(စ)-လက်ရှိပြည်ထဲရေးအမည်ပေါက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အပါအဝင် ကျေးရွာ ၁၆ ရွာရှိ ဒေသခံပြည်သူများ၏ သဘောဆန္ဒနှင့်အညီ ဒေသအသုံးအနှုန်းအတိုင်း ကျေးရွာအမည်မှန် ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ လက်ရှိ ပြည်ထောင်စုအမည်ပေါက်စာရင်းထဲတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအပါအဝင် ကျေးရွာ ၁၆ ရွာအား ဒေသခံပြည်သူများ၏ သဘောဆန္ဒနှင့်အညီ ဒေသအခေါ်အဝေါ် အသုံးအနှုန်း အတိုင်း ကျေးရွာအမည်မှန် ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်နှင့်စပ်လျဉ်းပြီး သိရှိလိုပါ၍ မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နာဂလူမျိုးများသည် မိမိတို့၏နယ်မြေ၊ ရေမြေ၊ တော၊ တောင်နှင့် ကျေးရွာအမည်များကို ဘိုးစဉ်ဘောင်ဆက် မိမိတို့မျိုးနွယ်စုများ၏ အမည်နာမကို အစွဲပြု ပြီး ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်မှာ ယနေ့အချိန်အထိဖြစ်ပါကြောင်း၊ ၎င်းတို့သည် မိမိတို့ အမြတ်တနိုးတန်ဖိုးထားရသည့် တိုင်းရင်းသားလူမျိုးများအတွက် ထင်ရှားသောကိုယ်ပိုင်လက္ခဏာ အမှတ်အသားတစ်ခုဖြစ်သလို လေးနက်သည့်အဓိပ္ပာယ်များလည်း ပါရှိပါကြောင်း၊ ကမ္ဘာတည်နေသရွေ့ မိမိတို့ မျိုးနွယ်စုများ တန်ဖိုးထားရသော အမည်နာမ၊ အခေါ်အဝေါ်၊ အသုံးအစွဲများသည် မိမိတို့ လူမျိုးများကြားတွင် တည်ရှိတည်မြဲနေမည်ဖြစ်ပါကြောင်း၊ သို့သော် ယခင်အာဏာရှင် အစိုးရလက်ထက်၌ နန်းယွန်းမြို့နယ်တွင် ရှိသည့်ကျေးရွာအချို့မှ ဒေသခံမျိုးနွယ်စုများ၏ သဘောထားဆန္ဒမပါဘဲ ယခင် ပြည်ထဲရေးအမည်ပေါက်စာရင်းထဲတွင် ကျေးရွာအမည်များကို မှားယွင်းစွာ ထည့်သွင်းသတ်မှတ်ခဲ့ပြီး လက်ရှိအချိန်အထိ အသုံးပြုလျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြင်ဆင်ပေးနိုင်ရေးတင်ပြပြောဆိုရန် အဆင်မပြေခဲ့သောကြောင့် ယနေ့အထိ အမည်မှန်ကို အသုံးပြုခွင့်မရခဲ့ပါကြောင်း၊ ယနေ့ပြည်သူ့အစိုးရလက်ထက် လွှတ်တော်၏ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေဖြင့်တင်ပြရခြင်းဖြစ်ပါကြောင်း၊ ယနေ့မိမိမေးခွန်းထဲတွင် ဆက်သွယ်သွားလာရေးအခက်အခဲ ကြောင့် ကျေးရွာအချို့၏အမည်စာရင်း ပါမလာသည်လည်းရှိပါကြောင်း၊ ယခု ကျေးရွာများနှင့်ပတ်သက်၍ မြို့နယ်အဆင့်အနေဖြင့် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပြီး ဒေသခံများ၏သဘောထားဆန္ဒများကို ခံယူခဲ့ပြီးဖြစ်ပါကြောင်း၊ ပြင်ဆင်သတ်မှတ်ပေးစေလိုသည့် ကျေးရွာအမည်များကို မေးခွန်းနှင့်အတူ ပူးတွဲဇယားပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးမြန်းလိုသည်မှာ လက်ရှိအမည်ပေါက် ပန်ဆောင်မြို့အောက်ရပ်ကွက်အား မူလအမည်ဖြစ်သည့် နီဟိရပ်ကွက်အဖြစ်လည်းကောင်း၊ ဟရှိတ်မျိုးနွယ်စုများဖြစ်သည့် လက်ရှိ ပြည်ထောင်စုအမည်ပေါက်စာရင်းမှာဟရှိတ်နုတ်ညို၊ လုံခတ်၊ ဟရှိတ်ဖော်စွန်၊ ဟရှိတ်လုံးခေါ် ဟရှိတ်လုံကူး၊ ဟရှိတ်လုံဘိုး၊ ရှားမီးကျေးရွာများကို မူလအမည်မှန်ဖြစ်သည့် အောလော်ဟကျိပ် နုတ်ညိုကျေးရွာ၊ အောလော်လုံကဲကျေးရွာ၊ အောလော်ဖောင်ရှောမ်ကျေးရွာ၊ အောလော်လုံခေါ် ကျေးရွာ၊ အောလော်လုံကူကျေးရွာ၊ အောလော်လုံဗူကျေေးရွာ၊ အောလော်တူညိုကျေးရွာများ အဖြစ် လည်းကောင်း၊ ကဲဆန်မျိုးနွယ်စုများ၏ ကျေးရွာများဖြစ်သော လက်ရှိအမည်ပေါက် ကဲဆန်ဘေက် လွမ်း၊ ကဲဆန်ဆာလင်၊ ကဲဆန်နုတ်ညို၊ ကဲဆန်လုံကျန်း၊ ကဲဆန်ကားလံကျေးရွာများကို မူလ အမည်မှန်ဖြစ်သည့် ကိုင်းဆန်ဘောက်လုမ်၊ ကိုင်းဆန်ကျန်းလန်း၊ ကိုင်းဆန်နုတ်နု၊ ကိုင်းဆန် လုန့်ကျန်၊ ကိုင်းဆန်လမ်းကျန်းကျေးရွာများအဖြစ် လည်းကောင်း၊ ဂရဲ့မျိုးနွယ်စုများနေထိုင်သည့် ယခုလက်ရှိ အမည်ပေါက် ကကြီးချမ်းမြူးကျေးရွာအား မူလအမည်မှန်ဖြစ်သည့် ဂရဲချမ်းဖူးကျေးရွာ အဖြစ်လည်းကောင်း ဒေသခံပြည်သူများ၏သဘောဆန္ဒအတိုင်းပြင်ဆင်သတ်မှတ်ပေးရန် အစီ အစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ မူလကဲဆန် ဘောက်လွန်း၊ ကဲဆန်ဆာလင်၊ ကဲဆန်လောင်ကျန် ကျေးရွာအုပ်စု သုံးအုပ်စုနှင့် ကျေးရွာ ငါးရွာတို့သည် ကိုင်းဆန်မျိုးနွယ်စုများဖြစ်သည့် အဘိုး(ကိုင်း)နှင့် အဘွား(ဆန်)ကို အမည်ပြုပြီး ဆင်းသက်လာပုံအရ ယခင်ဒေသအတွင်း ကိုင်းဆန်ကျေးရွာဟု ခေါ်ဝေါ်သုံးစွဲလျက်ရှိရာမှ ကဲဆန်ကျေးရွာဟု မှားယွင်းသုံးစွဲခဲ့ခြင်းအား ပြင်ဆင်ပြောင်းလဲအတည်ပြုပေးရန်နှင့် ကိုင်းဆန်ယွမ်ကျိန့်ကျေးရွာအား တရားဝင်အမည်ပေါက် ဆောင်ရွက်ပေးရန် ၂၀-၇-၂၀၁၉ ရက်စွဲပါစာဖြင့် စော်ဘွားနှစ်ဦး၊ ရပ်မိရပ်ဖ လေးဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ လက်မှတ်ရေးထိုး၍ ကျေးရွာအမည်များ ပြင်ဆင်ပြောင်းလဲပေးရန် တင်ပြလာခဲ့ကြောင်း၊ အဆိုပါတင်ပြလာသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်ယူ၍ ပေါင်းစပ်ညှိနှိုင်းပြီး အမှုတွဲတည်ဆောက်တင်ပြနိုင်ရေး ဆောင်ရွက်ရန် နာဂဒေသ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၁၉-၇-၂၀၁၉ ရက်စွဲပါစာဖြင့် အကြောင်းကြားထားရှိပြီးဖြစ်ပါကြောင်း၊
ထို့အပြင် နန်းယွန်းမြို့နယ်၊ မူလ ဟရှိတ်နောက်ညူကျေးရွာအုပ်စုအတွင်း ကျေးရွာလေးရွာနှင့် ကော်လန်းကျေးရွာအုပ်စု၊ လောင်ခပ်ကျေးရွာ၊ ချမ္မကောက်ဆန်ရီကျေးရွာအုပ်စု၊ ရှာမီး(ဆွန်ရော) ကျေးရွာ၊ ဟဟောင်ကျေးရွာအုပ်စု၊ လောင်ပုကျေးရွာတို့အား အောလော်အမည်ဖြင့် အစားထိုးအမည် ပြင်ဆင်ခြင်း၊ မိမိတို့ ဆင်းသက်ရာအမည်မှန်များကို အစားထိုးအမည် ပြင်ဆင်သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးပါရန် ရပ်မိရပ်ဖ ၂၀ ဦးမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလေးဦးတို့၏ ထောက်ခံတင်ပြချက်များနှင့်အတူ ကျေးရွာအမည်များအတိုင်း ပြင်ဆင်ပေးပါရန် တင်ပြလာသဖြင့် မြို့နယ်အုပ်ချုပ်ရေး မှူးရုံးကို လာရောက်၍ ညှိနှိုင်းဆောင်ရွက်ပြီး အမှုတွဲတည်ဆောက်ပြုစုတင်ပြနိုင်ရေးဆောင်ရွက်ရန် နာဂဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြောင်းကြားထားရှိခဲ့ပြီးဖြစ်ပါကြောင်း၊
နန်းယွန်းမြို့နယ်၊ ကကြီးချန်မြူကျေးရွာအုပ်စု၊ ကကြီးချန်မြူကျေးရွာအား “ဂ”၏မျိုးနွယ်စုများ နေထိုင်သည့်ကျေးရွာဖြစ်သဖြင့် “ဂ”၏ကျေးရွာ အုပ်စု၊ “ဂ”၏ကျေးရွာအဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ် အသုံးပြုခွင့်ပြုပါရန် တင်ပြလာမှုအပေါ် ကျေးရွာအမည်ပြောင်းလဲနိုင်ရေးအတွက် နာဂဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၁၇-၉-၂၀၁၉ ရက်စွဲပါစာဖြင့် လာရောက်တွေ့ဆုံညှိနှိုင်း၍ အမှုတွဲတည်ဆောက်တင်ပြနိုင်ရေး ညွှန်ကြားထားပြီးဖြစ်သည်ကိုတင်ပြပါကြောင်း၊ သို့ဖြစ်ပါ၍ နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု၊ ကျေးရွာများ၏အမည်ကို ဒေသအသုံးအနှုန်းအတိုင်း အမည်မှန် ပြင်ဆင်သတ်မှတ်ပေးနိုင်ရေး တင်ပြလာသည့်ကျေးရွာအုပ်စု ရှစ်အုပ်စု၊ ကျေးရွာ ၁၄ ရွာ အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ ပြောင်းလဲပြင်ဆင်နိုင်ရေးအတွက် အမှုတွဲပြုစု တင်ပြနိုင်ရန် အသေးစိတ်အချက်အလက်များ သိရှိနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် အကြောင်းကြားထားပြီးဖြစ်ပါကြောင်းနှင့် ကျန်ရပ်ကွက်၊ ကျေးရွာနှစ်ခုကိုလည်း အမှုတွဲတင်ပြဆောင်ရွက်ရေး အကြောင်းကြားဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် အဆိုပါရပ်ကွက်၊ ကျေးရွာများမှ စော်ဘွားများ၊ ရပ်မိရပ်ဖများ၊ ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အသေးစိတ်အချက်အလက်များ ရရှိလာချိန်တွင် ရပ်ကွက်၊ ကျေးရွာများ အမည်ပြောင်းလဲပြင်ဆင်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲပြုစု၍တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
