နန်းယွန်းမြို့နယ်တွင် မြို့နယ်ဆေးရုံတစ်ခု၊ တိုက်နယ်ဆေးရုံနှစ်ခု ရှိသော်လည်း ဆရာဝန်များကို ဖွဲ့စည်းပုံအတိုင်းခန့်ထားပေးမှုမရှိခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို ဖွဲ့စည်းပုံအတိုင်းအပြည့်အဝ ခွဲဝေခန့်ထားပေးနိုင်မှု မရှိခြင်းများကြောင့် ယနေ့အချိန်အထိ ကျန်းမာရေးစောင့်ရှောက်မှု အပြည့် အဝ မရရှိနိုင်သေးပါကြောင်း၊ အထူးသဖြင့်မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ မရှိ သည့်အတွက် ပြည်သူများ၏ အသက်များသည် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရသည်များ ရှိပါကြောင်း၊ ယခု အချိန်တွင် ပန်ဆောင်နှင့် ဒုံဟီးတိုက်နယ်ဆေးရုံအတွက် ခွဲဝေခန့်ထားပေးသည့် ဆရာဝန်များသည် လည်း သင်တန်းတက်ရောက်လျက်ရှိပြီး အဆိုပါဆရာဝန်များကိုယ်စား အစားထိုးခန့်ထားပေးခြင်း မရှိခြင်းကြောင့် ဆရာဝန်မရှိသည့် အခက်အခဲကြုံတွေ့ရပါကြောင်း၊ ဒုံဟီးတိုက်နယ်ဆေးရုံတွင် တပ်က ဆရာဝန်နှစ်ဦးကို တွဲပေးထားသော်လည်း Covid ကာလမပြီးသေးသည့်အချိန်ထိ တွဲဖက် နေခြင်းဖြစ်ပါကြောင်း၊ ပန်ဆောင်ဆေးရုံတွင် ယနေ့အချိန်ထိ အထက်တန်းသူနာပြုများကသာ တာဝန်ယူစောင့်ရှောက်ပေးနေရပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ် တစ်ယောက် အနေဖြင့် လွှတ်တော်ထဲတွင်လည်းကောင်း၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၏ ခရီးစဉ်များတွင် လည်းကောင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး အကြိမ်ကြိမ်လည်းတင်ပြတောင်းခံခဲ့ပါကြောင်း၊ ၂၀၂၀ ဇန်နဝါရီလ ၂၁ ရက်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်အတွင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ၏ တင်ပြတောင်းခံမှုအပေါ် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်က အမြန်ဆုံးဆောင်ရွက်ပေးပါမည်ဟု လူထုတွေ့ဆုံပွဲတွင် ကတိကဝတ်ပေးခဲ့ပြီးဖြစ်ခြင်းကြောင့် နန်းယွန်းမြို့နယ်ရှိ ကျန်းမာရေးဌာနများတွင် လိုအပ်လျက်ရှိသော ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား ဖွဲ့စည်းပုံအတိုင်း မည်သည့်အချိန်တွင် အပြည့်အဝခွဲဝေခန့်ထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နန်းယွန်းမြို့နယ်တွင် ခန့်အပ်ထားသည့် နန်းယွန်းမြို့တွင် (၂၅)ခုတင်ဆံ့ မြို့နယ်ဆေးရုံတစ်ရုံ၊ ပန်ဆောင်တိုက်နယ်ဆေးရုံ၊ ဒုံဟီးတိုက်နယ်ဆေးရုံ ဟူ၍ ဆေးရုံ (၃)ရုံရှိပါကြောင်း၊ မြို့နယ် ဆေးရုံတွင် ခန့်အပ်ခွင့်ပြုခန့်ထားသည်မှာ ၅၄ ရာခိုင်နှုန်းခန့်ထားသော်လည်း ဆရာဝန် ၆ ဦး ခန့်ရမည့် နေရာတွင် ၁ ဦးသာခန့်ထားနိုင်ပါကြောင်း၊ သူနာပြု ၁၆ ဦးတွင် (၉)ယောက်ကို လည်းကောင်း၊ ကျွမ်းကျင်ဝန်ထမ်း ၆ ဦးတွင် ၄ ဦးခန့်ကိုလည်းကောင်း၊ အခြားဝန်ထမ်း ၂၆ ဦးတွင် ၁၆ ဦးကိုလည်းကောင်း ခန့်အပ်ထားပါကြောင်း၊ ပန်ဆောင်တိုက်နယ်ဆေးရုံ၊ ဒုံဟီးတိုက်နယ် ဆေးရုံ များတွင် ဆရာဝန်များ မရှိပါကြောင်း၊
ယင်းသို့ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ လစ်လပ်နေသည်မှာ တစ်ပြည်လုံးတွင် များပြား နေသည့်အတွက် အစိုးရအဖွဲ့ကိုတင်ပြရာခဲ့ရာ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၁၃၀၃ ဦးကို တစ်ပြည်လုံးခန့်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊
စုစုပေါင်းပြည်နယ်ခြောက်ခုအတွက် ဆရာဝန်များ ဖြည့်ဆည်းနိုင်ရေးဆောင်ရွက်ရာတွင် ကချင် ပြည်နယ် ၅၆ နေရာအတွက် လျှောက်ထားသူ ၃ ဦး၊ ကယားပြည်နယ် ၇၇ နေရာအတွက် လျှောက်ထားသူမရှိ၊ ကရင်ပြည်နယ် ၄၂ နေရာအတွက် လျှောက်ထားသူ ၁ ဦး၊ ချင်းပြည်နယ် ၇၄ နေရာအတွက် လျှောက်ထားသူ ၂ ဦး၊ မွန်ပြည်နယ် ၂၀ နေရာအတွက် လျှောက်ထားသူ ၁၃ ဦး၊ ရခိုင်ပြည်နယ် ၁၀၅ နေရာအတွက် လျှောက်ထားသူ ၃ ဦး၊ ရှမ်းပြည်နယ် ၂၄၁ ဦး နေရာအတွက် လျှောက်ထားသူ ၇ ဦး ရှိပါကြောင်း၊ ထို့ကြောင့် ပြည်နယ်ခုနစ်ခုတွင် လျှောက်ထားသူ အနည်းငယ်သာရှိပါကြောင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီးများအတွက် ခေါ်ယူရန်လည်း ရှိပါ ကြောင်း၊ အကယ်၍ ၁၃၀၃ဦး သောဆရာဝန်များသည် ယခုနှစ်ဝင်မည်ဆိုပါက ဖောင်ကြီး သင်တန်း တက်ရောက်စေခြင်း မရှိဘဲ အင်တာဗျူးပြီးသည်နှင့် တစ်ခါတည်းခန့်အပ်မည်ဖြစ်ပါကြောင်း၊ ကျန်ရှိသော တိုင်းဒေသကြီးခုနစ်တိုင်းအတွက် သတင်းစာထဲတွင်လည်း အကုန်တင်ပြီး လျှောက်လွှာ ပိတ်ရက်များလည်း ပါရှိပြီးဖြစ်ပါကြောင်း၊ ယခုအစိုးရ လက်ထက်တွင် ဆရာဝန်စုစုပေါင်း ၄၇၁၁ ဦးခန့်အပ်ပြီးလည်းဖြစ်ပါကြောင်း၊
နန်ယွန်း၊ ပန်ဆောင်နှင့်ဒုံဟီးတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ သွားရောက်ရာတွင် လေးလ သွား ရောက် တာဝန်ထမ်းဆောင်မှသာလျှင် ခက်ခဲလစာရှိခြင်း၊ လမ်းစရိတ် ဈေးနှုန်းမြင့်မားခြင်းများကြောင့် ဆရာဝန်များအနေဖြင့် သွားရောက်လိုခြင်းမရှိသည့်အတွက် အဆိုပါအချက်များကို စဉ်းစားပြီးမှ သာလျှင် ခန့်အပ်နိုင်မည်ဖြစ်ပါကြောင်း၊
ခက်ခဲဒေသတွင် သွားလုပ်ရောက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ဘွဲ့လွန် သင်တန်းတွင် အမှတ်ကိုပိုပေးရန်အတွက် ယနေ့ ညနေ ၂ နာရီတွင် Video Conferencing ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်မှသာလျှင် ခက်ခဲသည့်ဒေသကို ဆရာဝန်များသွားမည်ဖြစ်ပြီး ယင်းသို့ မဟုတ်ပါက မည်သူမှသွားမည်မဟုတ်ပါကြောင်း၊
ခက်ခဲဒေသရှိ ဆရာဝန်များတတ်အောင် ယခင်က ၃ ရာခိုင်နှုန်း ခေါ်ယူရာမှ ယခု ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ခေါ်ယူခဲ့ပြီး ယခုအခါ ၄၅၀ ဦးခန့် တက်ရောက်နေပါကြောင်း၊ မကြာခင်ကာလတွင် ခက်ခဲ ဒေသသို့ ဆရာဝန် ၂၂ ဦးသွားရောက်မည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွက် ၈ ဦး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်အတွက် ၄ဦး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည် နယ်အကုန် တက်မည်ဖြစ်ပါကြောင်း၊ ခက်ခဲဒေသကဆရာဝန် ခြောက်နှစ်တက်ပြီး House surgeon ပြီးပါက အလုပ်ခန့်မည်ဖြစ်ပါကြောင်း၊ ယခု သင်တန်းတက်ရောက်နေသူ ၄၅၀ ဦးအနေဖြင့်လည်း သင်တန်းအောင်မြင်ပါက ခက်ခဲဒေသတွင် အနည်းဆုံး ငါးနှစ်တာဝန်ထမ်းဆောင် ရမည်ဖြစ်ပါ ကြောင်း၊ ယင်းသို့ဆိုပါက အထိုက်အလျှောက် အောင်မြင်မည်ဟု ထင်မိပါကြောင်း၊ သူနာပြုအနေဖြင့် အောက်တိုဘာလတွင် ၁၇၇၂ ဦး၊ မေတွင်လည်း ၈၇၂ ဦး စုစုပေါင်း သူနာပြု ၂၅၀၀ ကျော်ခန့်ကို ခန့်အပ်မည်ဖြစ်ပါကြောင်း၊
ထို့အပြင် ၂၀၂၁ ခုနှစ်ကမှ စတင်၍ သူနာပြုသည် နှစ်စဉ်နှစ်စဉ် ၃၇၀၀ ကျော် ထွက်ရှိ လာမည် ဖြစ်သည့်အတွက် မကြာခင်ကာလတွင် သူနာပြုများ လုံလောက်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် လာမည့်နှစ်တွင် သူနာပြုများကို တစ်နှစ်လျှင် ၄၅၀၀ ခေါ်ယူရန် အကုန်စီစဉ်ပြီး ဖြစ်ကြောင်းကို လည်းပြောကြားလိုပါကြောင်း၊ လစ်လပ်နေသည့် ဆေးဘက်ကျွမ်းကျင်လစ်လပ် နေရာများအနေဖြင့် ဆေးဘက်ကျွမ်းကျင်(၄) ကို ၂၀၂၀ ခုနှစ်အတွင်း ပန်ဆောင်တိုက်နယ်ဆေးရုံကို ပေးရန် ရည်ရွယ် ထားပါကြောင်း၊ ဓာတ်ခွဲကျွမ်းကျင်(၃)ကို သင်တန်းပြီးမြောက်ချိန် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် နန်းယွန်းမြို့နယ်ဆေးရုံနှင့် ပန်ဆောင်တို့ကို တစ်ဦးစီခန့်ထားရန် ရည်ရွယ်ထားပါကြောင်း၊ နန်းယွန်း မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် အငယ်တန်းနေ့စား ဝန်ထမ်းများ လုံလောက်စွာ ခန့်ထားပြီးဖြစ်ပါကြောင်း၊ နန်းယွန်းတွင် ပြည်သူ့ကျန်းမာရေးအတွက်က ကျေးလက်ကျန်းမာရေး အခြေအနေကောင်းပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနက ငါးခုရှိပါ ကြောင်း၊ မိခင်/ကလေး ကျန်းမာရေး တစ်ခု၊ တိုက်နယ်ကျန်းမာရေးဌာန နှစ်ခု၊ ကျေးလက်ကျန်းမာ ရေးဌာနခွဲ ၂၅ ခု၊ ပြည်သူ ကျန်းမာရေးတွင်လည်း လက်ထောက်ကျန်းမာရေး ခွင့်ပြုကိုးဦးတွင် ကိုးဦးအပြည့် ခန့်ထားပါ ကြောင်း၊ ကျန်းမာရေးကြီးကြပ်(၁)က ခွင့်ပြုခုနစ်ဦးတွင် လေးဦး၊ ကြီးကြပ်(၂)က ခွင့်ပြု ၄၁ ဦးတွင် ၃၄ ဦး၊ ပြည်သူ့ကျန်းမာရေးနှင့် ပတ်သက်၍ အလုံအလောက် ရှိပါကြောင်း၊
ထို့အပြင် ပြည်သူ့ကျန်းမာရေးတွင် ကျန်းမာရေးစောင့်ရှောက်မှုပိုမိုလွှမ်းခြုံကောင်းနိုင်ရန်အတွက် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်သစ်လွင်များကို ဖြည့်ဆည်းခန့်ထားသည့် အချိန်တွင် လက်ထောက်ကျန်းမာရေး ၃၀၀ ဦး ခေါ်ယူထားသော်လည်း ၅၇ ဦးသာ လာရောက်လျှောက်ထားခဲ့ပြီး အဆိုပါ ၅၇ ဦးကို မကြာခင် သစ်လွင်များအဖြစ်ခန့်ထားခဲ့ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး အပိုင်းတွင် လုံလောက်သော်ငြားလည်း ကုသရေးပိုင်းတွင် ဆရာဝန် လိုအပ်လျက်ရှိသည့်အပြင် ပြည်သူ့ ကျန်းမာရေးတွင်လည်း ပိုမိုကောင်းမွန်ရန် ကြီးကြပ်(၂)မှ ကြီးကြပ်(၁)ရာထူးရအောင် သင်တန်းတွေ အများကြီးကို Orientation Course တွေပေးပါကြောင်း၊ အဆိုပါသင်တန်းများတွင် စစ်ကိုင်းတိုင်း ဒေသကြီးအနေဖြင့် ၄၁ ဦးတက်ရောက်နေပြီး ခက်ခဲသည့်ဒေသတွင် ပြန်လည် ထမ်းဆောင်မည် ဆိုပါက စစ်ကိုင်းတိုင်းဒေသကြီး အထူးသဖြင့် နန်းယွန်းဒေသတွင် အဆင်ပြေ မည်ဟု ထင်ပါကြောင်း၊ အမျိုးသမီးကျန်းမာရေးဆရာမအနေဖြင့် ခုနစ်ဦးတွင် လေးဦးကို လည်းကောင်း၊ သားဖွားဆရာမ ၃၉ ဦးတွင် ၂၄ ဦးကိုလည်းကောင်းခန့်အပ်ထားပြီး သားဖွားဆရာမ ၁၂၃၀ ဦးကို မကြာခင် ခန့်အပ်တော့ မည်ဖြစ်ပါကြောင်း၊ ဇွန်လပိုင်းတွင် နန်းယွန်းဒေသအတွက် သားဖွားဆရာမကို လိုအပ်ပါက ခန့်အပ်ထားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
