စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေသည့် ရှားတောမြို့နယ်သည် တောတောင်ထူထပ်သော ဒေသဖြစ်သည့် အတွက် စီးပွားရေးခက်ခဲပါကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အဓိကစိုက်ပျိုးရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး လယ်မြေထက်ယာမြေမှာ ပိုများပါကြောင်း၊ မြို့နယ်အကျယ်အဝန်း ဧက ၅ သိန်းကျော် ရှိသော်လည်း စိုက်ပျိုးမြေ ဧက ၈၀၀၀ ကျော်ခန့်သာရှိပြီး ကျန်ရှိသည့် မြေများမှာ သစ်တောမြေများနှင့် မြေလွတ်မြေရိုင်းများသာ ဖြစ်ပါကြောင်း၊ မြေယာမရှိသည့် ဆင်းရဲသားပြည်သူများ အနေဖြင့် စိုက်ပျိုးမြေဖော်ထုတ်ရန် အလွန်ခက်ခဲလှပါကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် တောင်ယာများမှာ မိသားစုဝမ်းစာဖူလုံရေးကိုသာ အဓိကထား စိုက်ပျိုးနေရသည့် ရွှေ့ပြောင်းတောင်ယာများသာ ဖြစ်ပါပြီး နှစ်စဉ် ရွှေ့ပြောင်းခုတ်ထွင်ရသည့်အတွက် သစ်တောပြုန်းတီးခြင်းများရှိပြီး ပတ်ဝန်းကျင် ထိခိုက်မှုရှိပါကြောင်း၊ ရှားတောမြို့နယ်အတွင်း သင့်လျော်သည့် နေရာများတွင် အမြဲတမ်းစိုက်ပျိုးနိုင်သော ကုန်းမြင့်လယ်ယာ ဖော်ထုတ်ပေးနိုင်မည်ဆိုပါက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လက်ရှိသမားရိုးကျ စိုက်ပျိုးနေသော လယ်ယာများကိုလည်း မြှင့်တင်စိုက်ပျိုးနိုင်ရန် လိုအပ်သောနည်းပညာ၊ မျိုးကောင်းမျိုးသန့်များနှင့် အရင်းအနှီးများ ပံ့ပိုးပေးနိုင်ရေးကိုလည်း ပြည်သူများမှ တင်ပြလာပါကြောင်း၊ သို့ဖြစ်ပါ၍ ရှားတောမြို့နယ်အတွင်း ကုန်းမြင့်လယ်ယာဖော်ထုတ်ပြီး လိုအပ်သည့် နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် အရင်းအနှီးများ ပံ့ပိုးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ကုန်းမြင့်လယ်ယာစီမံကိန်းရုံး (၄) ရုံး ဖွင့်လှစ်ပြီး ကုန်းမြင့်လယ်ယာဖော်ထုတ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ၁၄၅၄၉ ဧက၊ ချင်းပြည်နယ်တွင် ၂၆၃၈ ဧက ဖော်ထုတ်ပေးခဲ့ပြီး ကယားပြည်နယ်တွင် ကုန်းမြင့်လယ်ယာ စီမံကိန်းရုံး ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အဆိုပါစီမံကိန်း ရုံး (၄) ရုံး၏ ကုန်းမြင့်လယ်ယာ ဖော်ထုတ်ရေးလုပ်ငန်းများကို ဒေသလိုအပ်ချက်များနှင့် လျော်ညီစွာ ထိထိရောက်ရောက် စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခြင်းမပြုတော့ဘဲ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များသို့ လုပ်ငန်းနှင့် ဘတ်ဂျက်အပါအဝင် လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်အစိုးရအဖွဲ့များမှ မိမိပြည်နယ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်း သတ်မှတ်ကာ လိုအပ်သော ရန်ပုံငွေများ တောင်းခံပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈၊ ဇယား (၂) အရ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ မြေပြင်အခြေအနေနှင့် ကိုက်ညီသော စီမံချက်များရေးဆွဲခြင်း၊ လိုအပ်သည့် ရန်ပုံငွေများ တောင်းခံခြင်း၊ ဥပဒေပြုခွင့်များကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားပြီးဖြစ်ပါကြောင်း။
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသ၏ ပကတိအခြေအနေအရ အမှန်လိုအပ်ချက်အပေါ် ကွင်းဆင်းစိစစ်၍ ပြည်နယ်အစိုးရရန်ပုံငွေ၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်၌ ဒီမောဆိုမြို့နယ်တွင် ၁၀၀ ဧက၊ ဖရူဆိုမြို့နယ်တွင် ၁၀၀ ဧကနှင့် မယ်စဲ့မြို့နယ်တွင် ၁၀၀ ဧက၊ စုစုပေါင်း ၃၀၀ ဧက ကို ကုန်းမြင့်လယ်ယာ ဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အစိုးရ၏ လိုအပ်ချက်အရ ဘောလခဲမြို့နယ်တွင် ကုန်းမြင့်လယ်ယာ ၅၀ ဧကနှင့် ဒီမောဆိုမြို့နယ်တွင် ကုန်းမြင့်လယ်ယာ ၅၀ ဧက၊ စုစုပေါင်း ကုန်းမြင့်လယ်ယာ ဧက ၁၀၀ ဖော်ထုတ်ရန် ကယားပြည်နယ်အစိုးရအဖွဲ့က ရွေးချယ်သတ်မှတ်ပြီး ပြည်နယ်အစိုးရရန်ပုံငွေ၌ ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ရှားတောမြို့နယ်၏ လိုအပ်ချက်များကို လာမည့်ဘဏ္ဍာနှစ်များတွင် ရန်ပုံငွေ ဆက်လက်တောင်းခံနိုင်ရန် တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်များကို ယခုနှစ်မိုးရာသီတွင် ပုလဲသွယ်စပ်မျိုး ၂၄၅ ကီလို၊ အထွက်ကောင်းစပါးမျိုး ၆၉၈ တင်း၊ အစေ့ထုတ်ပြောင်းစပ်မျိုး ၁၃၀၀ ကီလို၊ မြေပဲဆင်းပဒေသာ(၆) ၃၄၈ တင်း၊ နှမ်းဆင်းရတနာ(၃) ၁၈၇ တင်း၊ ပဲစင်းငုံငါးဆံပဲ ၆ တင်းကို ရှားတောမြို့နယ်အတွင်း ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရှားတောမြို့နယ်အတွင်း ပညာပေးလုပ်ငန်းများကို ၂၀၁၄-၁၅ မိုးရာသီတွင် သိပ္ပံနည်းကျစိုက် နည်းစနစ် စံပြကွက် ၆၀ ဧကနှင့် ဆီထွက်သီးနှံ ဆင်းရတနာ-၃ နှမ်းစံပြကွက်တစ်ဧကကို ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးနည်းပညာပေးသင်တန်း (၇) ကြိမ် ဆောင်ရွက်ခဲ့ရာတွင် တောင်သူပေါင်း ၁၅၄ ဦး တက်ရောက်ခဲ့ပါကြောင်း၊ ထို့အပြင် ရှားတောမြို့နယ်အတွင်း စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နည်းပညာနှင့် မျိုးကောင်းမျိုးသန့်များကို ဆက်လက်ပံ့ပိုး ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နန်းနွံ (ရှားတော) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု ဘဏ္ဍာငွေရအသုံးဆိုင်ရာဥပဒေအရ နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ရှားတောမြို့နယ်အတွင်း ပျက်စီးလျက်ရှိသော ရေလွှဲဆည် ၁၂ ခုအား အဆင့်မြှင့်တင် တည်ဆောက်ခြင်းအတွက် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကတစ်ဆင့် ကျပ်သန်းပေါင်း ၁၆၉.၅ သန်းကို ခွင့်ပြုပေးအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ရှားတောမြို့နယ်သည် ယခုအချိန်တွင် ငြိမ်းချမ်းရေးအလင်းရောင်လည်း ပေါ်ထွန်းလာပြီဖြစ်သည့်အတွက် ရှားတောမြို့နယ်အတွင်း ယခင်က အဖက်ဖက်သွားရောက်ပြီး ခိုလှုံနေထိုင်ကြရသော ဒေသခံပြည်သူများသည် ပြန်လည်ရောက်ရှိ နေထိုင်လာကြပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းတို့၏ အဓိကစားဝတ်နေရေးအတွက် ရွှေ့ပြောင်းတောင်ယာခုတ်သည့် လုပ်ငန်းကိုပဲ အဓိကလုပ်ကိုင်ကြရသည့်အတွက် သစ်တောများ ပိုမိုပြုန်းတီးပြီး ပတ်ဝန်းကျင်ထိခိုက်မှုများ ပိုမိုများလာမည်ကို စိုးရိမ်ရပါကြောင်း၊ ပြည်သူများအတွက် စီးပွားရေးဖွံ့ဖြိုးရန် တင်ပြပါ ကုန်းမြင့်လယ်ယာကို မဖြစ်မနေဖော် ထုတ်ပေးရန် ချက်ချင်းမဟုတ်သော်လည်း ရေရှည်စီမံချက်ထားပြီး ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုဝန်ကြီးဌာနက ပူးပေါင်းပြီး စီစဉ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှားတောမြို့နယ်အတွင်း၌ အဓိကစိုက်ပျိုးသီးနှံမှာ နှမ်းဖြစ်သည့်အတွက် ဒေသနှင့် ကိုက်ညီသော နှမ်းမျိုးကောင်းများကို ပိုပြီး ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးကိစ္စနှင့်ပတ်သက်၍ မိမိတင်ပြသွားသကဲ့သို့ လိုအပ်သောဘတ်ဂျက် ရန်ပုံငွေကိစ္စများကို သက်ဆိုင်ရာပြည်နယ်အစိုး၏ ရန်ပုံငွေမှ ဆက်လက်တောင်းခံစေပြီး ဖော်ထုတ်မည့် နည်းပညာများကို မိမိတို့ ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့် စက်ပစ္စည်းနှင့် နည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ်၌ ရှားတောမြို့နယ်တွင် စပါး ၂၉၀၀ ဧက၊ အစေ့ထုတ်ပြောင်း ၂၆၀ ဧက၊ မြေပဲ ၂၂၃ ဧက၊ နှမ်း ၂၈၄၁ ဧကနှင့် ပဲမျိုးစုံ ၁၁၆ ဧက စိုက်ပျိုးထားပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသော နှမ်းသီးနှံသည် ရှားတောမြို့နယ်အတွက် အဓိကအရေးကြီးသော စိုက်ပျိုးသီးနှံဖြစ်သည့်အတွက် ယခုနှစ်တွင်စတင်၍ နှမ်း ဆင်းရတနာ-၃ မျိုးကို ၁၈၇ တင်း မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ လိုအပ်ချက်ပေါ်မူတည်ပြီး နှမ်းမျိုးကောင်းမျိုးသန့်နှင့် ပဲမျိုးစုံဖြစ်သော ပဲစင်းငုံ အဓိကဖြစ်သည့်အတွက် ပဲမျိုးစုံမျိုးများကိုလည်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
