(ဃ)-ဆီဆိုင်မြို့နယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိနားလွယ်ရွာမှပန်းညင်၊ ဖိုင်ကွမ်း၊ ဖိုင်လင်းထိကျန်ရှိသောလမ်းပိုင်းနှစ်မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀.၇.၂၀၂၀)

ဆီဆိုင်မြို့နယ်တွင် မြို့ပေါ်ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ ခု၊ ကျေးရွာပေါင်း ၃၂၂ ရွာနှင့်ဖွဲ့စည်းထားပြီး လူဦးရေတစ်သိန်းခွဲကျော် နေထိုင်လျက်ရှိကြပါကြောင်း၊ နေထိုင်သည့်ပြည်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြပြီး မွေးမြူရေးကို တစ်ပိုင်တစ်နိုင် တွဲဖက်လုပ်ကိုင်လျက်ရှိပါကြောင်း၊ ကျေးရွာတော်တော် အများစုသည် လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်းကြောင့် ဒေသနေတောင်သူလယ်သမားများ၏ ထွက်ကုန် သီးနှံများ ဈေးကွက်သို့သယ်ယူပို့ဆောင်ရာတွင် စရိတ်စကကြီးမားစွာကုန်ကျသည့် အတွက် တောင်သူများ၏ဝင်ငွေကို ကြီးမားသောဝန်ထုပ်ဝန်ပိုးဖြစ်စေသောကြောင့် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသောအဟန့်အတားများစွာထဲမှတစ်ခုဖြစ်လျက်ရှိပါကြောင်း၊အဘက်ဘက်မှနိမ့်ကျနေသောကျေးလက်နေပြည်သူများအတွက်ပညာရေး၊ ကျန်းမာရေး၊ လမ်း၊လျှပ်စစ်မီးနှင့်ရေကိစ္စများအတွက်သက်ဆိုင်ရာဌာနများမှဘဏ္ဍာငွေကိုယခုထက်မကပိုမိုလျာထားသုံးစွဲသင့်နေပြီဖြစ်ပါကြောင်း၊ ကျေးလက်လမ်းသည် ဘန်းယဉ်ကျေးရွာအုပ်စု အနောက်ခြမ်းနှင့် ပုံအင်းကျေးရွာအုပ်စုဆက်သွယ်ထားသော လယ်ကွင်းများကြားတွင် ရှေးနှစ်များစွာမှ ဒေသခံပြည်သူများ ဖောက်လုပ်ထားသော လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ထို့အပြင် တောင်ကြီး၊ ဟိုပုန်း၊ ဆီဆိုင် နယ်မြေဆက်စပ်လျက်ရှိပြီး ကြီးမားကျယ်ပြန့်သည့် ဟိုပုန်းချိုင့်ဝှမ်းလွင်ပြင်ဒေသလည်း ဖြစ်ပါကြောင်း၊ နန့်သဘက်ချောင်းသည် မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းရာဒေသဖြစ်သည့်အပြင် နာမည်ကြီးလှသည့် နောင်မွန်၊ ပုန်အင်း၊ ခေါက်နန်းခမ်းမှ ဆန်ထွက်ရှိပြီး ရှမ်းတိုင်းရင်းသားများနေထိုင်ရာဒေသ ဖြစ်ပါကြောင်း၊ ၎င်းကျေးလက်လမ်းသည် တောင်ငူ-လွိုင်ကော်-ဟိုပုန်းပြည်ထောင်စုလမ်းမှ မိုင်တိုင်(၁၉၄)ရှိ ဘန်းယဉ် ကျေးရွာအုပ်စု နားလွယ်ရွာမှ ပန်းညင်၊ ဖိုင်ကွမ်း၊ ဖိုင်လင်း၊ ပုန်အင်းကျေးရွာအုပ်စု နောင်စန့်ရွာ၊ ပန်လင်ရွာတို့ကို ချိတ်ဆက်ထားသောလမ်းဖြစ်ပါကြောင်း၊ ဒေသနေပြည်သူ အဓိကကူးလူးဆက်သွယ် သွားလာရာတွင်လည်းကောင်း၊ ထွက်ကုန်ထုတ်ရာတွင်လည်းကောင်း အသုံးပြုလျက်ရှိသည့်လမ်း တစ်လမ်းဖြစ်ပါကြောင်း၊ နန့်တဘက်ချောင်းကိုဖြတ်ကျော်၍ အနောက်ဘက်ကမ်း တောင်ကြီး မြို့နယ်မှ ကျေးရွာပေါင်း ၂၀ ခန့်မှ စိုက်ပျိုးတောင်သူများ မှီခိုသွားလာသော လမ်းတစ်လမ်းလည်း ဖြစ်ပါကြောင်း၊ လူဦးရေ ၁၈,၀၀၀ ခန့်ကို အကျိုးပြုလျက်ရှိသည့်လမ်းလည်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းပေါ်ရှိ အရှည်ပေ ၁၀၀ ရှိ နန့်တဘက်ချောင်းကူးတံတားကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ သွားလာမှုပိုမိုခက်ခဲသည့် အတွင်းပိုင်းကျသော ဖိုင်လင်း-နောင်စန့်ကျေးရွာအထိ သုံးမိုင်ကျောက်ချောလမ်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ပေးခဲ့သော်လည်း ပြည်ထောင်စုလမ်းမမှ ဖိုင်လင်းရွာအထိ ကျန်ရှိနေသေးသောလမ်းနှစ်မိုင်သည် ယခုအခါ ပိုမိုပျက်စီးလာပြီး မိုးရာသီတွင် ရွှံ့အိုင်ကြီးများဖြစ်ပေါ်၍လည်းကောင်း၊ နွေရာသီတွင် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံရာတွင် တွေ့မြင်ခဲ့ရပြီး ဒေသခံတောင်သူများနှင့် ကျေးရွာတာဝန်ရှိသူများသွားလာရာတွင် ခက်ခဲကြမ်းတမ်းသည့် ကျန်ရှိသောလမ်းပိုင်းနှစ်မိုင်အား အမြန်ဆုံးဆက်လက်ချထား ဆောင်ရွက်ပေးနိုင်ရန်အတွက် တင်ပြမေးမြန်းပေးပါရန် အသိပေးပြောကြားလာသည့်အတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းကို ပေးပို့ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၅-၁၆ ခုနှစ်မှ ယခုနှစ်အထိ တစ်ပိုင်းတစ်စကျန်ရှိနေသေးသော လမ်းပိုင်းနှစ်မိုင်နှင့် တံတားငယ်လေးစင်းအား ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဆက်လက်ဆောင်ရွက် ပေးမည့်အစီအစဉ်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရှိ ဘန်းယဉ်ကျေးရွာအုပ်စု၊ နားလွယ်-ပန်းညင်-ဖိုင်ကွမ်း-ဖိုင်လင်း-နမ့်ကွတ်-နောင်စန့်လမ်းအရှည် ၄/၇ မိုင်သည် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊လက်ရှိအခြေအနေသည် ကျောက်ချောလမ်းသုံးမိုင်နှင့် ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထဖောက်လုပ်ထားသော မြေသားလမ်း ၁/၇ မိုင်တို့ရှိပြီး ကျေးရွာငါးရွာ၊ အိမ်ခြေပေါင်း ၂၉၂ အိမ်နှင့် လူဦးရေပေါင်း ၁၇၀၀ ကျော်တို့ကို အကျိုးပြုသည့်လမ်းဖြစ်ပါကြောင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု အတွင်းရှိ နားလွယ်-ပန်းညင်-ဖိုင်ကွမ်း-ဖိုင်လင်း-နမ့်ကွတ်-နောင်စန့်ကျေးရွာချင်းဆက်လမ်းသည် လမ်းအဆင့် သတ်မှတ်ချက် Class(A)ဦးစားပေးအဆင့်(၁)လမ်းတွင်ပါဝင်ပြီး ယခုလက်ရှိ ကျန်ရှိနေသည့် မြေသားလမ်း ၁/၇ မိုင် ကျန်ရှိပါကြောင်း၊ ကျောက်ချောလမ်းခင်းရန်အတွက် ယခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။