မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍကို ဘဏ်များက လွှမ်းမိုးထားပြီး မြန်မာ့ဘဏ်များသည် အရှေ့တောင်အာရှမှာပင် ခေတ်အနောက်ကျဆုံးဘဏ်များဖြစ်သည်ဟု GIZ အစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း၊ ခေတ်မီသည့် ဘဏ်စနစ်ကို ပြောင်းလဲရာတွင် ပုဂ္ဂလိကပါဝင်သည့် ကဏ္ဍမှ ၂၁ ဘဏ်သည် ဦးဆောင်အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိသည့်ကိုတွေ့ရှိရပါကြောင်း၊ e-banking ဆိုသည်မှာ Electronic Media ကို အသုံးပြုပြီး ဘဏ်စနစ်တည်ဆောက်ခြင်းဖြစ်ပါကြောင်းနှင့် ယင်းစနစ်ကို Online Banking သို့မဟုတ် Visual Banking ဟုလည်း ခေါ်ကြပါကြောင်း၊ ယခုဆိုပါက ဘဏ်အသီးသီးသည် i-banking ၊ e-banking ၊ n-banking စသည့် ဝန်ဆောင်မှုအသီးသီးများ ပိုမိုပေးလာသည်ကိုတွေ့ရှိရပါကြောင်း၊
ကမ္ဘာ့ဘဏ်ဟာ လက်ရှိအစိုးရနှင့်ပူးပေါင်းပြီး အစိုးရဘဏ်ကြီးလေးဘဏ် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသည့်ဟု ဘလွန်ဘတ် အင်တာနက်စာမျက်နှာတွင် ဖတ်ခဲ့ရသည့်အတွက် Finance Sector ကိုပြုပြင်ပြောင်းလဲနေခြင်းကိုလည်း ဝမ်းသာမိပါကြောင်း၊ သို့သော် ငွေကြေး ဝန်ဆောင်မှုများသည် အောက်ခြေပြည်သူများအထိ ရောက်ရှိခြင်းမရှိသေးဘဲ ပြည်သူနှင့် အစိုးရ ဆက်ဆံသည့် အခွန်ဆောင်ခြင်း၊ ဒဏ်ကြေးများနှင့် သတ်မှတ်ကြေးများပေးဆောင်ရသည့် အခါမျိုးတွင်လည်း မျက်နှာချိုသွေး ခယနေရသည့် အခြေအနေများ ရှိနေဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် e-banking စနစ်၊ Mobile Banking စနစ်များ အားကောင်းရန် လုံလောက်သည့် ဝန်ဆောင်မှုများ တစ်ပြေးညီအခွင့်အရေးတွေ ဖန်တီးပေးမည့် e-banking စနစ်များ အားကောင်းစေရန်အတွက် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
e-banking စနစ်များ ဖွံ့ဖြိုးတိုးတက်ရန် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ကဒ်နှင့် ငွေပေးချေမှုဆိုင်ရာအတွက် ညွှန်ကြားချက်၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် Mobile Banking နှင့်ပတ်သက်သည့် ညွှန်ကြားချက်၊ ၂၀၁၆ ခုနှစ် မတ်လတွင် မိုဘိုင်းငွေကြေးဝန်ဆောင်မှု(Mobile Finacial Services)နှင့် ပတ်သက်သည့် စည်းမျဉ်းများကို ထုတ်ခဲ့ပါကြောင်း၊
e-banking တွင် Internet Banking နှင့် Mobile Banking ဟူ၍ နှစ်ခုပါရှိပါကြောင်း၊ ဘဏ်တွေအားလုံးက e-banking ဆောင်ရွက်ရန် Core Banking စနစ်ရှိရန်လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် စုစုပေါင်း ၂၆ ဘဏ်၌ Core Banking စနစ်များကို တပ်ဆင်ထားပြီးဖြစ်ပါ ကြောင်းနှင့် တခြားဘဏ်များအနေဖြင့်လည်း Core Banking စနစ် တပ်ဆင်မှုကို ဆက်လက်ဆောင်ရွက်နေပါကြောင်း၊
Internet Banking နှင့် Mobile Banking သုံးမည်ဆိုပါက ဘဏ်ဖွင်သည့် အချိန်သာမက ၂၄ နာရီပတ်လုံး မိမိစာရင်းမှ အခြားသူစာရင်းသို့ရွှေ့ခြင်း၊ Bill များပေးချေခြင်း၊ Mobile Phone ငွေဖြည့်ခြင်းများပြုလုပ်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့က ဘဏ်များကို Core Banking စနစ်နှင့် ဗဟိုဘဏ်၏ Real Time Gross Settlement System ကို ု၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ခဲ့သော စနစ်ဖြင့် ဆက်လက်ဆောင်ရွက်နေပါကြောင်း၊ ယင်းစနစ်သည် အလွန်မြန်သည့်စနစ်ဖြစ်ပြီး ဘဏ်တစ်ဘဏ်နှင့် တစ်ဘဏ်ကြားဆက်သွယ်မှုကို စက္ကန့်ပိုင်းအတွင်း ဖြေရှင်းနိုင်ပါကြောင်း၊
Internet Banking နှင့် Mobile Banking အပြင် နိုင်ငံတကာကဒ်များဖြစ်ကြသည့် Visa ၊ Master ၊ JCB ၊ UPI Cardများကိုလည်း ထုတ်ဝေခွင့်ပေးထားပါပြီဖြစ်ပါကြောင်း၊ ယင်းကဒ်များသည် Prepaid Card များမဟုတ်ဘဲ Credit Card ဖြစ်သည့်အတွက် အသုံးပြုပြီးနောက်ပိုင်း Balance Cycle ပြီးပါက အတိုးပေးရန်လိုအပ်ခြင်းမရှိဘဲ ပိုက်ဆံပြန်ဆပ်၍ ရပါကြောင်း၊ Credit Cardများဖြင့် ပြည်ပနိုင်များတွင်သုံးနိုင်ခြင်း၊ Internet မှ e-commerce စနစ်ဖြင့် ပစ္စည်းမှာယူခြင်း ပြုလုပ်နိုင်ပါကြောင်း၊
Mobile Account များဖွင့်နိုင်ရန် Bank Accountများ မပါဘဲ ဖုန်းနံပါတ်ဖြင့် Mobile Account များဖွင့်ရန်အတွက် Mobile Financial Service အတွက် မိုဘိုင်းစည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် Agent Network များ ဆောင်ရွက်နေပါကြောင်း၊ အကောင်အထည်ပေါ်သည့်အချိန်ရောက်ရှိပါက Mobile Phone ရှိရုံဖြင့် Account ဖွင့်၍ တစ်ဖက်နဲ့တစ်ဖက် ငွေပေးချေခြင်း၊ ၊ ငွေလွှဲခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
မိုဘိုင်းနှင့် ဘဏ်များချိတ်ဆက်ထားရှိပြီး Telephone Signial ရှိရုံဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ အသုံးပြုနိုင်ရန်အတွက် တည်ဆောက်ထားသည့် RTG ၏ System ကို Part II ဆိုပြီး ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပါကြောင်းနှင့် ဗဟိုဘဏ်များနှင့် e-banking စနစ်များ ပိုမို ထိရောက်အောင်မြင်စေရန်အတွက် လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
