(စ)-ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ် ထားသော ပင်ဖြစ်-တောင်ချွန်လမ်း ၁၁ မိုင်ကို အမာခံကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန် အစီအစဉ်ရှိ/မရှိကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀.၇.၂၀၂၀)

ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စု ဆက်သွယ်သွားလာသော ပင်ဖြစ်-တောင်ချွန်လမ်းသည် ၁၁ မိုင်ရှိပြီး ၂၀၀၄-၂၀၀၅ ခုနှစ်မှစတင်၍ ၂၀၁၀ ခုနှစ်အထိ မြို့နယ်စည်ပင်သာယာရေးဌာနမှ နှစ်အလိုက် ကျောက်ကြမ်းလမ်း ငါးမိုင်ခန့်ဆောင်ရွက် ခဲ့သော်လည်း အဆိုပါလမ်းသည် ယခုအချိန်တွင်လုံးဝပျက်စီးယိုယွင်းနေပြီး မိုးတွင်းကာလများတွင် သွားလာရန်ခက်ခဲလျက်ရှိနေပါကြောင်း၊ အဆိုပါလမ်းကို နှစ်စဉ်ပြုပြင်အသုံးပြု၍ သွားလာသောကျေးရွာခြောက်ရွာမှာ ပင်ဖြစ်-လှည်းတိုး-ဗမာတိုး-ပုန်းရွာ-တောင်ချွန်-ပင်စိမ်းပင် ကျေးရွာများဖြစ်ပြီး အိမ်ထောင်စု ၁,၈၂၃ စု၊ အိမ်ခြေ ၂,၃၄၂ အိမ်၊ လူဦးရေ ၁၀,၀၈၄ ဦးရှိပြီး လယ်ယာ စိုက်ဧက ၂,၀၅၆ ဧကတွင် စပါး၊ ပြောင်း၊ ပဲ၊ သရက်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်‌သော အဓိကလမ်းဖြစ်သော ကြောင့် အမာခံလမ်းကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိ နေပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စုဆက်သွယ်သွားလာသော ပင်ဖြစ်-လှည်းတိုး-ဗမာတိုး-ပုန်းရွာ-တောင်ချွန်-ပင်စိမ်းပင် လမ်း ၁၁ မိုင်ကို အမာခံကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်အတွင်းရှိ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင် ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းသည် လမ်းအဆင့် သတ်မှတ်ချက် Class(B) ဦးစားပေးအဆင့်(၂)လမ်းတွင် ပါဝင်သော ပင်ဖြစ်-လှည်းတိုး-ဗမာတိုး-ပုန်းရွာ-တောင်ချွန်-ရှားပင်ရေ-အင်ပုလမ်း အရှည် ၁၀ မိုင် ၄.၇ ဖာလုံနှင့် လမ်းအဆင့်သတ်မှတ်ချက် Class(c) ဦးစားပေးအဆင့်(၂) လမ်းစာရင်းတွင်ပါဝင်သော တောင်ချွန်-ပင်စိမ်းပင်-ဆင်သေလမ်း အရှည် ၇/၄ မိုင်တို့တွင်ပါဝင်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲသောလမ်းများဖြစ်ပါကြောင်း၊ အဆိုပါလမ်းနှစ်လမ်း၏ လက်ရှိအခြေအနေမှာ မြေသားလမ်း များဖြစ်ပြီး ကျေးရွာ ခုနစ်ရွာ၊ အိမ်ခြေ ၂၀၅၉ အိမ်၊ လူဦးရေ ၁၀,၀၀၀ ခန့်တို့ကို အကျိုးပြုသော လမ်းဖြစ်သည့်အတွက် တင်ပြပါလမ်းနှစ်လမ်းအနက်က ပထမလမ်းဖြစ်သော ပင်ဖြစ်-လှည်းတိုး-ဗမာတိုး-ပုန်းရွာ-တောင်ချွန်-ရှားပင်ရေ-အင်ပုလမ်းကို ကျောက်ချောလမ်းခင်းရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် တင်ပြထားပါကြောင်း၊ ရန်ပုံငွေအတည်ပြုချက် ရသည်နှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်သည့်လမ်းတစ်လမ်းဖြစ်သော တောင်ချွန်-ပင်စိမ်းပင်-ဆင်သေလမ်း အဆင့်မြှင့်တင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ နောက်ပိုင်းကာလများ တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။