(ခ)-သစ်တော စိုက်ခင်းများကို ပုဂ္ဂလိက တစ်ပိုင် တစ်နိုင်မှ စီးပွားဖြစ်စိုက် ပျိုးခွင့်နှင့် သစ်တော စိုက်ခင်းအား လွှဲပြောင်းခြင်း၊ အမွေဆက်ခံခြင်း ခွင့်ပြု၊ မပြုကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၁.၁၀.၂၀၁၄)

ဦးဝင်းကို (ဆီဆိုင်) တောနေပြည်သူများသည် မိဘဘိုးဘွားစိုက်ပျိုးထိန်းသိမ်းထားသော လယ်စည်းရိုး၊ ခြံစည်းရိုး အဖိုးတန်၊ အဖိုးမတန်သစ်များကို အသုံးပြုရာ၌ မကြာမကြာတာဝန်ရှိပုဂ္ဂိုလ်များ၏ အရေးယူခံရ၊ ငွေညှစ်ခံရမှုများအပြင် အချုပ်ကျ၊ ထောင်ကျသည်အထိ တွေ့နေရှိနေရပါကြောင်း၊ထို့ကြောင့် သစ်ပင်သစ်တော ချစ်စိတ်များလည်း ပြောင်းလာကြပါကြောင်း၊ မြန်မာနိုင်ငံတော်သည် မြေပေါ်မြေအောက် သဘာဝသယံဇာတများစွာ အမွေခံကောင်းနိုင်ငံဖြစ်သော်လည်း နိုင်ငံတော်စီးပွားရေးလိုအပ်ချက်၊ တိုင်းရင်းသားလက်နက် အဖွဲ့အစည်း များ လိုအပ်ချက်၊ မသမာသော စီးပွားရေးလုပ်ငန်းရှင်များနှင့် လူဦးရေများပြားလာခြင်း၊ ပြည်သူ့စာဝတ်နေရေး ခက်ခဲမှုကိစ္စများ ကြောင့် မြေပေါ်မြေအောက်သယံဇာတများ  အချိန်တိုအတွင်း ပျောက်ဆုံးယိုယွင်းသွားပြီး ဥတုရာသီပြောင်းလဲသည့်အထိ တွေ့မြင်နေရပါကြောင်း၊  မြေအောက်သယံဇာတကုန်ဆုံးမှု ပြန်လည်မရနိုင် သော်ငြားလည်း မြေပေါ်သဘာဝသယံဇာတကို မှန်ကန်သောမူဘောင်ဖြင့် ဝိုင်းဝန်းပြန်လည်စိုက်ပျိုးထိန်းသိမ်း ကြိုးစားပါက ပြန်လည်ရရှိနိုင်ပါကြောင်း၊ ပြန်လည်စိုက်ပျိုးထိန်းခြင်းများကို ဝန်ကြီးဌာနတစ်ခုဖြင့် တစ်နိုင်ငံလုံးဒေသအနှံ့ မည်ကဲ့သို့မှ လွှမ်းခြုံနိုင်မည်မဟုတ်ဘဲ နိုင်ငံတော်ပုဂ္ဂလိက ပြည်သူများ လက်တွဲညီညီ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အကျိုးခံစားမှု မှန်ကန်စွာရေးဆွဲသတ်မှတ်နိုင်မှသာ သဘာဝပတ်ဝန်းကျင် ပြန်လည်စိမ်းလန်းစိုပြေပြီး နိုင်ငံရောပြည်သူများပါ စဉ်ဆက်မပြတ်ဝင်ငွေထာဝရ ရရှိကြမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် (၁) ပုဂ္ဂလိကတစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်စိုက်ပျိုးခွင့်ရှိ/မရှိ။ (၂) ပုဂ္ဂလိကမှ စိုက်ပျိုးနိုင်သည့် မြေနေရာ၊ မြေအမျိုးအစားများ၊ (၃) ပုဂ္ဂလိကစိုက်ခင်းများ ခွင့်ပြုခြင်း၊ မှတ်ပုံတင်ခြင်း မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်း။ (၅) နှစ်ရှည်စီမံကိန်းကြောင့် မိမိသစ်တောစိုက်ခင်းအား လွှဲပြောင်းခြင်း၊ အမွေ ဆက်ခံခြင်း ခွင့်ပြုခြင်းရှိ/မရှိ။ (၆) သစ်တောစိုက်ခင်းမှထွက်ရှိလာသည့် သစ်အမျိုးအစားများကို နိုင်ငံတော်သို့ မည်သည့်အချိုးအစားဖြင့် အခွန်ပေးဆောင်ရမည်နည်း။ (၇) အခွန်ဆောင်ပြီးသစ်များကို လွတ်လပ်စွာရောင်းချ အသုံးပြုခွင့် ပေးခြင်းရှိ/မရှိများကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်
အဖြေ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သစ်တောစိုက်ခင်းများကို ပုဂ္ဂလိက တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးခွင့်ရှိ/မရှိနှင့်ပတ်သက်၍ သစ်တော သယံဇာတ ရေရှည်တည်တံ့ စေရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွှံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သစ်တော ဥပဒေအရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ အတွင်းရှိ တောနိမ့်၊ တောပျက် များမှာ ပုဂ္ဂလိကစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများကို ၂၀၀၆ ခုနှစ်မှစတင်ပြီး စနစ်တကျစိစစ် ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ထိုသို့ခွင့်ပြုရာတွင် မြေနေရာဦးသူများ မဖြစ်ပေါ်စေရေးအတွက် ပုဂ္ဂလိက စိုက်ခင်းစိုက်ပျိုးရန် လျှောက်ထားလာပါက သေချာစွာစိစစ်၍ တစ်ကြိမ်လျှင် ကျွန်းစိုက်ခင်း ဧက ၅၀၀၊ သစ်မာစိုက်ခင်း ဧက ၁၀၀၊ ရော်ဘာနှင့် စက်မှုကုန်ကြမ်းစိုက်ခင်းအတွက် ဧက ၂၀၀ ကို ခွင့်ပြုပေး လျက်ရှိပါကြောင်း၊ အဆိုပါ ဧရိယာများတွင် ပိုမိုပြီး စီးပွားဖြစ်ဆောင်ရွက်လုပ်ကိုင်လိုပါက အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းပေးမည့် မြေနေရာလုပ်ကွက်များကို များစွာသောဧကအတွက် စီမံဆောင်ရွက်ပေးနိုင်ပါ ကြောင်း၊

ပုဂ္ဂလိကစိုက်ခင်းများကို ၂၀၀၆ ခုနှစ်မှစတင်ခွင့်ပြုခဲ့ရာ ယနေ့အထိ စုစုပေါင်း ပုဂ္ဂလိက ကျွန်းစိုက်ခင်း ၂၁၈၉၄၉ ဧကကို ခွင့်ပြုပေးခဲ့ပြီး ၁၁၄၆၃၂ ဧကကို စိုက်ပျိုးတည်ထောင်ပြီး ဖြစ်သည့်နည်းတူ ပုဂ္ဂလိကသစ်မာစိုက်ခင်း ၁၃၂၈၃ ဧကကို ခွင့်ပြုပေးခဲ့ပြီး ၅၀ ရာခိုင်နှုန်း စိုက်ပျိုးလုပ်ကိုင်ပြီးဖြစ်သည့်အပြင် ပုဂ္ဂလိကရော်ဘာ၊ ဆီအုန်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း အတွက် ကိုးသိန်းခန့် ခွင့်ပြုခဲ့ပြီး ၅၀ ရာခိုင်နှုန်းတည်ထောင်ပြီးဖြစ်ပါကြောင်းနှင့် ကျန်ခွင့်ပြုဧရိယာဧက များတွင်လည်း လုပ်ငန်းစီမံချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ပုဂ္ဂလိက စိုက်ပျိုးနိုင်သောမြေနေရာများတွင် မြေအမျိုးအစား၊ သစ်အမျိုးအစားများနှင့် ပတ်သက်၍ မိမိတို့ ဝန်ကြီးဌာန စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေထဲတွင် တောနိမ့်၊ တောပျက်များကို ပြန်လည်ဖွံ့ဖြိုး ရန် သဘာဝ တောများကို ထိန်းသိမ်းရန်မလွယ်ကူသောမြေများတွင် သစ်တောစိုက်ခင်းဇုန်အဖြစ်နဲ့ သတ်မှတ်ပြီး ခရိုင်အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများတွင် ထည့်သွင်း ရေးဆွဲကာ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လည်း သဘာဝနယ်မြေများ၊ ရေဝေရေလဲ ထိန်းသိမ်းသော နယ်မြေအတွင်းတွင် ပုဂ္ဂလိကစိုက်ခင်းများကို ခွင့်မပြုနိုင်ပါကြောင်း၊

ပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည်ထောင်ခွင့်ပြုရာတွင် ကျွန်းနှင့်သစ်မာမျိုးစုံစိုက်ခင်း ထူထောင်ခြင်း၌ နိုင်ငံတော်၏အခြေခံလိုအပ်ချက်ဖြည့်ဆည်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြပါ သစ်မျိုးများကို ခွင့်ပြုလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း သစ်မျိုးနှင့် သက်ဆိုင်ရာ ရာသီဥတု၊ မြေ ကိုက်ညီသည့်အပေါ်တွင်သာ စိစစ်ခွင့်ပြုတာ ဖြစ်ပါကြောင်း၊ ပဲခူးရိုးမဧရိယာတွင် မြန်မာ့ကျွန်းသစ်များ မူရင်းဒေသဖြစ်ခြင်ကြောင့် ကျွန်းသစ်များကို အဓိကထားစိုက်ပျိုးခွင့်ပြုလျက်ရှိပြီး ကျွန်းပေါက်ရောက်မှု မကောင်းသည့်ဒေသများတွင် သစ်မာမျိုးစုံ စိုက်ပျိုးခွင့်ပြုလျက်ရှိပါကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် ပုဂ္ဂလိကစိုက်ခင်းများကို ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(က)နှင့် ၁၉၉၅ ခုနှစ်၊ သစ်တောနည်း ဥပဒေများပုဒ်မ ၂၀ ပုဒ်မခွဲ (က)တို့အရ ကျွန်တော်တို့ စိစစ်ခွင့်ပြုလျက်ရှိပါကြောင်း၊ သစ်တောဥပဒေပုဒ်မ ၈ အရ ကျွန်းသည် နိုင်ငံပိုင်ဖြစ်ခြင်းကြောင့် ပုဂ္ဂလိကကျွန်းစိုက်ခင်းတည်ထောင်စိုက်ပျိုးခွင့်ကို သစ်တောဥပဒေပုဒ်မ ၁၄ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး ခွင့်ပြုပေးလျက်ရှိပါကြောင်း၊

မိမိသစ်တောစိုက်ခင်းအား လွှဲပြောင်းခြင်း၊ အမွေဆက်ခံခြင်းနှင့်ပတ်သက်၍ ခွင့်ပြုစိုက်ပျိုး ထားသော ပုဂ္ဂလိကကျွန်းစိုက်ခင်း၊ သစ်မာစိုက်ခင်းများ လုပ်ကိုင်ခွင့်ရသော သက်တမ်းကာလအတွင်း လုပ်ကိုင်ခွင့်ရသူ ကွယ်လွန်လျှင် ၎င်း၏အမွေဆက်ခံခွင့်ရရှိသူက အမွေဆက်ခံပိုင်ခွင့်နှင့်ပတ်သက်သည့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခိုင်လုံသော အထောက်အထားတင်ပြပြီး မိမိတို့ဝန်ကြီးဌာနမှ စိစစ်ခွင့်ပြု ဆက်လက်လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပါကြောင်း၊ လုပ်ကိုင်ခွင့်ပြုထားသော မြေအားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း  ဌာန၏ ခွင့်ပြုချက်မရှိဘဲ ပေါင်နှံခြင်း၊ ရောင်းချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းကို ခွင့်မပြုကြောင်း စည်းကမ်းချက်များတွင် ထည့်သွင်းဖော်ပြထားပါကြောင်း၊ သစ်တောစိုက်ခင်းမှ ထွက်ရှိ လာသော သစ်အမျိုးအစားများကို နိုင်ငံတော်သို့ အခွန်ပေးဆောင်ခြင်းနှင့် ပတ်သက်၍  ပုဂ္ဂလိက ကျွန်းစိုက်ခင်းမှထွက်ရှိလာသော ကျွန်းသစ်များကို တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း နိုင်ငံတော်ကို ပေးသွင်းရ မှာဖြစ်ပြီး ပုဂ္ဂလိက သစ်မာစိုက်ခင်းမှထွက်ရှိသော သစ်၊ တိုင်၊ မျောများကို သစ်တောဦးစီးဌာနမှ သတ်မှတ်ထားသော အခွန်တော်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ အခွန်ဆောင်ပြီးသစ် များကို လွတ်လပ်စွာရောင်းချ အသုံးပြုခွင့်နှင့်ပတ်သက်လို့ ခွင့်ပြုထားသောပုဂ္ဂလိက သစ်တော စိုက်ခင်းမှထွက်ရှိသော အခွန်ဆောင်ပြီး မျော၊ တိုင်နှင့်သစ်များကို နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများ၊ သစ်တောဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်တွင်းသုံးစွဲရန်အတွက် ရောင်းချနိုင်ပြီး ပြည်ပသို့တင်ပို့ရောင်းချလိုပါက မြန်မာ့သစ်လုပ်ငန်းသို့ ဆက်သွယ်ညှိနှိုင်း၍ တည်ဆဲလုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။