(ဇ)-ဧရာဝတီတံတား(ညောင်တုန်း)၊ မီးရထားတံတားတည်ဆောက်ခဲ့စဉ် ပျက်စီးကျန်ခဲ့သော လယ်မြေ နှင့် ယာမြေများ၌ လုပ်ကိုင်စားသောက်ခဲ့ကြသောတောင်သူများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် မြေယာလျော်ကြေးပေးနိုင်ခြင်းရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လှိုင်သာယာ-ညောင်တုန်း-စက္ကော့-ဓနုဖြူ-ဇလွန်ရထားလမ်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရထားလမ်းမြေဖို့ခြင်း၊ သံလမ်းခင်းခြင်းများကို ပြီးစီးခဲ့ပါကြောင်း၊ ၂၄-၅-၂၀၁၄ ရက်နေ့တွင် လှိုင်သာယာ-ညောင်တုန်း-စက္ကော့-ဓနုဖြူ-ဇလွန်လမ်းပိုင်းကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ လှိုင်သာယာ-ညောင်တုန်းမီးရထားလမ်းသည် စီးနင်းသူမရှိသည့်အတွက်
လပိုင်းအတွင်း ရပ်ဆိုင်းခဲ့ပါကြောင်း၊ တည်ဆောက်စဉ်ကာလက စွန့်ပစ်ကွန်ကရစ်အတုံးအခဲများ၊ ကတ္တရာကျိုးနှင့် ကျောက်တုံးများကို လယ်မြေထဲပစ်ချခဲ့ခြင်း၊ မြေကြီးကိုကြုံသလိုတူးယူခဲ့သည့်အတွက် ချိုင့်များ၊ ကျင်းများဖြစ်ကာ လယ်မြေများ စိုက်ပျိုး၍ မရတော့ပါကြောင်း၊ လယ်မြေများဆုံးရှုံး၍ အလုပ်လက်မဲ့ဘဝ ကျရောက်ပြီး မိသားစုစားဝတ်နေရေးပျက်စီးခဲ့သော တောင်သူများမှလယ်ယာလျော်ကြေးတောင်းခံခဲ့သဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှတာဝန်ရှိသူများနှင့်အကြိမ်ကြိမ်ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ စာအမှတ် ၃၅၉/တစရ(၄)/ ၂၀၁၈-၂၀၁၉ ဒီဇင်ဘာလ ၃ ရက် ရက်စွဲဖြင့် စိုက်ပျိုးစားမရနိုင်သည့် မြေဧကစုစုပေါင်း ၁၂၇.၃၃ ဧကအား မြေယာ လျော်ကြေးပေးချေနိုင်ရန် ပုံစံ(၁၂)ဖြင့်မြေယာလျော်ကြေးတွက်ချက်တောင်းခံရန် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ကို အကြောင်းကြားခဲ့ပါကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မြေယာ လျော်ကြေးပုံစံ(၁၂)အား အထပ်ထပ်စိစစ်တွက်ချက်ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့အတည်ပြုချက်ဖြင့် စာအမှတ်၊ တံတား ၆၅၇ လျော်ကြေး လူ့စွမ်းအား၊ ရက်စွဲ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် ရက်စွဲဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနရုံးချုပ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပေးလျော်နိုင်ရန် စီစဉ်ဆောင်ရွက်မည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ထို့ကြောင့် တောင်သူ ၁၆၂ ဦး၏ လယ်ဧက ၁၃၂.၄၅ ဧကကို ယခုဘဏ္ဍာရေးနှစ်အတွင်း မြေယာလျော်ကြေးပေးချေ နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ မြမ္မာပြာသာကျေးရွာအုပ်စု၊ ဆင်ထုံးကျေးရွာအုပ်စု၊ စက္ကော့ရေလယ်ကျေးရွာအုပ်စုတို့၏ လယ်ယာမြေများအား ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ဟင်္သာတမြို့မှရန်ကုန်မြို့သို့ဖောက်လုပ်သောရထားလမ်းနှင့် ဧရာဝတီတံတား (ညောင်တုန်း) တည် ဆောက်ရာတွင် သိမ်းဆည်းခံခဲ့ရမှု အပေါ် နစ်နာကြေး၊ လျော်ကြေးပေးအပ်နိုင်ရေးနှင့် စပ်လျဉ်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဌာနဆိုင်ရာစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်အရ သိမ်းဆည်းခံမြေယာများနှင့် ပတ်သက်၍ သီးနှံ လျော်ကြေးနှင့်ငါးကန်လျော်ကြေးသာ ပေးချေထားခဲ့ပြီး မြေယာနှင့်ပတ်သက်သော လျော်ကြေးငွေ များ ပေးလျော်ထားခြင်းမရှိသေးကြောင်းတွေ့ရှိရပါသဖြင့် လျော်ကြေးပေးချေနိုင်ရေးအတွက် ညောင်တုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မအူပင်ခရိုင်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုမှတစ်ဆင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၃-၇-၂၀၁၉ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် (၂၂/၂၀၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ဧရာဝတီတံတား (ညောင် တုန်း) တည်ဆောက်စဉ် ပါဝင်ခဲ့သော မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြမ္မာပြာသာ ကျေးရွာအုပ်စု၊ ဆင်ထုံးကျေးရွာအုပ်စု၊ စက္ကော့ရေလယ်ကျေးရွာအုပ်စုတို့ရှိတောင်သူ ၁၆၇ ဦး၏ လယ်ယာမြေ ၁၂၆.၇၆ ဧကအတွက် လျော်ကြေးငွေ ကျပ် ၃၁၆.၉ သန်းအားပေးချေရန်ဆုံးဖြတ်ခဲ့ပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည် ၍ ပေးလျော်သွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
