(ဇ)-အားကစားပညာသိပ္ပံဘွဲ့(B.Sc Sports)သင်တန်းနှင့်ဘွဲ့ရများသည်လက်ရှိတွင် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက်မည်ကဲ့သို့ပံ့ပိုးပေးဆပ်အကျိုးပြုခဲ့သည်နှင့်ဘွဲ့ရများ၏ အနာဂတ်မည် သို့ရှိ မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့(၂၅.၈.၂၀၂၀)

(ဇ)-အားကစားပညာသိပ္ပံဘွဲ့(B.Sc Sports)သင်တန်းနှင့် ယင်းသင်တန်းများမှ မွေးထုတ်ပေးခဲ့သော ဘွဲ့ရများသည် လက်ရှိတွင် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ ပံ့ပိုးပေးဆပ် အကျိုးပြုခဲ့သည်နှင့် ယင်းသင်တန်းမှထွက်ပေါ်လာမည့် ဘွဲ့ရများ၏ အနာဂတ်မည်သို့ရှိမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံသည် ၁၉၆၀ ခုနှစ်တွင် စီးပွားရေ၊ ပညာရေးများ ဖွံ့ဖြိုးတိုးတက်ပြီး အားကစား လောကတွင် ထိပ်တန်းတစ်နေရာကိုရရှိခဲ့ပါကြောင်း၊ ၁၉၇၀-၈၀ နောက်ပိုင်းမှ စ၍ ယခုအချိန်အထိ အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် ခုနှစ်၊ ရှစ် မှ တက်နိုင်ခြင်းမရှိပါကြောင်း၊ အာရှ၊ ကမ္ဘာဆိုသည်မှာ မည်သို့မျှ လှမ်းမျှော်မကြည့်နိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ ၎င်းအခြေအနေများကို ကုစား နိုင်ရန် နိုင်ငံတော်အစိုးရမှ ၂၀၁၃-၁၄ ခုနှစ်ခန့်တွင် ပညာရေးနှင့် အားကစားနှင့်ပေါင်းစပ် မြှင့်တင်မည့် ရည်ရွယ်ချက်ဖြင့် ဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်တို့တွင် အားကစားသိပ္ပံ B.Sc Sports သင်တန်းများ ဖွင့်လှစ် သင်ကြားပေးရာ ယခုဆိုလျှင် ခြောက်နှစ်၊ ခုနစ်နှစ်ခန့်ရှိပြီ ဖြစ်သည့်အတွက် B.Sc Sports နှင့် ဘွဲ့ရရှိသည့် သူများလည်း အရေအတွက်တော်တော်ရှိနေပြီဟု ယူဆရသော်လည်း မြန်မာ့အားကစားအနေဖြင့် အဆိုပါကာလ များတွင်လည်း သိသိသာသာ တိုးတက်လာသည့် အနေအထားမရှိပါကြောင်း၊ ထို့ကြောင့် B.Sc Sports သင်တန်းမှ မွေးထုတ်ပေးခဲ့သည့် ဘွဲ့ရအရေအတွက် မည်မျှရှိ၍ ယခုအချိန်တွင် အဆိုပါဘွဲ့ရများအနေဖြင့် မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးကို မည်သို့ပံ့ပိုးပေးခဲ့ပြီး အဆိုပါ သင်တန်း၏ နောက်ဆုံး အခြေအနေနှင့် ၎င်းသင်တန်းမှ ဘွဲ့ရမောင်မယ်များ၏ အနာဂတ် ၊ သင်တန်းများ၏ အခြေအနေနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ပိုမိုတိုးတက်အောင် ပြင်ဆင်ရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်းပြီး သိပ္ပံဘွဲ့အားကစားပညာ (B.Sc Sports) ကို နိုင်ငံတကာအားကစားအဆင့် ထူးချွန်သော အားကစားသမားများနှင့် နည်းပြများ မွေးထုတ်ပေးနိုင်ရန်၊ အားကစားစီမံခန့်ခွဲရေးအရာရှိများ၊ အရာရှိဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှ အားကစားပညာရပ်ကို စိတ်ပါဝင်စားသူများမှ အခြားဝိဇ္ဇာ၊ သိပ္ပံပညာရပ်များ နည်းတူလေ့လာ ဆည်းပူးခွင့်ရစေရန်၊ အားကစားလေ့ကျင့်ရေးအား ခေတ်မီ အားကစားသိပ္ပံပညာရပ်များဖြင့် စနစ်တကျထိရောက်စွာ အဆင့်မြှင့်တင်ပေးနိုင်ရန်၊ အားကစား ဆိုင်ရာ စီမံခန့်ခွဲမှုပညာရပ်များကို နိုင်ငံတကာအဆင့်မီ သင်ကြားပို့ချနိုင်ခြင်းနှင့် အနာဂတ် မြန်မာ့အားကစားအဆင့်အတန်းကို နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန် ရည်ရွယ်ချက်များဖြင့် လေးနှစ်အထူးပြုသင်ဘာသာရပ်အဖြစ် အားကစားပညာကို ဘွဲ့တစ်ခုအဖြစ် ဆည်းပူးခွင့်ရစေရန်၊ ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊

၂၀၁၃-၁၄ ပညာသင်နှစ်မှ ၂၀၁၉-၂၀ ပညာသင်နှစ်အထိ ဒဂုံတက္ကသိုလ် အားကစားပညာဘွဲ့ သင်တန်းသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၃၉ ဦး တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့အားကစား ပညာရရှိသူ ၉၁ ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့အားကစားပညာဘွဲ့ရရှိသူ ၂၉ ဦးနှင့် မဟာသိပ္ပံအရည်အချင်းစစ် သင်တန်းတက်ရောက်ရန်အဆင့်မီသူ နှစ်ဦး ကို လည်းကောင်း၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၁၃-၁၄ ပညာသင်နှစ်မှ ၂၀၁၈-၁၉ ပညာသင်နှစ်အထိ သိပ္ပံဘွဲ့အားကစားပညာသင်တန်းသို့ ၁၅၀ ဦး၊ ဂုဏ်ထူးတန်း ၆၄ ဦး၊ စုစုပေါင်း ၂၁၄ ဦးတက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့အားကစားပညာရရှိသူ ၇၉ ဦးနှင့် သိပ္ပံဂုဏ်ထူးဘွဲ့ အားကစားပညာရရှိသူ ၃၉ ဦးဖြစ်ပါကြောင်း၊ အားကစားမှူး၊ နည်းစနစ်မှူး၊ ဒုတိယဦးစီးမှူးရာထူးတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် သိပ္ပံဘွဲ့အားကစားပညာ (B.Sc Sports) ဘွဲ့ရအရာထမ်း၊ အမှုထမ်းဦးရေ ၁၆ ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှခေါ်ယူသည့် အမျိုးသား၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းများတွင်လည်း (B.Sc Sports) ဘွဲ့ရများကို ခေါ်ယူလျက်ရှိကြောင်း၊ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့မှ သိပ္ပံဘွဲ့ အားကစားပညာ (B.Sc Sports) ကျောင်းသား/ ကျောင်းသူများကို နှစ်စဉ်မွေးထုတ်လျက်ရှိပြီး နိုင်ငံတော်အဆင့်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိသည့် အားကစားသမားများလည်း ပေါ်ထွန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ပညာသင်နှစ် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ASEAN University Game တွင် အားကစားပညာအထူးပြုကျောင်းသား/ကျောင်းသူ ၁၆ ဦး အားကစားနည်း ကိုးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ရှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်သုံးခု ရရှိခဲ့ပါကြောင်း၊

သိပ္ပံဘွဲ့အားကစားပညာ (B.Sc Sports) ကျောင်းသူကျောင်းသားများသည် တက္ကသိုလ်မှ ဘွဲ့တစ်ခု ရရှိပြီးသူများဖြစ်သည့်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှခေါ်ယူသော ပြန်တမ်းဝင်အရာရှိ ရာထူးများလျှောက်ထားနိုင်ခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ခေါ်ယူသည့် ဗိုလ်လောင်းများဖြင့်‌ လျှောက်ထားနိုင်ခြင်း၊ ပြင်ပမှဖွင့်လှစ်ထားသည့် အားကစားလေ့ကျင့်ရုံများတွင် Trainer များ၊ Instructor များအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ခြင်း၊ ပညာရေးဝန်ကြီးဌာနတွင် မူလတန်းပြကာယဆရာ PPTT များဖြင့် လျှောက်ထားနိုင်ခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန မှခေါ်ယူသည့် နည်းစနစ်မှူးရာထူးများ လျှောက်ထားနိုင်ခြင်း၊ ပုဂ္ဂလိက အားကစား Club အသင်းများ၊ ပုဂ္ဂလိကအားကစားလေ့ကျင့်ရေးရုံများတွင် Trainer များ၊ Instructor များ၊ GYM Instructor များအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားအထူးပြုဘာသာရပ် သိပ္ပံဘွဲအားကစားပညာ (B.Sc Sports) ပထမအကြိမ်ဘွဲ့ရကျောင်းသား/ကျောင်းသူများသည် ၂၀၁၉ ခုနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အားကစားမှူးရာထူးအား ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တစ်ဆင့် ဝင်ရောက်ဖြေဆိုခဲ့ရာ စာမေးပွဲအောင်မြင်ခဲ့သူ ၁၁ ဦးကို ရွေးချယ်ပြီး အရာထမ်းများဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်‌ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ သိပ္ပံဂုဏ်ထူးဘွဲ့၊ အားကစားဘွဲ့ရရှိသူများ အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြ (နည်းစနစ်) ဖြင့် ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်းနှင့် B.Sc Sports ဘွဲ့ရ ကျောင်းသူ ကျောင်းသားများအနေဖြင့် အနာဂတ်တွင် မြန်မာ့ အားကစားဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပိုမိုကြိုုးပမ်းဆောင်ရွက်သွားနိုင် မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးမြင့်လွင်(တွံတေးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးခွန်းတွင် ပါဝင်သော အကြောင်းအရာများအား ပြန်လည်သုံးသပ်ပြီး Upgrade ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ၊ ဘာသာရပ်နှင့် ပတ်သက်၍လည်းကောင်း၊ ဆရာ/ဆရာမများနှင့် ပတ်သက်၍ လည်းကောင်း Upgrade ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ၊ B.Sc Sports ဘွဲ့ရများကို ပိုပြီး အရည်အချင်း တိုးတက်လာရန် နိုင်ငံခြားပညာတော်သင်များ စေလွှတ်ရန် နိုင်ငံခြားမှ အားကစား အကယ်ဒမီများနှင့် ချိတ်ဆက်ပြီး ပညာတော်သင်လွှတ်ရန် အစီအစဉ်များ ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းအား မေးမြန်းခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

အဆိုပါ သင်တန်းနှင့် ပတ်သက်၍ သင်ရိုးပိုင်းဆိုင်ရာအဆင့်မြှင့်တင်မှု ပြန်လည်သုံးသပ်မှု များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်း သင်တန်းမှ ဘွဲ့ရလာသူများကို နိုင်ငံခြားပညာသင်လွှတ်ရန် အခြားသောပညာရပ်များ နည်းတူ အခွင့်အလမ်းများ ၊ သင်တန်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။