(ခ)-လယ်ယာစိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးဦးစီးဌာနပိုင် မဟာအောင်မြေ မြို့နယ်ရှိ မြေဧရိယာ(၇.၉၀)ဧက အားပြင်ပဌာနဆိုင်ရာများမှအဆောက်အဦဆောက် လုပ်နေရာချထားမှုတို့သည်တရားဥပဒေများ နှင့်အ ညီဆောင်ရွက်နေခြင်း ဟုတ်၊ မဟုတ်သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၅)ရက်မြောက်နေ့ (၂၁.၈.၂၀၁၅)

လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး ဦးစီးဌာနပိုင် မဟာအောင်မြေ မြို့နယ်၊ အကွက်အမှတ်(ဓ-၁၀) မြေကွက်ပေါ်ရှိ မြေဧရိယာ (၇.၉၀)ဧကအား ပြင်ပဌာနဆိုင်ရာများက ဝင်ရောက်တိုင်းတာခြင်း၊ အဆောက်အဦ ဆောက်လုပ်နေရာ ချထားမှုတို့ ပြုလုပ်နေခြင်းသည် တရားဥပဒေနှင့်အညီ နည်းလမ်းတကျဆောင်ရွက်နေခြင်း ဟုတ်၊ မဟုတ် သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း 

မေးခွန်း အကြောင်းအရာ 

မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ်ရှိ (ဓ-၁၀)မြေဧက ၇.၉ ဧကသည် မူလက လယ်ယာစိုက်ပျိုးရေးနှင်‌့ ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေဖြစ်သော်လည်း ၁၉၉၅-၁၉၉၆ ခုနှစ်က ဦးအိုက်စိုက်၊ ဦးစန်းဝေချင်းနှင့် ဦးကျော်ဝေ(ခေါ်)ဦးစန်းဝေဝါတို့က မြေဂရန်လျှောက်လာသည့်အတွက် ယင်းတို့သုံးဦးအား မြေဂရန်အငှားချထားပေးခဲ့ပါကြောင်း၊ ၁၉၉၈ ခုနှစ်တွင် စိုက်ပျိုးရေး အငြိမ်းစားဝန်ထမ်းများက အဆိုပါမြေသည် လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနပိုင်မြေဖြစ်ကြောင်း ပြန်လည် တင်ပြလျှောက်ထားခံသည့်အတွက် မြေဂရန်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့ပါကြောင်း၊ တစ်ဖန် ဦးစန်းဝေဝါနှင့် အပေါင်းပါသုံးဦးက မြေဂရန်ကို ပြန်လည်ရရှိလိုကြောင်း လျှောက်ထားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး ပြန်လည်ပေးအပ်ရန် ပြန်လည် ချထားပေးခဲ့ပါကြောင်း၊ ထိုသ့ို့ ပြန်လည် နေရာချထားပေးခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်းရှိ/မရှိကို မေးမြန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးအဖွဲ့က ပြန်လည်နေရာချထားခြင်းမဟုတ်ဘဲ စိစစ်ညှိနှိုင်းနေခြင်းဖြစ်ကြောင်းကို ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ သို့သော် လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနက အငြိမ်းစားဝန်ထမ်းများက အဆိုပါမြေကွက်အပေါ်တွင် လေးထပ်တိုက်နှစ်လုံး ဆောက်လုပ်ရန် ပြီးစီးလုနီးပါးဖြစ်နေသည့်အပြင် ပြင်ပဌာနကပုဂ္ဂိုလ်များကလည်း မြေတိုင်းခြင်းများ လာရောက်လုပ်ဆောင်နေသည်များကို သိရှိရပါကြောင်း၊  ထို့ကြောင့် အဆိုပါ (ဓ-၁၀) ၇.၉ ဧကပေါ်တဆောက်လုပ်ထားသော အဆောက်အဦနှစ်လုံးသည် တရားဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့်  စနစ်တကျဆောင်ရွက်ထားခြင်း ဟုတ်/မဟုတ်သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ
ဖြေကြားချက် 

မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်ရှိ မြေကွက်အမှတ်(ဓ-၁၀)မှ ဦးပိုင်အမှတ်(၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ နှင့် ၁၃) မြေကွက်များသည် ယခင်စိုက်ပျိုးရေးဌာန၊ ဗဟိုစိုက်ပျိုးရေးခြံမြေ အဖြစ်လည်းကောင်း၊ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့လက်ထက်တွင် မြို့မြေတိုးချဲ့ရေးအဖြစ်အသုံးပြုရန် မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်း အဖွဲ့သို့ (လန/၃၉)အရ ခွင့်ပြုပေးခဲ့သည့် ဧရိယာအတွင်း ပါဝင်ပါကြောင်း၊

အဆိုပါမြေပေါ်တွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ဖော်ပြပါအကွက်အမှတ်(ဓ-၁၀) တွင် ဦးပိုင်အမှတ်(၄ မှ ၁၃) အထိ တိုင်းစိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင် တိုင်းစိုက်ပျိုးရေး မန်နေဂျာ၊ တိုင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းမန်နေဂျာ၊ တိုင်းဆည်မြောင်းဦးစီးမှူးနှင့် တိုင်းစက်မှု လယ်ယာဦးစီး မှူးလေးဦးတို့၏ အမည်များများဖြင့် မန္တလေးတိုင်းဒေသကြီး ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ မြို့သစ် ကွက်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့က နှစ် ၃၀ ဂရန်ချထားပေးခဲ့ပါကြောင်း၊ ၎င်းမြေနေရာများအား ၁၉၉၄ ခုနှစ်တွင် ဦးကျော်ဝေ၊ ဦးအိုက်ဆိုက်နှင့် ဦးစန်းဝေချင်းတို့ထံ ရောင်းချခဲ့ပြီး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ၎င်းတို့အမည်ပေါက် ဂရန်ရရှိထားပြီးဖြစ်ပါတယ်။ ဦးကျော်ဝေ(ပါ) သုံးဦးထံမှ ခွဲဝေရရှိသည့် မြေကွက်များကို အဆိုပါ တိုင်းအဆင်‌့လေးဦးက ရောင်းချ၍ ရရှိခဲ့သော ငွေများနဲ့ ဌာနပိုင်မြေကွက်အမှတ် (စီ ၁၅၆)ပေါ်တွင် လေးထပ်ပါ လေးခန်းတွဲ သံကူကွန်ကရစ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ လေးလုံးဆောက်လုပ်ခဲ့ပြီး လက်ရှိဝန်ထမ်းများ ပြောင်းရွှေ့နေထိုင် လျက်ရှိပါကြောင်း၊ အဆိုပါမြေကွက်များနှင့်ပတ်သက်၍ ဦးကျော်ဝေ(ပါ) သုံးဦးကိုယ်စား ဦးဘိုဝင်းက ၎င်းတို့ ဂရန်အမည်ပေါက်မြေကွက် ၁၀ ကွက်အနက် အစိုးရဌာန/အဖွဲ့အစည်းများမှ အသုံးပြုထားသော မြေကွက်များကို ချန်လှပ်ပြီး ကျန်ရှိသော မြေကွက်ဧရိယာအချို့အား ပြန်လည်ရရှိလိုရေးအတွက် ၆-၁၂-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးသို့ အသနားခံတင်ပြခဲ့သည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ အဆိုပါကိစ္စရပ်အပေါ် စိစစ်ပြီး ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့ရာ  စိစစ်တင်ပြချက်များအရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အဆိုပါမြေကွက် ၁၀ ကွက်အား ဦးကျော်ဝေပါ သုံးဦးသည် အဆိုပါမြေကွက်များအား တရားဝင် ဝယ်ယူခဲ့ပြီး နှစ် ၃၀ ဂရန်ရသေးမီဖြစ်ခြင်း၊ ဌာနအတွက်လိုအပ်သော ဝန်ထမ်းအိမ်ရာများအား ၁၉၉၆ ခုနှစ် ဈေးနှုန်းဖြင့် ကျပ်သိန်းပေါင်း ၁၁၉၆ သိန်း အကုန်အကျခံဆောက်လုပ်ပေးခဲ့ခြင်း၊ စိုက်ပျိုး ရေးဦးစီးဌာနမှလည်း အဆိုပါမြေအားပြန်လည်ရယူအသုံးပြု သီးခြားအစီအစဉ်မရှိခြင်းတို့ကြောင့် အဆိုပါမြေ ၁၀ ကွက်မှ အဆောက်အဦ ဆောက်လုပ်ထားသော မြေများမပါ ကျန်မြေများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ပြန်လည်ပေးအပ်ရန်နှင့် ဆက်လက်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို တင်ပြရန် ညွှန်ကြားခဲ့ပါကြောင်း၊

ပြည်ထောင်စုဝန်ကြီးရုံးအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် အကြောင်းကြားခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနက ကာယကံပိုင်ဖြစ်သော  ဦးကျော်ဝေပါသုံးဦးသို့ ဆက်သွယ် ဆောင်ရွက်ခဲ့ရာ ၎င်းတို့အနေဖြင့် ဂရန်အမည်ပေါက်များဖြစ်၍ မြေအားလုံး ရယူလိုပါကြောင်း၊ လက်ရှိ မြေပေါ်တွင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က အဆောက်အဦ အဟောင်းမျိုးစုံ ၂၁ လုံး ပြန့်ကြဲ ဆောက်လုပ်ထားသဖြင့် မြေအပိုင်းအခြားသတ်မှတ်ရန် မဖြစ်နိုင်ပါကြောင်း၊ မြေပေါ်ရှိ အဆိုပါပြန့်ကြဲ ဆောက်လုပ်ထားသော ဌာနပိုင်အဆောက်အဦများကို ၎င်းတို့ပြန်လည်ရယူလိုသည့် မြေအစိတ်အပိုင်း ထဲတွင် ချန်လှပ်၍ ၎င်းတို့၏ကုန်ကျစရိတ်ဖြင့် လှူဒါန်းကာ ဝန်ထမ်းများအတွက် လက်ရှိအဆောက်အဦ အဆင့်အတန်း ထက်မနိမ့်သည့် အဆောက်အဦအသစ်များကို လုံလောက် အောင် တစုတစည်းတည်း ပြောင်းရွှေ့ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း သို့မှသာ ဌာနနှင့်နစ်နာသူတို့ မြေပိုင်းခြားရန် အဆင်ပြေ မည်ဖြစ်ကြောင်းကို ပြန်လည်တင်ပြခဲ့သည့်အတွက်  စိုက်ပျိုးရေးဦးစီးဌာနက ပြည်ထောင်စုဝန်ကြီးဌာနကို ဆက်လက် တင်ပြခဲ့ပါကြောင်း၊

ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးရုံးက စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား မြေပြင်ကွင်းဆင်း၍ အသေးစိတ်အချက်အလက်များ ထပ်မံလေ့လာပြီး အကောင်းမွန်ဆုံး လက်တွေ့မြေပြင်ဖြစ် နိုင်မည့်အစီအစဉ်အား ကွင်းဆင်းတွေ့ရှိချက်အပေါ် ပြန်လည်တင်ပြရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊

 စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအရ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လက်ရှိ အဆင့်အတန်းထက်မနိမ့်ကျတဲ့ ဝန်ထမ်းများအတွက် တစုတစည်းထဲ အစားထိုးဆောက်လုပ်ပေးမည့် လှူဒါန်းမည့်အစီအစဉ်များအပေါ် ကန့်ကွက်ရန်မရှိကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညှိနှိုင်းမှုအရ အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှုကို စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် တစ်ဦး၊ တိုင်းဒေသကြီးအမည်စာရင်းဦးစီးမှူးတစ်ဦးနှင့် စိုက်ပျိုး ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး တစ်ဦးဖြင့် ပါဝင်သော အဖွဲ့ဖွဲ့စည်းပေးရန်နှင်‌့ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်၊ ကာယကံရှင် သုံးဦး၏ တင်ပြချက်အား ပူးတွဲလျက် ပြည်ထောင်စုဝန်ကြီးရုံးသို့ ပြန်လည် တင်ပြခဲ့သည့်အတွက် နစ်နာသူအပိုင်းလိုအပ်ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားထားရှိချက်နှင်‌့ကိုက်ညီစွာ ပြီးပြတ်သည်အထိ ဆက်လက်ဆောင်ရွက်သွားရန် စနစ်တကျ မြေပြင်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊   ထို့ကြောင့် ဦးကျော်ဝေပါ သုံးဦးမှ အစားထိုးဝန်ထမ်းအိမ်ရာ ပြန်လည်ဆောက်လုပ်ပေးရန်အတွက် အဆောက်အဦးဆောက်လုပ်ခွင်‌့ကို မန္တလေး တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြခဲ့ပြီး၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ၂၀-၁၁-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၃/၄၄၄/၄၆၁ နှင့် ၃-၄၄၅/၄၆၂ ဆောက်လုပ်ရန်ခွင့် ပြုချက်များဖြင့် အဆင့်အတန်းမီ ၄ ခန်းတွဲ ၄ ထပ် ၁၁၆ ပေ x ၄၀ ပေ အဆောက်အဦး ၂ လုံးကို ဆောက်လုပ်ပေးခဲ့ပြီး ယခုအခါ ဝန်ထမ်းများ ပြောင်းရွှေ့ နေထိုင်လျက်ရှိပါကြောင်း၊

သို့ပါ၍ ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းချက်နှင်‌့ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၆၇/၆၈ လမ်းကြား၊ သိပ္ပံလမ်းပေါ်ရှိ မြေကွက်အမှတ်(ဓ-၁၀) ဦးပိုင်အမှတ် ၁၀ နှင့် ၁၂ ရှိ မြေဧရိယာ ဝ.၅၅၁ ဧက မြေကွက်ပေါ်တွင် အစားထိုးတည်ဆောက်ထားရှိပြီးသော ၄ ခန်းတွဲ ၄ထပ်ပါ ဝန်ထမ်းအိမ်ရာ အဆောက်အဦ နှစ်လုံးအား စိုက်ပျိုးရေးဦးစီးဌာနပိုင်အဖြစ် လည်းကောင်း၊ ကျန်အဖွဲ့အစည်းအဆောက်အဦများဖြစ်သည်‌့ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး၊ စစ်မှုထမ်း ဟောင်းရုံးအဆောက်အဦတို့အပြင် အသုံးပြုထားတဲ့ မြေနေရာတွေကို ဌာနပိုင်မြေများ အဖြစ်ထားရှိပြီး စွန့်လွှတ်ခြင်းမပြုဘဲ ကျန်ရှိသော မြေလွတ်ဧရိယာအား ဌာနပိုင်အဖြစ်မှ စွန့်လွှတ်ပြီး၊ လုပ်ထုံးလုပ်နည်းများနှင်‌့အညီ နိုင်ငံတော်သို့ ပြန်လည်အပ်နှံသွားရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။