(ခ)-ထန်တလန်မြို့အတွက် ၆၆ကေဗွီဓာတ်အားလိုင်း စီမံကိန်းတည်ဆောက်ခြင်းသည် မည်သည့်အချိန်တွင်ပြီးစီးမည်ကို သိလိုခြင်းနှင့် မြို့နယ်အတွင်းရှိကျေးရွာများကိုပါ လျှပ်စစ်ဓာတ်အားလိုင်း ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့(၂၅.၈.၂၀၂၀)

(ခ)-ထန်တလန်မြို့အတွက် ၆၆ကေဗွီဓာတ်အားလိုင်း စီမံကိန်းတည်ဆောက်ခြင်းသည် မည်သည့်အချိန်တွင်ပြီးစီးမည်ကို သိလိုခြင်းနှင့် မြို့နယ်အတွင်းရှိကျေးရွာများကိုပါ လျှပ်စစ်ဓာတ်အားလိုင်း ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်သည် ရပ်ကွက် ၅ ခု၊ အုပ်စု ၃၆ ခု၊ ကျေးရွာပေါင်း ၈၆ ရွာရှိ၍ လူဦးရေအားဖြင့် ၅၅,၀၀၀ ဦးကျော်ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ထန်တလန် မြို့နယ်သည် အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် တစ်မြို့နယ်လုံး နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိရွာတိုင်းတွင် လျှပ်စစ်မီးလင်းပြီး၊ ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မီးမလင်းနိုင်သေးပါသဖြင့် တစ်ဖက်နိုင်ငံမှ အထင်သေးခြင်းမခံရအောင်နှင့် မိမိတို့ဘဝ လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် လိုအပ်လျက်ရှိသောလျှပ်စစ်မီးကို အထူးဆောင်ရွက်ပေးရန် လိုအပ်နေသည်ကို ဒေသခံပြည်သူလူထုမှ တင်ပြလာကြပါကြောင်း၊

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဟားခါးမြို့မှ ထန်တလန်မြို့ထိ ၁၁ ကေဗွီဖြင့် ထန်တလန်မြို့တွင်း ၁၁ ကေဗွီဓာတ်အားဖြန့်ဖြူးရေးအတွက် ၇၄၄.၂၉၉ သန်းရန်ပုံငွေဖြင့် တည်ထောင်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် ထန်တလန်မြို့ပေါ်သည် လျှပ်စစ်မီးသုံးစွဲနေရပြီဖြစ်ပါသဖြင့် ပြည်သူများဝမ်းသာပီတီ ဖြစ်နေကြပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဟားခါးရုံးခွဲမှ ထန်တလန်မြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ၁၄.၅ မိုင် တည်ဆောက်ရန်အတွက် ရန်ပုံငွေကျပ် ၁,၁၄၀.၆၇၆ သန်းခွဲဝေချ ထားပြီးလုပ်ငန်း စတင်နေပြီဖြစ်ပါကြောင်း၊ ထန်တလန်မြို့နယ်၏ ပထဝီအနေအထားသည် ထန်တလန်မြို့ကိုဗဟိုပြု၍ တောင်ကြောရှစ်ခုဖြင့် ဖွဲ့စည်းထားရာ ၎င်းတောင်ကြောအလိုက်‌ ကျေးရွာ များသို့ ဆက်သွယ်သည့်ကားလမ်းများ ဖောက်လုပ်ပြီးဖြစ်ပါကြောင်း၊ ကျေးရွာများသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးပါက ကျွမ်းကျင်သူများ၏ ညှိနှိုင်းချက်အရ အောက်ပါအတိုင်း သွယ်တန်း ပေးပါရန် တင်ပြလိုပါကြောင်း

(၁) ထန်တလန်မြို့မှ ကြောင်ထီးယားအုပ်စု၊ ဟရီဖီးအုပ်စု၊ ဇဲဖိုင်(က)အုပ်စု၊ တလန်ခွားအုပ်စု၊ ဘဲဟားရ်အုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်း၊(၂) ထန်တလန်မြို့မှ မှောင်တလန်အုပ်စု၊ လေတပ်(ခ) လမ်းခွဲမှ ခွာဘုံအုပ်စု၊ လောင်တလန်အုပ်စု၊ ငါဖိုင်ပီးအုပ်စု၊ ငဖိုင်သဲအုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်း၊ (၃) ထန်တလန်မြို့မှ ထွာလမ်အုပ်စု၊ ဆလင်းအုပ်စု၊ သီကီးရ်အုပ်စု၊ လူလ်ပီးလုံအုပ်စု၊ ရှာလမ်းအုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်း၊ (၄) ထန်တလန်မြို့မှ ထွာလမ် လမ်းခွဲမှ ထန်ဇာရ်အုပ်စု၊ ထာအိုအုပ်စု၊ ဘုန်တလန်အုပ်စု၊ ဆိုင်ကအုပ်စုများသို့ ဆက်သွယ်သည့် လမ်းကြောင်း၊ (၅) ထန်တလန်မြို့မှ ဆိုပွမ်းလမ်းခွဲ၊ ထန်ဇာရ်အုပ်စု၊ လုံလဲရ်အုပ်စု၊ ဒေါန်အုပ်စု၊ ဇန်တလန်အုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်း၊ ထန်တလန်မြို့မှ ဆိုပွမ်းလမ်းခွဲ၊ ဗန်ဇန်း အုပ်စု၊ တလန်ပီးအုပ်စု၊ လုံဒိန်းအုပ်စုများသို့ ဆက်သွယ်သည့်လမ်း‌ကြောင်း၊ ထန်တလန်မြို့မှ ခွာဖိုး လမ်းခွဲ၊ လုံဇားရ်အုပ်စု၊ တလန်သဲအုပ်စု၊ တလန်ခွားအုပ်စု၊ သီခွန်းသွမ်းအုပ်စုများသို့ ဆက်သွယ်သည့် လမ်းကြောင်း၊ ကလေးမြို့မှ ခွာဟရန်းအုပ်စု၊ ထန်ဩအုပ်စု၊ ဖန်ထင်းအုပ်စု၊ ဆူရ်ငင်းအုပ်စု၊ အိုင်ဘူရ် အုပ်စု၊ လိုင်လင်းအုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်းများ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ထန်တလန်မြို့အတွက် ၆၆ ကေဗွီဓာတ်အားလိုင်းစီမံကိန်း တည်ဆောက်ပေးခြင်းကို မည်သည့်အချိန်တွင် ပြီးစီးနိုင်မည်ကို သိရှိလိုခြင်းနှင့် မြို့နယ်အတွင်းရှိကျေးရွာများကိုပါ ဓာတ်အား လိုင်းဖြန့်ဖြူးသွားရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် ‌ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၁၁ ကေဗွီဓာတ်အားလိုင်းဖြင့် လျှပ်စစ်မီးအလင်းပေးခဲ့ပါကြောင်း၊ ထန်တလန်မြို့မှ ရှေ့သို့ဆက်၍ မြို့များမီးလင်းရန်မှာ ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ဆက်သွယ်ရမည်ဖြစ်သည့်အတွက် ဟားခါးမြို့မှ ထန်တလန်မြို့သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊  ထန်တလန်မြို့တွင် ၆၆/၃၃ ကေဗွီ(၃၀)အမ်ဗွီ အေ ခွဲရုံတစ်ရုံ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊  ထန်တလန်မြို့ပေါ်တွင် ၆၆/၁၁ ကေဗွီ(၅)အမ်ဗွီ အေခွဲရုံ ပစ္စည်းများနှင့် Control ခန်းအဆောက်အဦပစ္စည်းများကို ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၉-၂၀ ဘတ်ဂျတ်ဖြင့် အပြီးတည်ဆောက်နေပါကြောင်း၊ ဟားခါးမြို့မှ ထန်တလန်မြို့သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၄၅ မိုင်တည်ဆောက်ခြင်းကို ၂၀၂၀-၂၁ ခုနှစ်အတွင်းအပြီး တည်ဆောက် မည်ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက တလန်ခွားကျေးရွာအုပ်စုနှင့် တလန်သဲ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလေးရွာအား တိုးချဲ့ဓာတ်အားပေးနိုင် မည်ဖြစ်ပါကြောင်း ထန်တလန်ခွဲရုံတွင် ၆၆/၃၃ ကေဗွီ  (၃၀)အမ်ဗွီအေထရန် စဖော်မာနှင့် ဆက်စပ်ဖီဒါများ တည် ဆောက်ခြင်းကို  ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ရန် လျာထားပါကြောင်း၊

ထို့နောက် ထန်တလန်မြို့မှ နှာရိန်မြို့သို့ ၃၃ ကေဗွီဓာတ်အားလိုင်း ၃၈ မိုင်အရှည်နှင့် နှာရိန်မြို့တွင် ၃၃/၁၁ ကေဗွီ၊(၅)အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ရန် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှလျာထား၍ တည်ဆောက်မည် ဖြစ်ပါကြောင်း၊ အဆိုပါခွဲရုံမှတစ်ဆင့် နှာရိန်မြို့မှ ခွာဟရန်း၊ ထန်ဩ၊ ဖန်ထင်း၊ ဆူရ်ငင်း၊ ဟရင်းပီးနှင့် ဆာတဲကျေးရွာအုပ်စုများကို ကျေးရွာပေါင်း ၁၀ ရွာသည် လျှပ်စစ်မီး အလင်းရမည်ဖြစ်ပါကြောင်း၊ ကြောင်ထီးယားနှင့် ဟရိန်ခန်းရွာ ကို ၃၃ ကေဗွီဓာတ်အားလိုင်း နှစ်လိုင်းနှင့် ၃၃/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေခွဲရုံနှစ်ရုံ တည်ဆောက်ခြင်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လျာထားတည်ဆောက်ပေးမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ပြီးပါက ကြောင်ထီး ယား၊ ဟရီဖီး၊ အိုင်ဘူရ်၊ မှောင်တလန်၊ ဘွန်လုံးနှင့်ဒေါင်ဗား ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၁၃ ရွာသို့ လည်းကောင်း၊ ဟရိန်ခန်း၊ ထာအို၊ ဘုန်တလန်၊ ထွာလမ်၊ ဆလင်း၊ သီကိရ်၊ ရှာလမ်း ကျေးရွာ အုပ်စုများရှိ ကျေးရွာပေါင်း ၁၂ ရွာ ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင် မည်ဖြစ်ပါကြောင်း၊

ဝေါင်သူးနှင့် ပတ်ဝန်ကျင်းရှိ ဘဲလ်ဟားရ်၊ လူလ်ပီးလုံနှင့် ဇဲဖိုင်ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာ ၁၄ ရွာကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရန် ကြောင်ထီးယားမှ ဝေါင်သူးသို့ ၃၃ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ငဖိုင်သဲ၊ လိုင်လင်းနှင့် ငဖိုင်ပီး ကျေးရွာအုပ်စု ၁၁ ရွာကို လျှပ်စစ်မီး ဓာတ်အားဖြန့်ဖြူးပေးရန်သည် နှာရိန်မှ ငဖိုင်သဲသို့ ၃၃ ကေဗွီဓာတ်အားလိုင်းနှင့် ခွဲရုံတို့ တည်ဆောက်ပေးရပါမည်ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၆ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ တောင်းခံတည်ဆောက်ပေးမည်ဖြစ်ပါကြောင်း၊ ဖာရွန်းနှင့် အနီးဝန်းကျင်ရှိ လုံဒိန်း၊ သီခွန်သွမ်း၊ တလန်ခွား၊ တလန်ပီးနှင့် ဗန်ဇန်းကျေးရွာအုပ်စုများရှိ ‌ကျေးရွာ ၁၁ ရွာတို့ကို လျှစ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ထန်တလန်မြို့မှ ဖာရွန်းသို့ ၃၃ ကေဗွီ ဓာတ်အား လိုင်းနှင့်ခွဲရုံတည်‌ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ပြည်ထောင်စု ဘဏ္ဍာရန်ပုံ‌ငွေမှ တောင်းခံ၍ တည်ဆောက်ရန် လျာထားပါကြောင်း၊

လုံလဲရ်မြို့နှင့် ပတ်ဝန်းကျင်ရှိ ထန်ဇာရ်း၊ ဒေါန်၊ ဇန်တလန်နှင့် ဆိုင်ကကျေးရွာအုပ်စု ၁၁ ရွာကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ထန်တလန်မြို့မှ လုံလဲရ်သို့ ၃၃ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရန် ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် စီစဉ်ထားရှိပါကြောင်း၊

 သို့ဖြစ်ပါ၍ ထန်တလန်မြို့နယ်အတွင်းရှိ မြို့နှင့်ကျေးရွာများကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ များကို ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ လျာထားတောင်းခံ တည်ဆောက် ပေးမည် ဖြစ်ပါကြောင်းနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ အချိန်ကိုက်ပြီးစီးရေး ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။