(ဂ)-ပြည်ပရောက်အလုပ်သမားများမှ ပြည်ပတွင်မွေးဖွားခဲ့သော ကလေးသူငယ်များကို အိမ်ထောင်စု လူဦးရေစာရင်းပုံစုံ(၆၆/၆)ထဲသို့ ဖြည့်သွင်းနိုင်ရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့(၂၇.၈.၂၀၂၀)

(ဂ)-ပြည်ပရောက်အလုပ်သမားများမှ ပြည်ပတွင်မွေးဖွားခဲ့သော ကလေးသူငယ်များကို အိမ်ထောင်စု လူဦးရေစာရင်းပုံစုံ(၆၆/၆)ထဲသို့ ဖြည့်သွင်းနိုင်ရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ် လုပ်ကိုင်နေသူများသည် အများအားဖြင့် အရွယ်ကောင်းလူငယ်များ ဖြစ်ကာ အချို့သည် အိမ်ထောင်သည်များဖြစ်ကြပြီး ဇနီးမောင်နှံနှစ်ဦးလုံး သွားရောက် အလုပ်လုပ်ကိုင်ကြရပါကြောင်း၊ မြန်မာနိုင်ငံသားဇနီးမောင်နှံနှစ်ဦးမှ ပြည်ပတွင် မွေးဖွား လာသော ကလေးများကို ၎င်းတို့၏ မိဘများရှိရာ မြန်မာနိုင်ငံသို့ နိုင်ငံခြားမွေး ကလေးများအား ပို့ဆောင်၍သော်လည်းကောင်း၊ ကလေးမွေးဖွားပြီးမိခင်နှင့်အတူသော်လည်းကောင်း ပြန်ရောက်လာခဲ့ကြပါကြောင်း၊ ထိုသို့ပြန်လည်ရောက်ရှိလာသောကလေးများအား မွေးရက်၊ မွေးလ အတိအကျနှင့် မွေးစာရင်းပြုလုပ်ရာတွင် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် မွေးဖွားသည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းထဲထည့်သွင်းရန် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပါကြောင်း၊ နံပါတ်(၁) သက်ဆိုင်ရာအုပ်စု ကျန်းမာရေးဝန်ထမ်းထံမှမွေးစာရင်းရရှိရန် အခက်အခဲ၊ နံပါတ်(၂) မွေးစာရင်းမရှိသည့်အတွက် အိမ်ထောင်စုဇယားထဲထည့်သွင်းရန် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ မွေးစာရင်းနှင့် ပတ်သက်ပြီး နိုင်ငံရပ်ခြားတွင် မွေးလာသောကလေးချင်းအတူတူ အချို့ကမွေးစာရင်း လွယ်ကူစွာရရှိပြီး အိမ်ထောင်စုဇယားထဲ အလွယ်တကူ ထည့်နိုင်သော်လည်း အချို့က မွေးစာရင်းလွယ်ကူစွာမရရှိဘဲ အခက်တွေ့နေကြပါကြောင်း၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အချက်အလက်များ စုံလင်စွာတင်ပြတောင်းခံထားသော်လည်း နှောင့်နှေးကြန့်ကြာခြင်းများရှိနေကြပြီး မူလတန်း ကျောင်းတက်ရန်အရွယ်အထိအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ပရောက်အလုပ်သမားများမှ ပြည်ပတွင်မွေးဖွားခဲ့သော ကလေးသူငယ်များကို အိမ်ထောင်စု လူဦးရေစာရင်းပုံစုံ(၆၆/၆)ထဲသို့ ဖြည့်သွင်းနိုင်ရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်
အဖြေ

နိုင်ငံတော်ပြင်ပမှာမွေးဖွားသည့်ကလေးများအတွက် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၁၀ နှင့် ပြဋ္ဌာန်းပေးထားပြီးဖြစ်ပါကြောင်း၊ ပုဒ်မ ၁၀ တွင် နိုင်ငံတော်ပြင်ပတွင်မွေးဖွားသည့် နိုင်ငံသားတစ်ဦးအတွက် ထိုသို့မွေးဖွားကြောင်းကိုမွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် အဖွဲ့အစည်းများသည် သတ်မှတ်နည်းလမ်းနှင့်အညီ မိဘ သို့မဟုတ် အုပ်ထိန်းသူ က မှတ်ပုံတင်ရမည်ဖြစ်ပါကြောင်း၊ ခြွင်းချက်အနေဖြင့် မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မှတ်ပုံမတင်နိုင်ခဲ့ပါက မိဘ သို့မဟုတ် အုပ်ထိန်းသူသည် ခိုင်လုံသည့်အကြောင်းပြချက်နှင့် မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ သတ်မှတ်အဖွဲ့အစည်းများမှတစ်ဆင့် ဗဟိုအဖွဲ့သို့လျှောက်ထားနိုင်ပါကြောင်း၊ မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် မြန်မာနိုင်ငံသားနှစ်ဦးမှ နိုင်ငံတော်ပြင်ပတွင်မွေးဖွားသည့် သမီးများအတွက် ကလေးမွေးဖွားကြောင်းမွေးစာရင်းနှင့်အတူ မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မိဘ သို့မဟုတ် အုပ်ထိန်းသူသည်မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန် ရုံးထံကိုအကြောင်းကြားရမည်ဖြစ်ပြီး သက်ဆိုင်ရာမြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးက နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားခြင်းမှတ်တမ်းပုံစံ နိုင်-၈ ကို ထုတ်ပေးထားရန် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားဥပဒေနှင့်လုပ်ထုံးလုပ်နည်းများအရ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသောကလေးများမွေးဖွားကြောင်းမှတ်ပုံတင်ခြင်းကို မြန်မာနိုင်ငံသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး များမှတစ်ဆင့် ပြည်ပရောက်မိဘများ လျှောက်ထားလာပါက ၎င်းတို့၏ နိုင်ငံသား မှတ်တမ်း များမှာ သားသမီးအမည်စာရင်းကို မှတ်တမ်းတင်ပေးပြီး အိမ်ထောင်စုလူဦးရေ စာရင်းအတွင်း အမည်စာရင်း ထည့်သွင်းခြင်းကိုမူ ကလေးကိုယ်တိုင်နှင့် မိဘနှစ်ပါး သို့မဟုတ် မိဘ တစ်ပါးပါးနှင့် မြန်မာပြည်တွင်းကို တရားဝင်ပြန်လည်ဝင်ရောက်ချိန်မှသာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတော်ပြင်ပတွင်ရောက်ရှိနေထိုင်ကြသည့် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသည့် သားသမီးများကိုလည်းကောင်း၊ မြန်မာနိုင်ငံသားမိဘတစ်ပါးနှင့် နိုင်ငံခြားသားမိဘတစ်ပါးတို့ကနေပြီး မွေးဖွားလာသည့်သားသမီးများကိုလည်းကောင်း၊ မြန်မာနိုင်ငံအတွင်း ကို ပြန်လည်ရောက်ရှိနေထိုင်ပါက မိဘ သို့မဟုတ် အုပ်ထိန်းသူမှ အိမ်ထောင်စု လူဦးရေစာရင်း အတွင်းကို အမည်စာရင်းဖြည့်သွင်းခွင့်ပြုရန် အိမ်ထောင်စုစာရင်းရှိရာ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနမှူး ရုံးများကို လျှောက်ထားလာပါက သက်ဆိုင်ရာအထောက်အထားများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းအထောက်အထားများမှာ အိမ်ထောင်ဦးစီး၏ လျှောက်လွှာ၊ မွေးဖွားကြောင်း အထောက် အထားလက်မှတ်(Birth Certificate)၊ နိုင်ငံသားမိဘနှစ်ပါး၏ နိုင်ငံကူးလက်မှတ်မိတ္တူ သို့မဟုတ် ကိုင်ဆောင်လက်မှတ်မိတ္တူ သို့မဟုတ် ဒုက္ခသည်စခန်းများမှ ဝင်ရောက်လာသူဖြစ်ပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(C of I)မူရင်းနှင့်မိတ္တူ၊ ကလေးက မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်(C of I)သို့မဟုတ် နိုင်ငံကူးလက်မှတ်မိတ္တူ၊ နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားခြင်းမှတ်တမ်းပုံစံ(နိုင်-၈) သို့မဟုတ် သက်ဆိုင်ရာမြန်မာသံရုံး၏ ထောက်ခံချက် သို့မဟုတ် ဒုက္ခသည်စခန်းများမှထုတ်ပေးသည့် အထောက်အထားလက်မှတ်၊ ကလေး သည် အခြား နိုင်ငံသားအဖြစ်ခံယူထားခြင်းမရှိကြောင်း မိဘများ၏ ကျမ်းကျိန်ချက် သို့မဟုတ် ထွက်ဆိုချက်၊ အသိသက်သေနှစ်ဦး၏ ထွက်ဆိုချက်၊ ကလေးအမည်ထည့်သွင်းမည့် မိဘ/အုပ် ထိန်းသူ၏ အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ၊ မိဘနှစ်ပါး၏ လက်ထပ်စာချုပ်မိတ္တူ သို့မဟုတ် ကျမ်းကျိန်ချက်၊ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့နှင့် တင်ပြလာမည်ဆိုပါက အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထက်ပါအချက်များဖြင့် ဆောင်ရွက်ပြုစုထားသည့် အမှုတွဲတစ်ခုချင်းအလိုက် သက်ဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှတစ်ဆင့် ဦးစီးဌာန(ရုံးချုပ်)ကိုတင်ပြပြီး အိမ်ထောင်စုလူဦးရေစာရင်းအတွင်းကို အမည်ဖြည့်သွင်းခွင့် ခွင့်ပြုမိန့် စိစစ်ပြီး လျင်မြန်စွာချမှတ်ပေးလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများတွင် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားအချင်းချင်း လက်ထပ်ပေါင်းသင်းရာမှ မွေးဖွားလာသည့် ကလေးများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော်အစိုးရမှ ဥပ‌ဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလားတူပင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံပြည်ပရောက် မြန်မာ အလုပ်သမားများမှ မြန်မာနိုင်ငံသား အချင်းချင်း လက်ထပ်ပေါင်းသင်းရာမှ ပြည်ပမှာမွေးဖွားခဲ့သည့် ကလေးများကို အိမ်ထောင်စုလူဦးရေ စာရင်းမှာဖြည့်သွင်းရေးအတွက် မြန်မာနိုင်ငံသားဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားပါသည်။

ဒေါ်ခင်သန်းနု(မင်းတုန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ချမှတ်ထားသည့် အချက်အလက်များကို စုံလင်စွာဖြည့်ဆည်းပေးထားသော်လည်း ၄ လ၊ ၅ လ၊ ၆ လခန့်မှစရောက်လာသည့် ကလေးသည် ကျောင်းနေရမည့် အရွယ်ရောက်သည်အထိ(၆၆/၆)ထဲသို့ ထည့်၍မရသေးသည့် အချက်များကိုတွေ့ရပါကြောင်း၊ နိုင်ငံတော်အစိုးရသည် အစိုးရ၏ မူဝါဒများမည်မျှကောင်းကောင်းအစိုးရကိုထိန်းကျောင်းမည့် ဝန်ကြီ းဌာနများ၊ ဝန်ကြီးဌာနများကို အထောက်အကူပြုည့် ဦးစီးဌာနများ၊ ဦးစီးဌာနထဲမှ ဝန်ထမ်းများအားလုံး ကောင်းမှသာလျှင် ပြည်သူကရှိလို့ရှိမှန်းတောင်မသိရသည့် အစိုးရဆိုတာမျိုးကိုရမည်ဖြစ်ပါကြောင်း၊ ယခု အစိုးရ၏မူဝါဒများ ကောင်းပင်ကောင်းသော်ငြားလည်း အောက်က ဝန်ထမ်းအားလုံး၏ လုပ်ဆောင်ချက်များ မကောင်းသည့်အတွက် ပြည်သူများ အခက်အခဲနှင့်ကြုံနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်မည်သို့ဆက်လက် ဆောင်ရွက်နိုင်မည်ကိုလည်းကောင်း၊ ထပ်မံဖြေလျှော့ရန် အစီအစဉ်ရှိ၊ မရှိကိုလည်း သိလိုပါကြောင်း မေးမြန်းပါ သည်။

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်

နိုင်ငံခြားဆေးရုံတွင် မွေးလာသည့် Birth Certificate တစ်ခုဖြင့် မိမိတို့ဆီတွင် အိမ်ထောင်စု စာရင်းထည့်၍ မရပါကြောင်း၊ သံရုံးကိုသတင်းပို့မှသာ သံရုံးက နိုင်-၈ ပုံစံထုတ်ပေးမည်ဖြစ်ကာ အဓိကအနေဖြင့် နိုင်-၈ ပုံစံလိုအပ်ပါကြောင်း၊ အကယ်၍ နိုင်-၈ ပုံစံမပါရှိပါက သံရုံး၏ ထောက်ခံ ချက်ပါရှိလျှင် ရပါကြောင်း၊ သတ်မှတ်ထားသည့် ကိုးချက်ကို အထောက်အထား ပြည့်ပြည့်စုံစုံနှင့် လုပ်မည်ဆိုပါက အလွန်ဆုံးကြာမြင့်လျှင် ငါးလ အတွင်းရရှိမည်ဖြစ်ပါကြောင်း၊ ငါးလအတွင်းရမည်ဟုဆိုခြင်းသည် တချို့ကတစ်နှစ်အတွင်း သံရုံးကိုသတင်းမပို့ဘဲ တစ်နှစ်ကျော်မှ သတင်း ပို့သည့်အခါ သက်ဆိုင်ရာသံရုံးသည် ဝန်ကြီးဌာနမှတစ်ဆင့် ဗဟိုအဖွဲ့သို့  လျှောက်ထားခွင့်ပြုချက်ယူရပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ဗဟိုအဖွဲ့ဆိုသည်မှာ ဥက္ကဋ္ဌသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးများသည်  အဖွဲ့ဝင်ဖြစ်ပါကြောင်း၊ ဥက္ကဋ္ဌကတာဝန်ပေးအပ်ထားသည့်သူက အတွင်းရေးမှူး ဖြစ်ပြီး ယခုအခါ အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါကြောင်း၊ တစ်နှစ်ကျော်ပြီးမှ သံရုံးကို သတင်းပို့ပါက သံရုံးမှ ချွင်းချက်အနေဖြင့် ဗဟိုအဖွဲ့ကိုဆက်လက်တင်ပြပြီး အဆိုပါကလေးကို သက်ဆိုင်ရာသံရုံးမှနိုင်-၈ ပုံစံ ထုတ်ပေးနိုင်ပါကြောင်း၊ အဆိုပါသံရုံးက နိုင်-၈ ပုံစံထုတ်ပေးပြီး သတ်မှတ်ထားသည့် အထောက်အထားကိုးချက်နှင့် တင်ပြလာမည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးရုံး၊ တိုင်းဦးစီးမှူးရုံးမှ ဝန်ကြီးဌာနရုံးချုပ်သို့ တင်ပြကာအဆင့်ဆင့် စိစစ်တင်ပြစစ်ဆေးရပါကြောင်း၊ နိုင်ငံသားဖြစ်မှုဆိုသည်မှာနိုင်ငံတော်၏လုံခြုံရေးနှင့် အချုပ်အခြာအာဏာနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းကြောင့် စနစ်တကျစစ်ဆေးပြီးမှသာ စိစစ်ထုတ်ပေးလျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင်ပါရှိသော အထောက်အထားမပါလျှင်ပိုမြန်ပြီး၊ အထောက်အထားပါသူကကြာသည့်ကိစ္စများကို တစ်ခုချင်းစီအလိုက် မိမိတို့ဆီသို့ ပေးပို့ပေးမည်ဆိုပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။