
နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း(၇) ပုဒ်မ ၃၃၈ တွင် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက် တွင် ရှိရမည်ဟုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း(၁) ပုဒ်မ(၂) ပုဒ်မခွဲငယ်(င) တွင် ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခု ခန့်အပ်ခြင်းခံရသည့် ဝန်ထမ်းကိုဆိုလိုပါကြောင်း၊ ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စ အလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မပါဝင်ခြင်းတို့အပြင် နိုင် ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး ဟူသော အချက်များဖြင့် အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကာလဖြစ်ခြင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများတွင် ရဲတပ်ဖွဲ့ဝင်များ၏ အခန်း ကဏ္ဍတို့သည် လွန်စွာအရေးပါဝင်လျက်ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များအား တပ်မတော်သားများနည်းတူ လစာနှင့်ခံစားခွင့်များကို တိုးမြှင့်ပေးရန်လိုအပ်သည်ဟု ယူဆပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လစာနှင့်ခံစားခွင့်တို့သည် ရဲတပ်ဖွဲ့ဝင်များ၏ နေထိုင်မှု အခက်အခဲများအပြင် အသစ်ထပ်မံဖွဲ့စည်းခဲ့သသော ကမ္ဘာ့လှည့်ခရီးသွားများ စောင့်ရှောက်ရေးအဖွဲ့၏ ရဲတပ်ဖွဲ့ ဝင်များ နေထိုင်သွားလာ ခံစားခွင့်များတွင်လည်း အဆင်မပြေမှုများရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရဲတပ် ဖွဲ့ဝင်များအား တပ်မတော်နှင့် တပ်မတော်သားများ နည်းတူ လစာနှင့်ခံစားခွင့်များ တိုးမြှင့်ပေး၍ နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ အဆင့်အတန်းမြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်နေကြောင်းနှင့် မရှိပါကမည်သည့်အတွက်ကြောင့် ဆောင်ရွက်မပေးသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။
ဦးခင်မောင်ညို (ပေါက်) ကိုယ်စား ဦးခင်မောင်ဌေး (ထီးလင်း) မှ မေးမြန်းပါသည်။

နိုင်ငံတော်အစိုးရဝန်ထမ်းအားလုံးသည် နိုင်ငံတော်၏ ကျေးဇူးတရားကိုစောင့်သိလျက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေကြသူများဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(င)တွင် ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံ ပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုလိုပါကြောင်း၊ ယင်း စကားရပ်တွင် ဤဥပဒေကိစ္စအလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံတော် ရဲတပ်ဖွဲ့ဝင်များ မပါဝင်ဟူ၍ ပြဋ္ဌာန်းထားရာ နိုင်ငံဝန်ထမ်း ဥပဒေအရ ခန့်အပ်တာဝန်ပေး ထားသော ဝန်ထမ်းများနှင့်သာ သက်ဆိုင်ပြီး သီးခြားဥပဒေများဖြင့် ဖွဲစည်းထားရှိတဲ့ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ သက်ဆိုင်မှု မရှိကြောင်းကို ဆိုလိုရင်းဖြစ်ပါကြောင်း။
ထိုကဲ့သို့ နိုင်ငံဝန်ထမ်းဥပဒေအရ ဖွဲ့စည်းထားရှိသော အဖွဲ့အစည်းများမဟုတ်သော်လည်း မိမိတို့အတွက် ပြဋ္ဌာန်း ထားသော သီးခြားဥပဒေများနှင့် အညီ ရည်မှန်းချက်တာဝန်များကို ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း များလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အစိုးရ ဝန်ထမ်းအဖွဲ့ အစည်းများ၏ တာဝန်ထမ်းဆောင်ရမှု လုပ်ငန်းအလိုက် ထိုက်သင့်သော လစာနှင့်ခံစားခွင့်များကို ချီးမြှင့်ပေးသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးအခြေအနေအရ လစာနှင့်ခံစားခွင့် နှုန်းထားများကို ထိုက်သင့်သော တိုးမြှင့်ပေးမှုများကို ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ သို့ပေမယ့်လည်း တာဝန် ထမ်းဆောင်ရသည့် အပေါ်မူတည်၍ လစာနှင့်ခံစားခွင့်များက တူညီ နိုင်မည်မဟုတ်ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၇အရ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ခြင်း၊ ပုဒ်မ ၃၃၉ အရ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေး အတွက်ကို တပ်မတော်က ဦးဆောင်ရမည်ဖြစ်ခြင်း၊ ပုဒ်မ ၃၄၁အရ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် ဘေးအန္တရာယ် များကျရောက်လျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်ဟူ၍ပြဋ္ဌာန်းထားရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အချုပ်အခြာ အာဏာ တည်မြဲရေး နှင့် နိုင်ငံတော်လုံခြုံရေးလုပ်ငန်းတာဝန်များအတွက်ကို အချိန်နေရာဒေသမရွေး၊ အသက်နှင့်ခန္ဓာကိုယ်ကို စွန့်လွှတ်အနစ်နာ ထမ်းဆောင်နေရသော တပ်မတော်သားများကို အခြားသော အစိုးရဝန်ထမ်းအဖွဲ့အစည်းများထက် သီးသန့် လစာပို ပေးခြင်း၊ ရိက္ခာအဖြစ် စားသုံးကုန် ၁၅ မျိုးကို အခမဲ့ထုတ်ပေးပြီး ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်အဖြစ် ငွေကျပ် ၅၀၀၀ စီကို ထုတ်ပေး ထားလျက်ရှိပါကြောင်း၊ အလားတူ နိုင်ငံတကာတွင်လည်း တပ်မတော်သားများကို အခြားနိုင်ငံ ဝန်ထမ်းများထက် လစာနှင့် ခံစားခွင့်များ ပိုမိုခံစားခွင့်ပေးလျက်ရှိကြောင်းကိုလည်း လေ့လာတွေ့ရှိရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆို ရည်မှန်းချက်တာဝန်များကို ဆောင်ရွက် လျက်ရှိကြောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ထမ်းဆောင်ရသော ရည်မှန်းချက်တာဝန်၊ လုပ်ငန်း သဘာဝ၊ အခြေစိုက်နေထိုင်မှု အခြေအနေများတူညီခြင်းမရှိသောကြောင့် လစာ၊ ရိက္ခာ/စရိတ်တို့လည်း တူညီမှု မရှိနိုင်ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များသည် ၂၄ နာရီတာဝန်ထမ်းဆောင်ရသူများဖြစ်သည့်အတွက် ရိက္ခာထောက်ပံ့ငွေအဖြစ် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် တွင် တပ်ဖွဲ့ဝင်တစ်ဦး တစ်ရက်လျှင် ကျပ် ၅၀၀ နှုန်းဖြင့်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၀၀၀ နှုန်းဖြင့် တိုးမြှင့်ခံစားခွင့်ရရန် တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှု စရိတ်အနေဖြင့် ရဲတပ်ရင်းများရှိ တပ်ဖွဲ့ဝင်များနှင့် အတူနေမိသားစုဝင်များ အတွက် ဆေးဖိုးရန်ပုံငွေအဖြစ် ကျပ်သန်း ၄၈၀ .၉ ၀၇ကို ဆေးရုံတက် ကုသမှုအပါအဝင် ခွဲဝေခွင့်ပြုပေး လျက်ရှိသည့်အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးအနေဖြင့် ထောက် ပံ့ပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ကို ပြည်ထောင်စုအစိုးရ၏ အစည်းအဝေးအမှတ်စဉ်(၇/၂၀၁၃)ဖြင့် ဖွဲ့စည်းခွင့် ရရှိပြီး ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ရှမ်းပြည်နယ်တို့တွင် တပ်ဖွဲ့စုများဖြင့် စုဖွဲ့ထားရှိပြီး လိုအပ်သော အင်အားဖွဲ့စည်းမှုများ၊ ရုံးအဆောက်အဦများကို ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပြီး ကမ္ဘာ့လှည့် ခရီးသွားများ သွားလာတတ်သောနေရာများတွင် ဖြန့်ခွဲတာဝန်ယူထမ်းဆောင်လျက် ရှိပါကြောင်း၊ အဆိုပါတပ်ဖွဲ့ဝင်များ အခြေပြုနေထိုင်ခြင်းနှင့် လုံခြုံရေးတာဝန်ယူဆောင်ရွက်ရသည့် နေရာများကို သွားလာမှု အဆင်ပြေစေရေးအတွက် မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် စက်ဘီးများဖြန့်ခွဲထုတ်ဝေ ထား ရှိပြီးဖြစ်ပါကြောင်း၊ အသစ်ဖွဲ့စည်းခဲ့သော တပ်ဖွဲ့ဖြစ်ခြင်းကြောင့် အခြေအနေအရ အခက်အခဲများရှိနေ မည်ဖြစ်သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်မီတိုးတက်စေရေးအတွက် ဖွဲ့စည်းပုံများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ အဆင့်မြှင် တင်မှုများ ဆောင်ရွက်လျက်ရှိရာ တပ်ဖွဲ့ဝင်များအတွက် လိုအပ်သော ရုံးအသုံး အဆောင်စရိတ်၊ ဆက်သွယ်ရေး စက်များ၊ တယ်လီဖုန်းများ၊ စက်နှင့်စက်ပစ္စည်း အသုံးစရိတ်၊ ရဲဝတ်တန်ဆာနှင့် အနွေးထည်/ဂျာကင်များအပါအဝင် ရုံးခန်း/နေအိမ်အဆောက်အဦ စသည်များကို ဘဏ္ဍာရေးခွင့်ပြုချက်များနှင့်အညီ ဦးစားပေးအစီအစဉ်ဖြင့် ခွဲဝေဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ထမ်းဆောင်ရသည့် ရည်မှန်းချက်တာဝန်၊ လုပ်ငန်းသဘာဝ၊ အခြေစိုက်နေထိုင်သော အခြေအနေများ တူညီမှုမရှိနိုင်ခြင်း တို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်သားများကဲ့သို့ လစာနှုန်းထားနှင့် ခံစားခွင့်များ တူညီခံ စားနိုင်မှုမရှိသော်လည်း နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ခေတ်မီတိုးတက်စေရေး အတွက်ကို ဘဏ္ဍာရေး ခွင့်ပြုချက်များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
