူသော စကားနှင့် လုံးဝကွဲလွှဲနေပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများအနေဖြင့် အမှန်တကယ်မြို့နယ်အတွက်လိုအပ်သော၊ အများအတွက်အကျိုးရှိသောလုပ်ငန်းများဆောင်ရွက်လုပ်ကိုင်စေလိုသောကြောင့်ဝိုင်းမော်မြို့နယ်၊အမှတ်(၄)ရပ်ကွက်အတွင်းရှိသင်္ချိုင်းဟောင်းမြေနေရာကို နိုင်ငံတော် အစိုးရပိုင်မြေအဖြစ် ပြန်လည်သိမ်းယူရန် အစီအစဉ်ရှိ/မရှိ နှင့်မေးခွန်းမေးမြန်းပါသည်။
ဝိုင်းမော်မြို့၊ ယခင်မုတ်လွဲကျေးရွာ၊ ကွင်းအမှတ်(၃၈)၊ သာဂရကွင်းအတွင်းရှိ သုသာန်ဟောင်း မြေနေရာသည် ယခင်မြေလွတ်၊ မြေရိုင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၈၇-၂၀၀၁ ရက်စွဲပါစာဖြင့် မြို့၊ ရပ်ကွက်တိုးချဲ့မှုအရ အမှတ်(၄)ရပ်ကွက် ဧရိယာအတွင်းပါဝင်ခဲ့ကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ (၁-က)စာရင်းတွင် ယခင်ကဦးကြက်အင် မှ မူလပိုင်ဆိုင်ခဲ့ပြီး အဆင့်ဆင့်ရောင်းချရာ မုတ်လွဲကျေးရွာနေ ဦးဘင်းဗဟာဒူးက ဝယ်ယူ၍ ၁၉၆၈ ခုနှစ်တွင် မုတ်လွဲကျေးရွာရှိ ရှမ်း၊ ဗမာလူမျိုးများနှင့်ဂေါ်ရခါးလူမျိုးတို့၏ သုသာန်မြေအဖြစ် အသုံးပြုရန်အတွက်လှူဒါန်းခဲ့သဖြင့် သုသာန်မြေအဖြစ်စတင်အသုံးပြုခဲ့ကြောင်း၊ အဆိုပါ သုဿန်မြေနေရာဟောင်းသည်မြို့ဝင်/မြို့ထွက်နေရာဖြစ်နေခြင်း၊ ဗန်းမော်-မြစ်ကြီးနားကားလမ်းမကြီးနှင့် ကပ်လျက်တည်ရှိနေခြင်း၊ မြို့အင်္ဂါရပ်နှင့်လည်း မညီညွတ်ခြင်းတို့ကြောင့် အဆိုပါသုသာန်အား ၉-၁-၂၀၀၉ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကွင်းအမှတ်(၄၉/၁)၊ နောင်စီပေါ အနောက်ကွင်းသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ အဆိုပါသုသာန်မြေနေရာဟောင်းအား နောက်ပိုင်းတွင် ရွှေရတနာစိုး ကုမ္ပဏီလီမိတက်မှ သဘာဝမြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက်အကောင်အထည် ဖော်ခဲ့ပြီး ၃-၁-၂၀၁၀ ရက်နေ့တွင် ဦးအောင်မင်းဆိုသူက မြေပေးမိန့်ရယူကာ မြေစာရင်းပုံစံ (၁၀၅/၁၀၆) ရရှိခဲ့ပြီး မြေငှားဂရန်လျှောက်ထားခဲ့ရာတွင် ဦးအောင်မင်းအမည်ဖြင့် မြေဧရိယာ ၄.၉၂ ဧကအား ၂၈-၃-၂၀၁၁ ရက်နေ့မှ၂၇-၃-၂၀၄၁ ရက်နေ့အထိ နှစ် ၃၀ ဂရန်ထုတ် ပေးထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၏ ဦးပိုင်မှတ်ပုံတင် စာရင်း-၁(က)တွင် မှတ်သားထားသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
အဆိုပါမြေနေရာနှင့် ပတ်သက်ပြီး တစ်ဦးတစ်ယောက်ပိုင်စနစ်ဖြင့် ရောင်းချခြင်းအပေါ် အမှတ်(၄)ရပ်ကွက်နေ ပြည်သူများနှင့်မုတ်လွဲကျေးရွာအုပ်စု၊ ဆာဒေကျေးရွာနေပြည်သူများက ကန့်ကွက်ပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လိပ်မူ၍တင်ပြခဲ့သည့်အတွက် ကွင်းဆင်းစိစစ်ရေး အဖွဲ့ ဖွဲ့စည်း၍ စိစစ်ဆောင်ရွက်ခဲ့ရာတွင် ကွင်းဆင်းစိစစ်ရေးအဖွဲ့မှ တင်ပြပါအတိုင်း အကြံပြုတင်ပြ ခဲ့ပါကြောင်း၊ (၁) အဆိုပါတင်ပြစာနှင့်ပတ်သက်၍ လက်ရှိပိုင်ဆိုင်ရရှိထားသော ဦးအောင်ကျော်ထွန်း မှ အများပြည်သူ အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန် မုတ်လွဲကျေးရွာဒေသဖွံ့ဖြိုးရေး လုပ်ငန်း အတွက်ပံ့ပိုးထားသည့် ငွေကျပ်သိန်း ၄၅၀ အား ထိန်းသိမ်းထားသူများအနေဖြင့် အများပြည်သူ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများကို ပွင့်လင်းမြင်သာစွာချပြရှင်းလင်းစေရန်၊ (၂) ကန့်ကွက်တင်ပြသူများမှာ အဆိုပါမြေနှင့် သက်ဆိုင်ခြင်းမရှိသူ လူနည်းစုသာဖြစ်ပြီး သက်ဆိုင်သူ မုတ်လွဲကျေးရွာသူ၊ ကျေးရွာသားအများစုမှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံတင်ပြထားခြင်း၊ လက်ရှိဝယ်ယူနေထိုင်လျက်ရှိသူ ဦးအောင်ကျော်ထွန်းမှလည်း ၎င်းအနေဖြင့်အများပြည်သူ အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန် မုတ်လွဲကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ငွေကျပ်သိန်း ၄၅၀ ကူညီပံ့ပိုး ပေးထားပြီးဖြစ်သည့်အတွက် နှစ်ဦးသဘောတူ အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူထားမှုအား မြေနေရာပိုင်ဆိုင်မှုအတွက် သက်ဆိုင်ရာဌာနများသို့ ဥပဒေနှင့်အညီဆက်လက်၍ လျှောက်ထားဆောင်ရွက်စေရန် အကြံပြုတင်ပြခဲ့ကြောင်း၊
အဆိုပါ ကွင်းဆင်းစိစစ်ချက်အစီရင်ခံစာအား ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြခဲ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်ကြီးက အကြံပြုချက်အတိုင်းဆက်လက်ဆောင်ရွက်ရန် မှတ်ချက်ပြုညွှန်ကြားခဲ့သဖြင့် ညွှန်ကြားချက်အတိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိဝယ်ယူ နေထိုင်လျက်ရှိသူ ဦးအောင်ကျော်ထွန်းမှ ကူညီပံ့ပိုးပေးခဲ့သည့် ငွေကျပ်သိန်း ၄၅၀ ကို မုတ်လွဲသုဿန်ဖြစ်မြောက်ရေးကုမ္ပဏီမှ ကွန်ကရစ်လမ်း ခင်းရာတွင်အသုံးပြုခဲ့ပြီး သုသာန်အသစ်သုံးဧကကိုလည်း ဖော်ထုတ်ခဲ့ပြီး ဖြစ်ကြောင်း၊အဆိုပါ သုဿန်မြေနေရာဟောင်းအား ကွင်းဆင်းစိစစ်ရေးအဖွဲ့၏ ကွင်းဆင်းတိုင်းတာချက်အရ လက်ရှိမြေပြင်တွင် ခြံဝင်းခတ်ထားသည့် စုစုပေါင်းဧရိယာမှာ ၇.၁၇ ဧက ဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး နှစ်(၃၀)မြေငှားဂရန်ရရှိခဲ့သည့် မြေဧရိယာမှာ ၄.၉၂ ဧကသာဖြစ်သည့်အတွက် ပိုမိုရယူအသုံးပြုထားသည့် မြေဧရိယာ ၂.၂၅ ဧကကို လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့်အတိုင်း အများပြည်သူ အသုံးပြုနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးလဂန်ဇယ်ဂျုံး(ဝိုင်းမော်မဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၎င်းမြေ စသိမ်းသည့် အချိန်တွင် မည်သည့်အတွက်သိမ်းပြီး၊ နောက်အခြားတစ်ဦးကို ရောင်းလိုက်သည့်အတွက် ဝိုင်းမော်မြို့နယ်ရှိ ပြည်သူများကနီးစပ်ရာ လူမျိုးဘာသာပေါင်းစုံ အားလုံးကကန့်ကွက်ခဲ့ကြပါကြောင်း၊ ကန့်ကွက်သည့်အချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုမရှိသည့်အတွက် ပြည်သူများ လိုအပ်သလိုမဖြစ်ခဲ့ရပါကြောင်း၊ ထို့နောက် ၎င်းမြေကို ပြန်ဝယ်သည့်အခြားလူတစ်ဦးက လူအများကန့်ကွက်သည့် အတွက် ငွေကျပ်သိန်း ၄၅၀ ကို လူနည်းစုကိုသာပေးခြင်းဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီးဖြေသည်မှာပြောင်းပြန်ဖြစ်နေပါကြောင်း၊ လူနည်းစုကသာ လက်ခံပြီး လူအများစုက သဘောမတူကြပါကြောင်း၊ ထို့ကြောင့် အဆင်ပြေအောင် ၎င်းငွေကျပ်၄၅၀သိန်း ပေးခြင်းဖြစ်ပါကြောင်း၊ တစ်မျိုးပြော ရမည်ဆိုပါက ငွေကျပ်သိန်း ၄၅၀ကို ဝိုင်းမော်ကိုပြန်ပေး၍ အားလုံးပြန်ယူ၍ရနိုင်/မရနိုင်နှင့် မြေကွက်များကို မေးခွန်းပါသည့်အတိုင်း ပြန်ပြီးစွန့်လွှတ်ပေးမည်ဆိုသည့် အတွက် ဝိုင်းမော်အတွက် အကောင်အထည်ဖော်နိုင်အောင် တိတိကျကျ မည်သည့်အချိန်တွင်စွန့်လွှတ်ပေးနိုင်မည်ဆိုသည့်ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား မေးမြန်းပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
အများပြည်သူအသုံးပြုနေသည့်သုသာန်မြေကို ယခုကဲ့သို့ အသုံးပြုခဲ့သည့်အတွက် စိတ်မကောင်းပါကြောင်း၊ ယခင်ကာလကဖြစ်ခဲ့သည့်ကိစ္စဖြစ်ပါကြောင်း၊ ယခုအစိုးရမှ ပြန်လည်စိစစ်ပြီးဖြစ်ပါကြောင်း၊ သုသာန်မြေသည်အများပြည်သူအကျိုးငှာဖြစ်ပြီး ယခင်ကမြို့အပြင်တွင်ရှိပြီး နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာသည့်အခါ ဗန်းမော်-မြစ်ကြီးနားကားလမ်းမကြီး၏ ကပ်လျက်တည်ရှိနေပြီး မြို့ဝင်/ထွက် နေရာဖြစ်ပြီး မြို့အင်္ဂါရပ်ဖြစ်ရန်အတွက်သိမ်းဆည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်အတွက်သိမ်းဆည်းခြင်း၊ နောက်တစ်ခါ ပြန်ပြီး သိန်း ၄၅၀ ပေးအပ်ထားခြင်း ကို သက်ဆိုင်ရာကော်မတီအလိုက်ဖွဲ့ပြီး ပွင့်လင်းမြင်သာစွာြဖင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပိုမိုရယူထားသည့် မြေဧရိယာ၂.၂၅ ဧကကိုလည်း မိမိတို့ စွန့်လွှတ်ခိုင်းထားပြီးဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားဖြေရသည့် မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ညွှန်ကြားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။
