ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မ(၂၉၂) မြေစာရင်း ဦးစီးဌာနအကွက် အမှတ်(၃၅) ဦးပိုင်အမှတ်(၃၂၀) မြေကွက်အမှတ်(၂၀၈)ရှိ ဧရိယာ ဝ.၂၄၈ စတုရန်းပေ ၁၀၈၀ စု မြေဥပစာနှင့် ခါလ်ဆာကျောင်းအဆောက်အဦရှိပါကြောင်း၊ အထက်ပါ ခါလ်ဆာ ကျောင်းအဆောက်အဦကို စတင်ချပေးစဉ်ကပင် မြေခွန်တော်အမှုတွဲ အမှတ်(၅၀) အရ အိန္ဒိယမျိုးနွယ်ဝင် ဆစ်ခ် ဘာသာဝင်များ၏ ဆစ်ခ်ဘုရားကျောင်း ဂေါပက အမည်ပေါက်ခြင်း၊ စတင်ငှားရမ်းချိန်ကစ၍ ယနေ့အချိန်ထိ တစ်လလျှင် ငှားရမ်းခငွေ ၂၇၅ ကျပ်နှုန်းဖြင့်သာရရှိခြင်း၊ ထိုအဆောက်အဦသည် နှစ်ပေါင်း ၄၇ နှစ် ကျော်ကြာမြင့်ပြီး သံချောင်းများမပါ၊ ရွှံ့ကျောက်များဖြင့်သာ အသုံးပြုခဲ့ခြင်း၊ လွန်ခဲ့သည့် ငါးနှစ်ခန့်က ပေ ၃၀ ခန့်အထိ အက်ကွဲပျက်စီးခဲ့သည်ကို ယာယီသာ ဖာထေးပေးခဲ့ရခြင်းတို့ကြောင့် အချိန်မရွေးပြို ကျနိုင်ခြင်းနှင့် စိုးရိမ်ဖွယ်အနေအထားသို့ ရောက်ရှိနေပါသောကြောင့် အဆိုပါဥပစာနှင့် အဆောက်အဦကို မူလပိုင်ရှင်ဖြစ်သော အိန္ဒိယမျိုးနွယ်ဝင်ဆစ်ခ် ဘာသာဝင်များ၏ ဆစ်ခ်ဘုရား ကျောင်းဂေါပကသို့ ပြန်လည်ပေးအပ်နိုင်ခြင်း ရှိ/မရှိနှင့် ပြန်လည်ပေးအပ်နိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်(၂၉၂) အိန္ဒိယမျိုးနွယ်ဝင် ဆစ်ခ်ဘာသာဝင်၏ ဆစ်ခ်ဘုရားကျောင်း ဂေါပကအမည်ပေါက် ခါလ်ဆာကျောင်း အဆောက်အဦနှင့်ပတ်သက်၍ ၎င်းကျောင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အမှတ်(၂၉၂)၊ (ဂ)ရပ်ကွက်၊ အမှတ်(၃၅)၊ ဦးပိုင်အမှတ်(၃၂၀) မြေကွက်အမှတ်(၂၀၈) မြေဧရိယာ ဝ.၂၄၈ ကျယ်ဝန်းသည့်မြေပေါ်တွင် ကျောင်းဆောင် ၁၂၇.၅ ပေ နှစ်ထပ်ဆောင်ကို ၁၉၆၂ ခုနှစ်တွင် ဆစ်ခ်လူမျိုးများက တည်ဆောက်ခဲ့ပြီး ဆစ်ခ်လူမျိုးပိုင် ခါလ်ဆာကျောင်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်းဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ငှားရမ်းခမှာ တစ်လလျှင် ၂၇၅ ကျပ်ဖြင့် ငှားရမ်းခြင်းဖြစ်ပါကြောင်း။ ယခုအချိန်တွင် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသားကျောင်းသူ ၈၂ ဦး၊ ဝန်ထမ်းခြောက်ဦး၊ စာသင်ခန်း ငါးခန်း၊ ရုံးခန်း တစ်ခန်း၊ ကျောင်းအုပ်ကြီး ရုံးခန်းတစ်ခန်းဖြင့် ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါကြောင်း။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်အသုံးပြုရန် မြေနေရာမရှိခြင်း၊ ကျောင်းမြေနေရာရွေးချယ်တင်ပြရန် အခက်အခဲရှိခြင်းတို့ကြောင့် ယခုအချိန်တွင် ပြန်လည်ပေးအပ်နိုင်ခြင်းမရှိသေးပါကြောင်းနှင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ သဘောထားမှတ်ချက် တောင်းခံဆောင်ရွက်ထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နန်းဝါနု(ကွန်ဟိန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၂၅-၁၁-၂၀၁၄ ရက်နေ့တွင် ခါလ်ဆာကျောင်းကိစ္စနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းတို့က အထောက်အထားပြည့်စုံ၍ ပြန်ပေးလည်ပေးအပ်ရမည်ဟု မိမိအား ပြန်လည်တင်ပြခဲ့သည်ကို သိရှိခြင်း ရှိ/မရှိနှင့် ရှမ်းပြည်နယ်အစိုးရ၏ သဘောထားကို အလျင်အမြန်ရယူပေးနိုင်ခြင်း ရှိ/မရှိ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မြေကွက်များကို ပြည်သူလူထုများနှင့် ဝန်ထမ်းများ၊ ကိုယ်စားလှယ်များအား မြေကွက်နေရာချထားပေးသည်မှာ မြေနေရာရှိသေးကြောင်း ပေါ်လွင်နေပါသဖြင့် အဆိုပါမြေနေရာအား အလျင်အမြန်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ။ အဆိုပါကျောင်းအဆောက်အဦတွင် နှစ်ပေါင်း ၄၇ နှစ်ကျော်ကြာမြင့်သည့်အတွက် အချိန်မရွေးပြိုကျနိုင်ပြီး ဆရာ/မများ၊ ကလေးများအသက်အန္တရာယ်ရှိသည်ကို သိရှိသဖြင့် ၎င်းတို့၏ အသက်ကိုအစိုးရက မည်ကဲ့သို့ အာမခံချက်ပေးပါမည်နှင့် ထိုအဆောက်အဦ ပြိုကျပျက်စီးသွားပါက မူလပိုင်ရှင်ကို ယခုလက်ရှိ ပေါက်ဈေးအတိုင်း ပေးလျော်နိုင်မည်လား ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသန့်ရှင်း
ပညာရေးဝန်ကြီးဌာနသည် ဒေသခံများ၏ ပညာရေးကို အားပေးခြင်းသာဖြစ်ပါကြောင်း။ အဆိုပါကျောင်းကို ချက်ချင်းဖျက်သိမ်းမည်ဆိုပါက ယင်းဒေသရှိ ကျောင်းသူကျောင်းသားများ၏ ပညာရေးထိခိုက်မည် ဖြစ်ခြင်းကြောင့် အဆိုပါဒေသအနီးတစ်ဝိုက်တွင် ကျောင်းကိုပြန်လည်ထားရှိနိင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း။ ကျန်ရှိသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ၏ သဘောသဘာဝအတိုင်း ဖြစ်သည့်အတွက် ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းတင်ပြချက်များကို ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည် မေးမြန်းပေး မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
