ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာနှင့် အောက်သောင်ကျေးရွာတို့ကို ဆက်သွယ်သည့် ပျက်စီးနေသောတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အမီ ပြန်လည်တည်ဆောက် ပေးနိုင်ရန် မည်သို့စီမံဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် ပတ်သက်သည့်မေးခွန်းဖြစ်ပါကြောင်း၊ မိမိတင်ပြထားသည့် ချောင်းဝကျေးရွာအုပ်စုနှင့် အောက်သောင်ကျေးရွာအုပ်စုတို့သည် ပင်လယ် ကမ်းစပ်တွင် တည်ရှိပါကြောင်း၊ ၎င်းတို့၏ အဓိကစားဝတ်နေရေးက ပင်လယ်ငါးဖမ်းလုပ်ငန်း ဖြစ်ပါ ကြောင်း၊ တဖန်ထိုဒေသသည် ပင်လယ်ပြင်နှင့်ထိစပ်နေသည့်အတွက် ဒီရေများမြင့်တက် လာသည့် အချိန်နှင့်မုန်တိုင်းများ ကြုံတွေ့လာပါကဤတံတားလေးကပဲ ဖြတ်သန်းသွားလာရသည့် အတွက်ကြောင့် အသက်ကို အကာအကွယ်ပေးနေသည့်တံတားလေးလည်း ဖြစ်ပါကြောင်း၊
၎င်းတံတားလေးသည် နာဂစ်ကာလအပြီးတွင် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ခြင်း မရှိသည့်အနေ အထားကိုရောက်သွားသည့်တံတားဖြစ်ပါကြောင်း၊ နာဂစ်ကာလတွင် ၎င်းတံတားလေးမှာ အောက်သောင်ကျေးရွာက ပုဂ္ဂိုလ်အများစုကို အသက်ကယ်ခဲ့သည့်တံတားလေး ဖြစ်ပါကြောင်း၊ အောက်ခြေတိုင်များ၊ ကွန်ကရစ်တိုင်များ ကျိုးပဲ့၍အင်မတန် အန္တရာယ်ရှိနေသောအနေအထားကို ရောက်ရှိနေပြီး ကွန်ကရစ်တိုင်ကျိုးနေသည့်အတွက် ကူပြီးစိုက်ထားသည့်တိုင်များ ဖြစ်ပါကြောင်း၊ ကွန်ကရစ်သားများပဲ့ကျပြီး အတွင်းကအားဖြည့်ထားသော သံချောင်းများပေါ်ထွက်နေပြီး အပေါ်က ယက်မတန်းများသည် ပြုတ်လုနီးပါး ဖြစ်နေသည့်အနေအထားရောက်နေပါကြောင်း၊ ထို့အတွက် ကြောင့် ထိုတံတားသည် ချောင်းဝကျေးရွာအုပ်စုအတွင်းတွင် ရှိသည့်ကျေးရွာသူကျေးရွာသားများ၏ အဓိက အားထားရာတံတားဖြစ်ခြင်း၊ အောက်သောင်ကျေးရွာမှ ချောင်းဝ အ.ထ.ကကို သွားရောက် ပြီးကျောင်းတက်နေကြသော ကလေးသူငယ်များ၊ ကျောင်းသူကျောင်းသားများ၏ ပညာရေး အတွက် အလွန်အရေးကြီးသည့်တံတားဖြစ်နေခြင်း၊ နောက်တစ်ခါ အန္တရာယ်ရှိလာသောအခါ သဘာဝဘေး ဒဏ်များ ကြုံတွေ့လာသောအခါတွင် ထိုတံတားအား သက်ကယ်တံတားအဖြစ် အသုံးပြု၍ရခြင်း ကြောင့် ထိုတံတားကို ၂၀၂၀-၂၀၂၁ ဘတ်ဂျက်နှစ်အမီ တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မရှိပါက မည်သည့်ဘတ်ဂျက်နှစ်တွင် တည်ဆောက်ပေးနိုင်မည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ အောက်သောင်ရပ်ကွက်၊ အလယ်သောင်ရပ်ကွက်၊ ချောင်းဝကျေးရွာသို့ ဆက်သွယ်ထား သောလမ်းပေါ်တွင် ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် ကျေးရွာတွင်း သစ်သားတံတား (၆၀ x ၇ ပေ)မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ စီမံခန့်ခွဲသည့်လမ်းပေါ်တွင်ရှိပါကြောင်း၊ အဆိုပါသစ်သားတံတားမှာ ချောင်းဝကျေးရွာ အတွင်းရှိ အိမ်ခြေ ၆၄၅ အိမ်၊ လူဦးရေ ၂,၂၀၀ ကျော်ကို အကျိုးပြုသောတံတားဖြစ်ပါကြောင်း၊ အဆိုပါတံတားအသစ် ပြန်လည်တည်ဆောက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တင်ပြထားခြင်းမရှိပါကြောင်း၊ ထို့ကြောင့်မို့ လာမည့် ၂၀၂၀-၂၀၂၁ မှာ အဆိုပါ သစ်သားတံတားကို ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်းများ ကို ၂၀၂၀-၂၀၂၁ နောက်ပိုင်း ဘဏ္ဍာရေးနှစ်ကာလများတွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
