(င)-ကလေးမြို့နယ်အတွင်း မြစ်သာမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာချင်းဆက်လမ်းပိုင်းများအား တစ်ဆက်တစ်စပ်တည်း သွားလာနိုင်ရေးအတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၄.၈.၂၀၂၀)

မိမိ၏ မဲဆန္ဒနယ်အတွင်းတွင် မြစ်သာမြစ်နှင့် နေရဉ္စရမြစ်ဆိုသည့်မြစ်ကြီး နှစ်စင်း ဖြတ်သန်း စီးဆင်းနေပါကြောင်း၊ မြစ်သာမြစ်အရှေ့ဘက်ခြမ်းမှာ ၁၉ ရွာ၊ အိမ်ထောင်စုပေါင်း ၂၉၅၄ စုနှင့် လူဦးရေ ၁၄,၀၀၀ ဦး နေထိုင်လျက်ရှိနေပါကြောင်း၊ အထက်ပါ ပြည်သူများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ကုန်သွယ်ရေး အစရှိသဖြင့် လုပ်ငန်းပေါင်းများစွာအတွက် ရေစီးသန်သော မြစ်သာမြစ်ကို ခက်ခဲစွာဖြတ်သန်းကြရသကဲ့သို့ တစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်ဆံရေးအတွက် ချောမွေ့စွာ သွားလာနိုင်ခြင်း မရှိသေးပါကြောင်း၊ ထိုလမ်းပိုင်းသည် တောင်ဖျားမှာရှိသည့် မန္တာ ကျေးရွာမှ မြောက်ဖျားဆုံးရွာ အင်းကျော်ကျေးရွာထိ မိုင် ၄၀ ရှိပါကြောင်း၊ လက်ရှိ လမ်းပိုင်း အခြေအနေမှာ မြစ်သဲကျောက်ခင်းလမ်း ၂၀ မိုင်၊ မြေသားလမ်း ၈.၅ မိုင်ရှိပြီး လမ်း အူကြောင်း ရှာဖွေခြင်းလုပ်ငန်း ပြီးစီးပြီးမြေသားလမ်းအဖြစ် စတင်ဖောက်လုပ်ရန် ကျန်ရှိနေသော အပိုင်းမှာ ၁၁.၅ မိုင် ရှိပါကြောင်း၊ တံတားများ၏အခြေအနေကို တင်ပြရရင် ၂၀၁၅ မှ ၂၀၁၉ ခုနှစ် အတွင်းတွင် နိုင်ငံတော်အစိုးရက ၁၀၀ ပေရှည်သည့် တံတားတစ်စင်း၊ ၁၀၀ ပေအောက် တံတား (၇)စင်းကို တည်ဆောက်ပေးခဲ့ပါကြောင်း၊

မိမိမဲဆန္ဒနယ်ရှိ ပြည်သူများသည်မိမိရပ်ရွာ၊ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ကြီးကို အားကိုး ၍မရပါကြောင်း၊ မိမိတို့ဘက်ကအားထုတ်ကြိုးပမ်းရန်လိုအပ်သည်ကို သဘောပေါက်ထားကြသူများ ဖြစ်ပါကြောင်း၊ ထို့ကြောင့်မို့ ထိုလမ်းပေါ်တွင် ရပ်ရွာပြည်သူများက ၁၀၀ ပေ အောက်တံတား (၂)စင်းနှင့် နိုင်ငံတော်က ခင်းပေးသောမြေသားလမ်းပေါ်တွင် ချက်ချင်းသွားလာနိုင်ရေးအတွက် မြေသဲကျောက်ခင်းခြင်းနှင့် မြစ်သဲကျောက်ခင်းခြင်းများ၊ ကျောက်ခင်းပြီးသော လမ်းပိုင်းများအား အရည်အသွေးထိန်းသိမ်းနိုင်ရန်အတွက် လိုအပ်သည့်နေရာများကို မြစ်သဲကျောက်များခင်းခြင်း လုပ်ငန်းများကို အစဉ်မပြတ်လုပ်ကိုင်ဆောင်ရွက်ကြပါကြောင်း၊ မိမိတို့၏ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေမှမြစ်သဲကျောက်ခင်းခြင်းလုပ်ငန်း နှင့် တံတားဆောက်လုပ်ရေးအတွက်စုစုပေါင်း ၂၂၇ သိန်းချထားခဲ့ပြီးကျေးရွာပြည်သူ ထည့်ဝင်ငွေ နှင့် လုပ်အားပေါင်းစပ်ပြီး လုပ်ဆောင်ပေး နိုင်စွမ်းရှိသလောက် ဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ ယခုဆိုလျှင် မြစ်သာမြစ်ပေါ်ရှိ ပေါက်တော ကျေးရွာ အနီးက မြစ်သာမြစ်ကူး တံတားတစ်စင်းကို စတင်တည်ဆောက်နေပြီ ဖြစ်ပါကြောင်း၊ တံတားပြီးစီးမှုနှင့်တစ်ပြိုင်တည်း တံတားအနီးပတ်ဝန်းကျင်ကျေးရွာများသာမက မြစ်အရှေ့ခြမ်း ကျေးရွာများမှ ပြည်သူများအားလုံး ဒုက္ခဆင်းရဲကင်းစွာ သွားလာနိုင်ရေးအတွက် မိမိယခုတင်ပြသည့် လမ်းပိုင်းများ ဖောက်လုပ်အဆင့်မြှင့်တင်နိုင်ရေးသည် အချိန်ကိုက် ဆောင်ရွက်ရမည် ဖြစ်သည့် အတွက် ကလေးမြို့နယ်အတွင်း မြစ်သာမြစ်အရှေ့ဘက်ခြမ်း ရှိ ကျေးရွာချင်းဆက်လမ်းပိုင်းများအား တစ်ဆက်တစ်စပ်တည်း သွားလာနိုင်ရေးအတွက် အနီးဆုံး မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့် တင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာချင်း ဆက်လမ်းပိုင်းများမှာ မန္တာ - နွားကျေးရွာချင်းဆက်လမ်း အရှည် ၁၁ မိုင်၊ နွား - အင်းဒင် (မြောက်) ကျေးရွာချင်းဆက်လမ်း အရှည် ၁၇ မိုင်၊ အင်းဒင် - ကင်မွန်ခြုံ - အင်းကျော်ကျေးရွာချင်းဆက် လမ်းအရှည် (၈/၂)မိုင် စုစုပေါင်း (၃၆/၂) မိုင် အရှည်ရှိပါကြောင်း၊

အဆိုပါ လမ်းပိုင်းများမှာ ‌ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသောလမ်းစာရင်းတွင် ပါဝင်ခြင်း မရှိသေးသော်လည်း ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးသွားလာရန် အဆင်ပြေစေရန် အတွက် မန္တာ - နွားကျေးရွာချင်းဆက်လမ်းပေါ်ရှိ နွားချောင်းကွန်ကရစ်တံတားအရှည် ၁၆၀ ပေ အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဧပြီလမှစက်တင်ဘာလအထိ ပထမခြောက်လရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းလမ်းမိုင်ပေါ်မှာ ရှိသည့်အရှည် ၆၀ ပေ ကွန်ကရစ်တံတားတည်ဆောက်ရန်အတွက် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်

ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တင်ပြတောင်းခံထားပါကြောင်း၊ ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ နွား - အင်းဒင်ကျေးရွာချင်းဆက် လမ်း ၁၇ မိုင်အနက်မှ ၃မိုင်ကို မြေသားလမ်းအဖြစ် ဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေ ဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက် ရန်ပုံငွေတင်ပြတောင်းခံထားပါကြောင်း၊

မြစ်သာမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာချင်းဆက်လမ်းများမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးပါသဖြင့် အဆိုပါ လမ်းများအား စစ်ကိုင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် လမ်းများအဖြစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းသွင်းပြီးနောက် လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများအား ရန်ပုံငွေများ တင်ပြတောင်းခံပြီး ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။