(ည)-လူ၊ တိရစ္ဆာန်တို့၏ တစ်ခုတည်းသောကျန်းမာရေး(One Health)ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာ (National Strategic Plan) ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
ကျန်းမာရေးသည် အရေးကြီးသည့် လာဘ်တစ်ပါးဖြစ်ပါကြောင်း၊ Food Safety အာဟာရပြည့် ဘေးကင်းလုံခြုံသည့် အသား၊ နို့၊ ဥများကို စားနိုင်ရန် Food Security အစားအစာ အလုံ အလောက်ကိုလည်း လိုပါကြောင်း၊ လူသားတို့ ကျန်းမာရေးအတွက် ဆရာဝန်၊ သူနာပြုဆရာမတွေ သာမက ဆက်စပ်သူအားလုံးတွင် တာဝန်ရှိပါကြောင်း၊ ယခုဆိုလျှင် COVID-19 ရောဂါက ကမ္ဘာကြီး ကိုဖျားနာအောင်၊ လူသားများ သေကျေ ပျက်စီးအောင်၊ စီးပွားရေးပါလျော့နည်းကျဆင်းအောင် ဒုက္ခ ပေးနေသည်ကို လူတိုင်းသိရှိပါကြောင်း၊ အဆိုပါ ရောဂါဆိုးများသည် တိရစ္ဆာန်တွေကစပြီး ဖြစ်ပွား လာကြပြီး တိရစ္ဆာန်က လူကိုကူး၊ လူက တိရစ္ဆာန်ကိုကူးသည့်အတွက် Zoonoses ရောဂါများဟု ခေါ်ပါကြောင်း၊ လူတွင် ဖြစ်ပွားသည့်ရောဂါ၏ ၇၅ ရာခိုင်နှုန်းသည် တိရစ္ဆာန်များက ကူးစက်ခြင်း ဖြစ်ပါကြောင်း၊ လူတွင် ဖြစ်ပွားသည့် ရောဂါပိုး ၁၄၁၅ မျိုးတွင် ၆၁.၆ ရာခိုင်နှုန်းသည် တိရစ္ဆာန်များက အခြေခံဖြစ်ပါကြောင်း၊
ယင်းသို့ ကူးစက်လာရခြင်းမှာလည်း လူဦးရေများပြားလာပြီး တိရစ္ဆာန်များ နယ်ထဲကိုချဲ့ထွင် သည့်အတွက် တိရစ္ဆာန်များနှင့် အနေနီးခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းသည့်အတွက် ကမ္ဘာ အနှံ့အသားများ သယ်ပို့ခြင်း၊ တောရိုင်းတိရစ္ဆာန်ဈေးကွက်များ ရှိနေခြင်း၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်ဈေးများတွင် တိရစ္ဆာန်အရှင်ကောင်များကို ဈေးရောင်းဈေးဝယ်သူများကြားထဲ သယ်ယူရောင်းချခြင်းများကြောင့် ဖြစ်ပါကြောင်း၊ ဆန်းသစ်လာသည့် ရောဂါများကို ကြည့်မည်ဆိုပါက ဖြစ်လေ့ဖြစ်ထရှိသော ပထဝီနယ်မြေဒေသမှ နေရာအသစ်များတွင် ရောက်ရှိ ဖြစ်ပွားသည်လည်း တွေ့ရပါကြောင်း၊ ဖြစ်နေကြ လူ၊ တိရစ္ဆာန်များတွင် မဟုတ်ဘဲ တခြား အကောင်မျိုးများကို ကူးစက်ပြီးရောဂါဖြစ်ပါက ရောဂါပိုးများပိုမိုပြင်းထန်လာသကဲ့သို့ ပိုးမျိုးစိတ်၊ မျိုးကွဲများလည်း မယုံ ကြည်နိုင်လောက်အောင် ပွားများသွားနိုင်ပါကြောင်း၊ အန္တရာယ်သည် လွယ်ကူစွာပျံ့နှံ့သွားလာနိုင်သည့်အတွက် အထူးသတိထားရန် လိုအပ်ပါကြောင်း၊ ယခု COVID-19 ပိုးသည်လည်း Mutation ဖြစ်ပြီး D 614 မှ G 614 အဖြစ် (၁၀)ဆလောက်ကူးစက်မြန်ပိုးအဖြစ် ပြောင်းလာနေပါကြောင်း၊ ထို့အပြင် မသမာသူ အကြမ်းဖက်သမားများ၏ Bioweapon ဆိုသော အဏုဇီဝဖျက်ပိုးလက်နက် တီထွင်လိုမှုကြောင့် ဓာတ်ခွဲခန်းများတွင် ဖန်တီးထုတ်လုပ်နိုင်သည်ကို လည်း မေ့လျော့မထားသင့်ပါကြောင်း၊ ရောဂါပိုး၏ ပြင်းအားနှင့် ပိုးအသစ်အဆန်းများကို တိတိကျကျရှာဖွေဖော်ထုတ်နိုင်သည်မှာ ဓာတ်ခွဲခန်းများဖြစ်ပါကြောင်း၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက် လမ်း အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(NHL)ဓာတ်ခွဲဌာန၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်း၊ DMR ဟု ခေါ်သည့် ဆေးသုတေသနဦးစီးဌာန၊ တိရစ္ဆာန်ဆေးကုဓာတ်ခွဲခန်းများစသည် ဓာတ်ခွဲခန်းများလည်း နိုင်ငံတော်အဆင့်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
မမျှော်မှန်းနိုင်လောက်အောင် ကြောက်စရာကောင်းသည့် ရောဂါပိုးအသစ်အဆန်းနှင့် တစ်ကြော့ပြန် ဆန်းသစ်လာသော ရောဂါပိုးများ၏ အန္တရာယ်ကို တားဆီးကာကွယ်ရန် ရောဂါရှာဖွေရေး ဆရာဝန် ကြီးများ၊ တိရစ္ဆာန် ဆေးပညာရှင်များ၊ ဓာတ်ခွဲပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် များ၊ သုတေသန ပညာရှင်များ စသည့် သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ စုပေါင်းပြီး One Health National Strategic Plan နိုင်ငံတော်အဆင့် စီမံကိန်းချမှတ်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်မှ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် လူ၊ တိရစ္ဆာန်တို့၏ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ ပူးပေါင်းဆက်နွှယ်နေသည့် တစ်ခုတည်းသောကျန်းမာရေး(One Health) ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာ (National Strategic Plan) ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှပြဋ္ဌာန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဋ္ဌာန်းချက်(၂၀၀၅) [International Health Regulation-
မြန်မာနိုင်ငံတွင် လူ၊ တိရစ္ဆာန်၊ သား၊ ငါး၊ အပင်၊ သက်ရှိသက်မဲ့တို့၏ ကျန်းမာရေးပိုးမွှား အန္တရာယ် ကင်းစင်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက် ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က Food Safety ဆိုင်ရာ တာဝန်ယူ ဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေးဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ မိမိတို့ဌာန အလိုက်တာဝန်ရှိသည့် စိုက်ပျိုးရေးထွက်ကုန် အသား၊ နွားနို့၊ ဉ ထွက်ကုန်နှင့် ငါး၊ ပုဇွန် ရေထွက်ကုန်နှင့် အရည်အသွေး ကောင်းမွန်ရေးဘေးအန္တရာယ်ကင်းရေးတို့ကို ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများနှင့် မွေးမြူရေးနှင့် ကုသရေးလုပ်ငန်းများ ပူးပေါင်း ညှိနှိုင်းချိတ်ဆက်၍ ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာအမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲ (IRS- PVS National Bridging Workshop)ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့ပြီး Human Health and Animal Health ကဏ္ဍနှစ်ရပ်ကြား ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မည့် လမ်းပြမြေပုံ(Road Map) ရေးဆွဲရေးနှင့် လူနှင့်တိရစ္ဆာန်တို့ နှီးနွှယ်ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာများ ဆောင်ရွက် မည့်ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြ ပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့တစ်ဝန်းတွင် လက်ရှိကူးစက်ဖြစ်ပွားသော COVID-19 ရောဂါနှင့်ပတ်သက်၍လည်း ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်ပတ်သက်သည့်လုပ်ငန်းလမ်းညွှန်၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်၊ ရောဂါရှာဖွေ စစ်ဆေးရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်၊ ကုသရေးဆိုင်ရာလုပ်ငန်း လမ်းညွှန်များကို ပြုစုရေးဆွဲပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများသို့ ဖြန့်ဝေထားရှိကာ လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ ပဋိဇီဝ ဆေးယဉ်ပါးမှုပြဿနာ(Anti-Microbial Resistance) ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ဆိုင်ရာ ညှိနှိုင်းရေးဌာန (National Coordinating Center)မှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနတွင်တည်ရှိနေပြီး NCC ၏လက်အောက်တွင် နည်းပညာ ဆိုင်ရာလုပ်ငန်းအဖွဲ့(Technical Working Group) ငါးခုဖြစ်သော Awareness၊ Surveillance၊ Infection၊ Prevention and Control၊ Antimicrobial Usage and Research & Innovation တို့ကို ဖွဲ့စည်းထားပြီး ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ One Health Strategic Framework and Action Plan တွင် ပဋိဇီဝဆေး ယဉ်ပါးမှုပြဿနာထိန်းချုပ်ရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်ခွဲ ဆိုင်ရာဌာနများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်အောက်ရှိ တိရစ္ဆာန်ကျန်းမာ ရေးဆိုင်ရာ ဓာတ်ခွဲခန်းများအကြား ဓာတ်ခွဲကဏ္ဍဆိုင်ရာ တစ်ခုတည်းသော ကျန်းမာရေးချဉ်းကပ်မှု (One Health Approach)ဖြင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ ထည့်သွင်းရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်။ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း ဆိုင်ရာဌာနသည် One Health Priority Diseases များနှင့် ပတ်သက်၍ ရောဂါရှာဖွေစစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ (က) ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု အမျိုးသား တုပ်ကွေးရောဂါဌာနအနေဖြင့်လည်းကောင်း၊ (ခ) National Japanese Encephalitis Laboratory အနေဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် (ဂ) ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ ဓာတ်ခွဲနမူနာများကိုလည်း PCR နည်းဖြင့် ရှာဖွေ စစ်ဆေးခြင်း၊ (ဃ) အစာအဆိပ်သင့်ရောဂါဖြစ်စေ နိုင်သော ဘတ်တီးရီးယားရောဂါပိုးများကို ရှာဖွေ စစ်ဆေးခြင်း၊ (င) ဒေါင့်သန်ရောဂါဖြစ်စေနိုင်သော ဘတ်တီးရီးယားရောဂါပိုးမွှားများကို ရှာဖွေစစ်ဆေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းဌာနသည် Sub-National Japanese Encephalitis Laboratory အဖြစ်နှင့် ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ရောဂါဓာတ်ခွဲစစ်ဆေး ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနလက်အောက်ရှိ ဓာတ်ခွဲခန်းများတွင်လည်း တိရစ္ဆာန်များမှ ဖြစ်ပွားသော ခွေးရူးရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိ သည့် အပြင် ရေနှင့်ရေထွက်ပစ္စည်းများတွင် အနုဇီဝပိုးမွှားများ ပါဝင်မှုရှိ/မရှိကိုလည်း စစ်ဆေးပေး လျက် ရှိပါကြောင်း၊ COVID-19 ရောဂါရှာဖွေရေးအတွက် ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေးဌာနဓာတ်ခွဲမှုဆိုင်ရာ(NHL)၊ ဆေးသုတေသနဦးစီးဌာန(DMR)၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) တို့တွင် Real Time PCR နည်းဖြင့်လည်းကောင်း၊ ပြည်သူ့ဆေးရုံကြီး(စစ်တွေ)အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ် ၂၆ မြို့နယ်တွင် GeneXpert စက်ဖြင့်လည်းကောင်း စစ်ဆေး ပေးလျက်ရှိပါကြောင်း၊ မကြာမီ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (လားရှိုး)တို့ကို တိုးချဲ့ဖွင့်လှစ်ပြီး ရောဂါရှာဖွေရေးစိစစ်ရေးလုပ်ငန်း များကို ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသော PCR ဓာတ်ခွဲခန်းများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အရည်အသွေးစစ်ဆေးရေး စီမံချက်(External Quality Assessment Program - EQAP)တွင် ပါဝင်ကာ ဓာတ်ခွဲအရည်အသွေး စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ စွမ်းဆောင်ရည်မြှင့် တင်ခြင်း လုပ်ငန်းတွင် ဓာတ်ခွဲဝန်ထမ်းများကို Quality၊ Biosafety and Biosecurity အပါအဝင် အခြားစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ Laboratory Network Strengthening အနေဖြင့် နိုင်ငံတစ်ဝန်း ပြည်သူ့ ဆေးရုံကြီးများ ဓာတ်ခွဲခန်း များ၏သတင်းအချက်အလက်များ ပေးပို့မှုပုံစံကွန်ရက်ချိတ်ဆက်ခြင်း သင်တန်းပေးခြင်းဆိုင်ရာ လုပ်ငန်းများအပါအဝင် အခြားလုပ်ငန်းများလည်း ပါဝင်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။
