(ဃ)-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယသိပ္ပံကျောင်းများမှ သင်တန်းပြီး မြောက်သည့် သင်တန်းသားသင်တန်းသူများကို ကျောင်းဆင်းပြီးနောက် အခြေခံပညာကျောင်းများ တွင် ကျောင်းသားကျောင်းသူများ၊ အားကစားနှင့် ကာယပညာသင်ကြားနိုင်ရန်အတွက် အခြေခံ ဝန်ထမ်းနေရာ ခန့်ထားပေးခြင်းအား ပညာရေးဝန်ကြီးဌာနနှင့် စီမံဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် ၎င်းမေးခွန်းကို ၂၀၁၉ ခုနှစ် ဇွန်လတွင်တင်သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ မေးခွန်းက ဟောင်းနေသော်လည်း အားကစားနှင့် ကာယသိပ္ပံကျောင်းဆင်းများ၏ အလုပ်အကိုင်အခွင့်အလမ်း များသည် အဆင်မပြေကြသေးသည့်အတွက် မအိုသေးသည့် မေးခွန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများကို ၁၉၉၂ ခုနှစ်က ရန်ကုန်မြို့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှစတင်၍ အားကစားနှင့် ပညာရေးပေါင်းစပ်သင်ကြားရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အတန်းပညာကို တက္ကသိုလ်ဝင်တန်းအဆင့်အထိ နှစ်သက်ရာအားကစားပညာရပ်(၂၅)မျိုးနှင့် ပူးတွဲ သင်ကြားရသည့်အတွက် ပင်ပန်းခက်ခဲလှသော သိပ္ပံကျောင်းသင်တန်းများဖြစ်ပါကြောင်း၊ ယနေ့ ဆိုလျှင် ၂၂ ရက်ကျော်တိုင် ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လအထိ မြို့ကြီးခြောက်မြို့ တွင် သင်တန်းသား ၉၅၀ ဦးကို အားကစားအမျိုးအစား ၂၅ မျိုး နှစ်သက်ရာသင်ကြားလျက်ရှိကြောင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)ကိုယ်စားလှယ်မေးခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းကတစ်ဆင့် မှတ်သားခဲ့ရပါကြောင်း၊
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အားကစားနှင့် ကာယသိပ္ပံကျောင်းဆင်းပြီးရုံနှင့် မူလတန်းပြ ကာယဖြင့်မခန့်ထားနိုင်ကြောင်း ဘွဲ့တစ်ခုခုထပ်မံရရှိမှသာ ကာယဆရာအလယ်တန်းပြ ခေါ်သည့် အခါ လျောက်ထားနိုင်ကြောင်း ဖြေကြားခဲ့ပါသော်လည်း အားကစားနှင့်ပညာရေး ပေါင်းစပ်ရန် အတွက် ၂၀၁၈ ခုနှစ် မတ်လက ကျင်းပခဲ့သော အမျိုးသားအားကစားနှီးနှောဖလှယ်ပွဲ (National Sport Seminar 2018) ကို ကျင်းပခဲ့ပါကြောင်း၊ ရလဒ်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းစီမံပြီး လစ်လပ်နေသည့် ကာယဆရာဆရာမများနေရာတွင် အရည်အချင်းပြည့်မီသည့် ဆရာဆရာမများခန့်ထားရန် ဆောင်ရွက်သင့်ကြောင်း သဘောတူ နားလည်ခဲ့ကြပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် ၎င်းကိစ္စနှင့်ပတ်သက်ပြီး အားကစားနှင့် ကာယသိပ္ပံ ကျောင်းဆင်းများကို ဝန်ထမ်းနေရာခန့်ထားရန် ပညာရေးဝန်ကြီးဌာနနှင့် မည်သို့ ဆက်သွယ် ဆောင်ရွက်စီမံထားသည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
သင်တန်းဆင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယဦးစီးဌာနတွင် နည်းပြနှင့် အားကစားမှူးရာထူးများ ခန့်ထားပေးသော်လည်း သင်တန်းဆင်းအများအပြားအတွက် ခြုံငုံလုံလောက်ခြင်းမရှိသည့် အခြေအနေတွင် ပညာရေးဝန်ကြီးဌာနကလည်း ဘွဲတစ်ခုရမှခန့်မည် ဆိုသည့်အတွက် သိပ္ပံကျောင်းဆင်း၊ သင်တန်းဆင်းများအတွက် ၁၀ တန်းမအောင်ပါက ၎င်းတို့၏ အနာဂတ်ပျောက်နေပြီ ဖြစ်သည့်အပြင် ထပ်မံတိုးချဲ့မည့် အားကစားသိပ္ပံများအတွက် စီမံကိန်း လျာထားရန် သိပ္ပံတစ်ခုစီကို ကျပ်သန်းပေါင်း ၆၀၀၀ လျာထားကြောင်း ၂၀၁၉-၂၀၂၀ ဘတ်ဂျက် စိစစ်ရာတွင် သိရပါကြောင်း၊ သိပ္ပံကျောင်းဆင်းတစ်ယောက်အတွက် နိုင်ငံတော်၏ကုန်ကျငွေသည် အခြေခံပညာကျောင်းဆင်း ကျောင်းသားတစ်ယောက်ထက် များစွာပိုကုန်ကျမည်မှာ သေချာပါ ကြောင်း၊ သတိပြုကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ကုန်ကျငွေများ အဟောသိကံမဖြစ်ရန် လိုအပ်ပါကြောင်း၊ စာသင်ကျောင်းများမပါဘဲ မြန်မာအားကစားအနာဂတ်မရှိနိုင်ပါကြောင်း၊ စာသင်ကျောင်းများမပါဘဲ အားကစားကို ကွက်လုပ်၍ မရပါကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံ၏ အားကစားအဆင့် အာရှအဆင့်မရောက်သေးခင် ပြဿနာ၏အဖြေသည် ထိုင်းနိုင်ငံအခြေခံ ကျောင်းများ၏ ခန့်ထားသင့်သည့် အားကစားနှင့် ကာယဆရာ အရေအတွက်၏ တစ်ဝက်သာ ခန့်ထားနိုင်ခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပြုထားသည်ကို သင်ခန်းစာ ယူသင့်ပါကြောင်း၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများတွင် မိမိတို့နိုင်ငံသည် ဆုတံဆိပ်ရရှိမှုဆုတ်ယုတ်ကျဆင်းလာလျက်ရှိသည့်အခြေအနေကို ကျန်းမာရေး၊ အားကစားနှင့် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတို့ပူးပေါင်းပြီး ထိရောက်သည့် သုံးသပ်မှုများပြုလုပ်ပြီး သိပ္ပံ ကျောင်းဆင်းများကို အလုပ်အကိုင်အခွင့်အလမ်းများပေးပြီး အခြေခံပညာနှင့် တက္ကသိုလ်များ အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်ပါကြောင်း၊ နိုင်ငံချစ်စိတ်နှင့် ပူးပေါင်းစီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
လူများများကစားလေ ထူးချွန်သူများများရွေးချယ် နိုင်လေလေဆိုသည့် အားကစားသီအိုရီတစ်ခုအရ လူများများကစားရန် အားကစားအဖွဲ့ချုပ်များကိုသာ အားမကိုးနိုင်သည့်အတွက် ကျောင်းသား ကျောင်းသူများကို အားကစားနှင့် ကာယပညာမလိုက်စားသရွေ့ မကစားသရွေ့ မြန်မာ့အားကစား အဆင့်အတန်း မတိုးတက်နိုင်ကြောင်း သိရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှစ်ခုပူးပေါင်း ဆောင်ရွက်သည့်နေရာတွင် သိပ္ပံကျောင်းဆင်းများကို အခြေခံကျောင်းများတွင် ဝန်ထမ်းနေရာ ခန့်ထားပေးပြီး ၎င်းပြဿနာကို ဖြေရှင်းနိုင်ပါကြောင်း၊ ရေရှည်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနနှစ်ခုပေါင်းစပ်ပြီး သိပ္ပံကျောင်းဆင်းများကို ကာယပညာဆရာများအဖြစ် ပညာရေးဝန်ကြီးဌာနမှ အခြေခံဝန်ထမ်းနေရာများ ခန့်ထားနိုင်မှသာ နိုင်ငံ့ဘဏ္ဍာနှစ်အကုန်အကျခံ မွေးထုတ်ထားသော သင်တန်းဆင်းလူ့စွမ်းအားအရင်းအမြစ်များ အဟောသိကံမဖြစ်ခြင်း၊ ပညာ ထူးချွန်ကျန်းမာကြံ့ခိုင်သော အနာဂတ်မျိုးဆက်သစ်များမွေးထုတ်ပေးနိုင်ခြင်း၊ အားကစားထူးချွန်သူ အများအပြားပေါ်ထွက်၍ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခြင်းအကျိုးကျေးဇူးများရမည် ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယသိပ္ပံကျောင်းများမှ သင်တန်းပြီးမြောက်သည့် သင်တန်းသားသင်တန်းသူများကို ကျောင်းဆင်းပြီးနောက် အခြေခံပညာ ကျောင်းများတွင် ကျောင်းသားကျောင်းသူများ၊ အားကစားနှင့် ကာယပညာသင်ကြားနိုင်ရန်အတွက် အခြေခံဝန်ထမ်းနေရာ ခန့်ထားပေးခြင်းအား ပညာရေးဝန်ကြီးဌာနနှင့် စီမံဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ဒေါက်တာစိန်မြအေး တင်ပြသည့်အချက်များက အားလုံးလည်းမှန်ပါကြောင်း၊ မိမိလည်း သဘောတူပါကြောင်း၊ ၎င်းမေးခွန်းသည် နိုင်ငံအတွက်အရေးကြီးသည့်အပြင် ပေါ်လစီပိုင်းဆိုင်ရာ အရလည်းကောင်း၊ မဟာဗျူဟာအရလည်းကောင်းအရေးကြီးပါကြောင်း၊ အဆိုပါမေးခွန်း၏ နောက်ကွယ်တွင် အလွန်အရေးကြီးသည့်အချက်များများစွာ ရှိပါကြောင်း၊ ပထမတစ်ချက်အနေဖြင့် ၎င်းကျောင်းများကိုဖွင့်သည့်အခါ ရည်ရွယ်ချက်ငါးခုရှိပါကြောင်း၊ ရည်ရွယ်ချက်ငါးခုထဲက နံပါတ်(၁) ရည်ရွယ်ချက်က မေးခွန်းနှင့်သက်ဆိုင်နေပါကြောင်း၊ နံပတ်(၁)က တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်မှုအတွက် အားကစားနှင့်ကာယပညာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ လောလောဆယ်တွင် ကျောင်း ခြောက်ကျောင်း ရှိပါကြောင်း၊ ၁၉၉၂ မှစဖွင့်သည်မှာ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့၊ တောင်ကြီးမြို့၊ လွိုင်ကော်မြို့၊ မုံရွာမြို့ရှိပါကြောင်း၊
ယခုလောလောဆယ်ထပ်ပြီး စစ်တွေတွင် ၂၀၁၇-၂၀၁၈ မှစပြီး ဆောက်နေပါကြောင်း၊ ဟားခါးမြို့တွင် ၂၀၁၈-၂၀၁၉ မှ နှစ်ကျောင်းဆောက်နေပါကြောင်း၊ ဆိုလိုသည်မှာ မကြာခင်ကာလတွင် ကျောင်း အားလုံး ရှစ်ကျောင်းဖြစ်သွားမည် ဖြစ်ပါကြောင်း၊ ယခုရင်းနှီးသည့်ငွေ၊ မြှပ်နှံထားသည့်လူ့စွမ်းအား အရင်းအမြစ်သည် cause effective မဖြစ်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုကျောင်းတွင် စုစုပေါင်းတက်သော ကျောင်းသားပေါင်းက ယခုအချိန်ထိ ၁၇၉၀၀ ရှိပါကြောင်း၊ ၎င်းအနက် မှတ်မှတ်ရရ ၇၃၉ ဦး၊ ၁၀ တန်းဘွဲ့ရ ၂၀၉ ဦး၊ ၁၀ တန်းကျ ၅၃၀ ဦး စုစုပေါင်း ၇၃၉ ဦး သာလျှင် ဝန်ကြီးဌာနများတွင် အမှုထမ်းမှ ဒုတိယညွှန်ကြားရေးမှူးအထိ အလုပ်ရှိပါကြောင်း၊ ဆိုလိုသည်မှာ ၁၇၀၀၀ သော ကျောင်းသားများသည် ဘာဖြစ်သွားသလဲဆိုတာ မိမိတို့ စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ၎င်းတို့ကို ကျောင်းကအောင်ပြီးသည့်အခါ ဆက်ပြီးအလုပ်ရအောင်ဆိုပြီး B.Sc(Sport) ကို တက်ခိုင်းပါကြောင်း၊ B.Sc(Sport) တက်နေသူအများကြီးရှိ ပါကြောင်း၊ ယခုအောင်သူ ၃၇ ယောက်၊ Honours အောင်သူ ၁၂ ယောက် ၄၉ ဦးဘွဲ့ရပါကြောင်း၊ ၎င်းလူများလည်းအားလုံး အလုပ်မရသေး ပါကြောင်း၊ မိမိတို့အလုပ်ပေးနိုင်သည်က B.Sc ကျောင်း ခြောက်ကျောင်းကအောင်လာသော B.Sc(Sport) သုံးဦးနှင့် ပြင်ပက B.Sc(Sport) တက်သူ ၁၄ ဦး အားလုံး ၁၇ ဦး မိမိတို့ဝန်ကြီးဌာနများတွင် အားကစားမှူးအထိ တာဝန်ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ဆိုလိုသည်က ၎င်းတို့၏ ရှေ့ရေးသည် သိပ်မသေချာသည်ကို တွေ့ပါကြောင်း၊
လောလောဆယ်အနေဖြင့် အားကစားနှင့် ကာယသိပ္ပံကျောင်း ခြောက်ကျောင်းမှ အခြေခံပညာ အထက်တန်းအောင်ပြီး B.Sc(Sport) Honours ရသူသုံးဦး အပါအဝင် ပြင်ပမှတက်ပြီး B.Sc(Sport) Honours ရသူသုံးဦးအပါအဝင် ပြင်ပမှတက်ပြီး B.Sc(Sport) ရသူ Honours ၂၃ ဦး စုစုပေါင်း ၂၆ ဦးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဌာနခွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ အားကစား ဦးစီးဌာနများတွင် နည်းပြ၊ နည်းစနစ် ၂၁၆၀၀၀ - ၂၂၆၀၀၀ ရာထူးဖြင့် အလုပ်ခန့်အပ်ရေးအတွက် ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စုစုပေါင်း ၂၆ ဦးသာ ဖြစ်ပါကြောင်း၊ အလွန်နည်းပါး ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတုံ့ပြန်ချက်က အားကစားနှင့် ကာယသိပ္ပံကျောင်းများမှ သင်တန်း ပြီးမြောက်သူများကို ပညာရေးဝန်ကြီးဌာန၌ အခြေခံဝန်ထမ်းခန့်အပ်ရေးနှင့်ပတ်သက်သော အခြေခံ ပညာဦးစီးဌာနတွင် ကျောင်းတွင်းအားကစားနှင့် ကာယပညာလုပ်ငန်းများကို ကျောင်းကျန်းမာရေး နှင့် ကာယအလယ်တန်းပြနှင့် အထက်တန်းပြဆရာဆရာမများကသာ သင်ကြားအကောင်အထည် ဖော်ဆောင်ရွက်ကြရပါကြောင်း၊
လက်ရှိခန့်ထားရေးမူအရ အလယ်တန်းပြနှင့် အထက်တန်းပြရာထူးသာရှိပြီး အလယ်တန်းပြ ရာထူးအတွက် ဌာနတွင်းဘွဲ့ရပြီးသူ မူလတန်းပြဆရာဆရာမများမှ အားကစားနှင့် ကာယပညာအား စိတ်ဝင်စားဝါသနာရှိသူများကို အားကစားထူးချွန်သူများကိုသာ ရွေးချယ်၍ သင်တန်းပေးပြီး ခန့်ပါ ကြောင်း၊ ၎င်းတို့အချင်းချင်းသာပြန်ခန့်အပ်ခြင်း ဖြစ်ပါကြောင်း၊ သို့ရာတွင် မူလတန်းပြဆရာ ဆရာမများ ရာထူးခန့်ရာတွင်လည်း လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ ဝိဇ္ဇာ/သိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရပြီးသူများနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများမှ ဆရာအတတ်သင်ကျောင်းများနှင့် ပညာရေးတက္ကသိုလ်တို့သို့ ဝင်ခွင့်လျှောက်ထားပြီး သင်တန်းဆင်းလက်မှတ်ရရှိပြီးသူကိုသာ ခန့်အပ်လျက် ရှိပါကြောင်း၊ မိမိတို့ဘက်ကလူကိုမခန့်သည့်သဘောဖြစ်ပါကြောင်း၊ သို့ရာတွင် ဝေးလံ ခေါင်ဖျားတိုင်းရင်းသားလူမျိုးစုဒေသတွင် တက္ကသိုလ်ဝင်တန်းမအောင်မြင်သေးသူများ မိမိတို့ဘက်က လူများပါနိုင်ပါကြောင်း၊ Teaching Assistance အနေဖြင့် ခန့်အပ်သည့်သာဓကရှိ၍ အားကစားနှင့် ပညာရေးပေါင်းစပ်ကျောင်းများမှ သင်တန်းပြီးသူများကို ကျောင်းကျန်းမာရေးနှင့် ကာယဘာသာ ပညာရပ်အတွက် Teaching Assistance ဖြင့် ခန့်အပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့သော် ရမည်/မရမည် မသေချာသေးပါကြောင်း၊
ပညာရေးဝန်ကြီးဌာန၊ အခြေခံဦးစီးဌာနအနေဖြင့် ဆရာအတတ်သင် သင်တန်းဆင်းလက်မှတ် ရရှိပြီးသူများနှင့် ဘွဲ့ရပြီးသောမူလတန်းပြဆရာဆရာမများထဲတွင် အားကစားထူးချွန်သူ မူလတန်းပြ ဆရာဆရာမများကိုသာ ကာယသင်တန်းပေးပြီး အလယ်တန်းပြကာယများဖြင့် ခန့်အပ် ထားပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာကျောင်းများမှ သင်တန်းဆင်းများအား အခြေခံပညာကျောင်းများတွင် အားကစားနှင့် ကာယသင်ကြားနိုင်ရန် အတွက် ကာယဆရာများအဖြစ်ခန့်အပ်ပေးထားရန် အစီအစဉ်မရှိသေးပါကြောင်း ပညာရေးဝန်ကြီး ဌာနကဖြေပါကြောင်း၊ ပညာရေးနှင့် အားကစားကိုပေါင်းပြီး ၎င်းကျောင်းများဖွင့်ခြင်းအားဖြင့် သိပ် အဆင်မပြေပါကြောင်း၊ မိမိတို့၏ရည်ရွယ်ချက်သည် အဆိုပါကျောင်းကထွက်လာသည့်ကျောင်းသား များသည် အားကစားတွင်အလွန်ထူးချွန်ရမည်ကို ရည်ရွယ်ပြီးဖွင့်ထားခြင်း ဖြစ်ပါကြောင်း၊ မိမိကိုယ်တိုင် Surprise Basic ကျောင်းများသွားကြည့်သည့်အခါ မနက်ငါးနာရီခွဲတွင် ထရပါကြောင်း၊ PT လုပ်ရပါကြောင်း၊ ခြောက်နာရီခွဲပြီး ရေချိုး၊ ခုနစ်နာရီတွင် Breakfast စားပါကြောင်း၊ ရှစ်နာရီခွဲမှ ၁၂ နာရီအထိ ကျောင်းစာသင်ရပါကြောင်း၊ သင်ပြီးပါက ၁၂ နာရီမှ တစ်နာရီ နေ့လယ်စာ စားပါကြောင်း၊ တစ်နာရီမှ သုံးနာရီနားပါကြောင်း၊ သုံးနာရီမှ ငါးနာရီခွဲ သို့မဟုတ် ခြောက်နာရီခန့် အထိသာလျှင် အားကစားလေ့ကျင့်ခန့်များလုပ်ပြီးပါက ရေချိုး၊ ထမင်းစား၊ ည ရှစ်နာရီမှ ကိုးနာရီ စာဖတ်ရပါကြောင်း၊ မိမိတို့အားကစားအတွက် ဘာမှသိပ်အကျိုးအမြတ်မရှိပါကြောင်း၊ တကယ့် လေ့ကျင့်ချိန်သည် တစ်ရက်တွင် ဘာမှမရှိပါကြောင်း၊ သုံးနာရီခန့်သာရှိပါကြောင်း၊ ပညာရေးနှင့် ထိုနှစ်ခုကို ပေါင်းလိုက်သည့်အခါ မိမိတို့လိုလားသည်ကိုမရသလို ပညာရေးဘက်တွင်လည်း ခုနက ၁၀ တန်းအောင်သူများမရှိပါကြောင်း၊ ကိုးတန်းကျ၊ ရှစ်တန်းကျ ဖြစ်နေသည်ကိုသိသည့်အတွက် National Center ကြီးကို ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက်တွင် ခေါ်ပြီး သေသေချာချာဆွေးနွေးပါကြောင်း၊ မိမိတို့က ဘာလုပ်မလဲ ဆုံးဖြတ်၍မရပါကြောင်း၊ မိမိတို့အနေဖြင့် အကုန်သုံးသပ်ပြီး အစိုးရအဖွဲ့ကို တင်ပြပြီးသဘောတူပါက ဆက်လုပ်မည် ဖြစ်ပါကြောင်း၊
(၁) က အလုပ်ရရန် ကျောင်းများကို မိမိတို့က အားကစားမှူးသင်တန်းများ ပေးရမည်၊ နည်းပြမှူး သင်တန်းပေးရမည်နောက် နည်းစနစ်မှူးသင်တန်းပေးရမည်၊ PE ဆရာသင်တန်းပေးရမည်၊ သင်တန်းပေးသည့်အခါတွင်လည်း Certificate Course ကိုပေးရမည်ဖြစ်ပါကြောင်း၊ ဒါမှသာလျှင် ၎င်းတို့သည် အလုပ်ရမည်ဖြစ်ပါကြောင်း၊ ထိုအရာများမပေးမချင်း ၎င်းတို့အလုပ်မရပါကြောင်း၊ အဆိုပါကိစ္စအားလုံးကို အစိုးရအဖွဲ့ကိုလည်း တင်ပြပါမည်၊ နောက်တစ်ချက်က ၎င်းကျောင်းခြောက် ကျောင်းကိုခွဲမလား၊ ပညာရေးကို ပေး၍မရပါကြောင်း၊ မိမိတို့က ပညာရေးနှင့်ပေါင်းမည်ဆိုပါက ကျောင်းစာတစ်ဖက်၊ အားကစားတစ်ဖက် ဘယ်လိုမှမဖြစ်နိုင်ပါကြောင်း၊ ပညာရေးနှင့်မပေါင်းဘဲ မိမိတို့အကုန်ယူမယ်ဆိုပါကလည်း ချက်ချင်းလုပ်၍မရပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယခုကျောင်းသားများက အကုန်တက်နေကြပါကြောင်း၊ လာမယ့်နှစ်ကျမှသာလျှင် ဆက်လုပ်မည်၊ အကယ်၍ ပညာရေးနှင့် အားကစားကို ပေါင်းလိုသေးပါက ကျောင်းခြောက်ကျောင်းထဲတွင် သုံးကျောင်းသည် ယခင်အတိုင်းသာ ထား၊ နောက်သုံးကျောင်းသည် မိမိတို့တင်ပြသော Certificate Course များပေးမည်၊ သေသေချာချာ Training ပေးပြီး ထူးချွန်ပြောင်မြောက်သည့် အားကစားသမား လုပ်ရမည် ဖြစ်ပါကြောင်း၊ မိမိ Surprise ကြည့်သည့်အခါ မိမိအနေဖြင့်သိပ်ကျေနပ်မှုမရှိသည့် အတွက် လုပ်ခြင်းဖြစ်ပါကြောင်း၊
နောက်တစ်ချက်က ၁၀ တန်း နှစ်ခါကျများကို PE ဆရာဆိုသည်က အမှန်ပြောမည်ဆိုပါက ၁၀ တန်းအောင်စရာမလိုပါကြောင်း၊ PE ကိုဘယ်လိုလုပ်ရမလဲ၊ သိပ္ပံနည်းကျဘယ်လို PE လုပ်သင့်သည်တို့ကို တင်ပြရန်ဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးနှင့် လည်း မိမိညှိပါမည်၊ criteria ထဲကိုလျှော့ပြီး မိမိတို့ ကျောင်းကအောင်သူများကို PE ဆရာအနေဖြင့်ခန့်ပေးပါ၊ သို့မှသာလျှင် ကျောင်းသားများကလည်း စစ်မှန်သောနည်းစနစ်ဖြင့် အားကစားလေ့ကျင့်ခန်းကိုလုပ်၍ရမည် ဖြစ်ပါကြောင်း၊ မဟုတ်ပါက မည်သို့မျှလုပ်၍မရပါကြောင်း၊ ထို့အပြင် မိမိအနေဖြင့် အစိုးရအဖွဲ့ထံတင်ရမည်ဆိုသည်မှာ အစိုးရဌာနများက အလုပ်ခန့်သည့် အခါတွင်လည်း သတ်မှတ်ချက်တစ်ခုစီ အားကစားထူးချွန်ပါက နည်းနည်းလေးအမှတ်ပိုပေးသည်က အစ လုပ်ရမည်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းဒေသကြီးရှိ ဌာနများတွင်လည်း ၎င်းကိစ္စကို ထွက်လာသောကျောင်းသားများကို အလုပ်ခန့်ရန်အတွက် မိမိစဉ်းစားရန်လိုအပ်မည် ဖြစ်ပါကြောင်း၊
နောက်တစ်ချက်က ဝန်ကြီးဌာနများအနေဖြင့် ယာယီဝန်ထမ်းခန့်သည့်နေရာမှာပဲဖြစ်ဖြစ်၊ အမှုထမ်း ခန့်သည့်နေရာမှာပဲဖြစ်ဖြစ် အောင်သည့်ကျောင်းသားများကိုယူရန် မေတ္တာရပ်ခံမည် ဖြစ်ပါကြောင်း၊ မေတ္တာရပ်ခံသည့်အခါ ထိုအချက်အားလုံးကို မိမိက အစိုးရအဖွဲ့တို့ကို တင်ပြသည့်အခါ သေသေချာချာ၏သက်သေစာရင်းဇယားအတိအကျဖြင့် ဘယ်လိုဖြစ်တယ်ဆိုတာကို မိမိ တင်ပြမည် ဖြစ်ပါကြောင်း၊ အဓိကက မိမိတို့ သိပ္ပံကျောင်းများမှအောင်သူ ၁၀ တန်းကျများကို ပညာရေး ဝန်ကြီးဌာနက ယူမည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့်အတိုင်း ၎င်းတို့၏ရှေ့ရေး၊ အခွင့်အရေးများသည် အလွန်ကောင်းမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အတတ်နိုင်ဆုံးကြိုးစားမည် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ကိုတင်မည့်ကိစ္စကိုလည်း နှစ်ပတ်လောက်အတွင်းကို တင်ပြမည် ဖြစ်ပါကြောင်း၊ နောက် ဖေဖော်ဝါရီလ ၄ ရက်၊ ၅ ရက်ကလုပ်သည်များကိုလည်း မည်သည်ကို လုပ်ရမည်ဆိုသည်မှာ အကုန်ထွက်လာပြီဖြစ်သော်လည်း COVID ဖြစ်သည့်အတွက် ဆက်ပြီး လှုပ်ရှားလို့မရပါကြောင်း၊ မိမိ Seminar ကထွက်ပေါ်လာသည်များ၊ လွှတ်တော်ကိုယ်စားလှယ်တော် ကြီး ပြောသည့်အချက်များ အားလုံးပေါင်းပြီး အစိုးရအဖွဲ့ကိုတင်ပြပြီး သဘောတူညီခွင့်ရအောင် ဆောင်ရွက်ပေးကြောင်း ဖြေကြားပါသည်။
