မြန်မာနိုင်ငံသည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျော့နည်းနေသေးသည်နှင့်အမျှ ပြည်သူ လူထု၏ကျန်းမာရေး အပိုင်းတွင်လည်း ရောဂါမျိုးစုံဖြင့် ရင်ဆိုင်တွေ့ကြုံခံစားနေကြ ရတာကိုလည်း တွေ့ရှိနေရ ပါကြောင်း၊ ပြည်သူ့ဆေးရုံကြီး များ၊ အမြို့မြို့အနယ်နယ် မှာရှိသော ဆေးရုံငယ် များ၊ ပြင်ပဆေးကုသခန်းများ တွင်လည်း နေ့စဉ်နှင့် အမျှ ရောဂါဝေဒနာရှင်ပြည်သူများ စီကားလျက်ရှိပြီး အရွယ်မတိုင်မီ အသက်ဆုံးရှုံး မှုများနှင့်လည်း ကြုံတွေ့နေကြရပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် အသုံးပြုနေသော ဓာတုဗေဒပစ္စည်းများ ဝင်ရောက်လာခြင်း များကြောင့်လည်း အသက်အန္တရာယ် ထိခိုက်စေလျက်ရှိသည် ကိုလည်း တွေ့ရှိနေ ရပါကြောင်၊
တိုးတက်ခေတ်မီသောနိုင်ငံကြီးများတွင် ပြည်သူများစားသုံးနေကြရသော သီးနှံများကို စိုက်ပျိုးထုတ် လုပ်ရာ တွင် အော်ဂဲနစ်စိုက်ပျိုးရေးကို တတ်နိုင်သမျှပြောင်းလဲ စိုက်ပျိုးထုတ် လုပ်နေခြင်းကြောင့် ပြည်သူ များရောဂါဖြစ်ပွားမှုနှုန်းများ လျော့နည်းကျဆင်းခဲ့ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများရရှိစေနိုင်ရန် ရည်ရွယ်ပြီး ပြည်ထောင် စုမြန်မာနိုင်ငံတွင် အော်ဂဲနစ်သီးနှံစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက် ၍ အောက်ပါမေးခွန်းများကို မေးမြန်းလိုကြောင်း၊ မြန်မာနိုင်ငံတွင်တိုင်းရင်းသား ပြည်သူများအားလုံး ကျန်းမာအသက်ရှည်ရေးနှင့် နိုင်ငံခြားဝင်ငွေရရှိနိုင်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည့် အော်ဂဲနစ် သီးနှံများ၊ စိုက်ပျိုးရေးဇုံများ သို့မဟုတ် အော်ဂဲနစ်သီးနှံစိုက်ပျိုးသည့် မြို့ပြအသစ်များ တည်ထောင် ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိနှင့် လက်ရှိဆောင်ရွက်နေသည့် Organic Farming လုပ်ငန်း များဆောင်ရွက်နိုင်မှု အခြေ အနေ နောင်တွင်တိုးချဲ့စိုက်ပျိုးနိုင်မည့် အလားအလာအခြေအနေနှင့် အဓိကရင်ဆိုင်ဖြတ်ကျော်ရမည့် အခက်အခဲများကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
မြန်မာနိုင်ငံအတွင်း သီးနှံများစိုက်ပျိုးထုတ်လုပ်ရာမှာ ဓာတုဗေဒ သွင်းအားစုများ အသုံးပြုမှုဟာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းပါးလျက်ရှိပါကြောင်း။ အော်ဂဲနစ်စိုက်ပျိုးရေးဇုံတစ်ခု တည်ထောင်၍ သီးနှံများစိုက်ပျိုးထုတ်လုပ် မည်ဆို ပါက အော်ဂဲနစ် သီးနှံ စိုက်ပျိုးထုတ်လုပ်လိုသော လုပ်ငန်းရှင်များနှင့် ငွေကြေး အရင်းအနှီး၊ သီးနှံစိုက်ပျိုးရန် အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ အော်ဂဲနစ်သီးနှံများ ကို စားသုံးလိုကြသည့်ပြည်သူများ၊ ရောင်းချမည့် ဈေးကွက်ဖော် ဆောင်နိုင်မှု အပါအဝင်၊ နိုင်ငံတကာ အသိအမှတ်ပြု စစ်ဆေးရေးအဖွဲ့များနှင့် အော်ဂဲနစ်သီးနှံ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသော အဖွဲ့အစည်းများ လိုအပ် မည်ဖြစ်ပါကြောင်း၊
အော်ဂဲနစ်ဇုံအဖြစ် သတ်မှတ်ပေးရန်အတွက် သက်ဆိုင်ရာဒေသရှိ စိုက်ပျိုး ထုတ်လုပ်သူများက အော်ဂဲနစ် စိုက်ပျိုးရေး ဇုံတစ်ခု တည်ထောင်လိုပါကြောင်း တရားဝင်လျှောက်ထား လာလျှင် အော်ဂဲနစ်ဇုံတစ်ခုအဖြစ် သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အတည်ပြုထောက်ခံ ချက်ရယူ၍ သက်ဆိုင် ရာအထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံတွင် အော်ဂဲနစ်နည်းပညာအသုံးပြု၍ အော်ဂဲနစ်စိုက်ပျိုးရေးသို့ စတင်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ တွင် ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီ လီမိတက်မှ နေပြည်တော်တွင် နေပြည်တော်အော် ဂဲနစ်ဇုံ(၁၀၀)ဧက၊ ရှမ်းမောမြေကုမ္ပဏီမှ အင်းလေး ဒေသတွင် ဆောင်ရွက်လျက်ရှိသော အော်ဂဲနစ်စိုက်ခင်းများ၊ စူပရင်းကုမ္ပဏီများအုပ်စုက ပန်းတနော် ဒေသတွင် ဆောင်ရွက်လျက်ရှိသော အော်ဂဲနစ်စိုက်ခင်းများ၊ Fame ဆေးဝါးလုပ်ငန်း၏ အော်ဂဲနစ်ဆေးဝါးပင်များစိုက်ခင်းများ၊ ပဲခူးတိုင်း ဒေသကြီး ၁၀ မိုင်ကုန်းတွင် ဇမ္ဗူထွန်းအော်ဂဲနစ်သရက်သီး စိုက်ပျိုးထုတ်လုပ်ရေး၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှာ အော်ဂဲနစ်ပေါ် ဆန်းမွှေးဆန် စိုက်ပျိုးထုတ်လုပ်ရေးနှင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ (Nara Organic Green Tea) လက်ဖက်ခြောက် ၆၀ ဧကတို့ကို စိုက်ပျိုးထုတ်လုပ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံတစ်ဝှမ်းတွင် အော်ဂဲနစ်စိုက်ပျိုးရေးအတွက် သဘာဝအရင်းအမြစ်များဖြစ်သော သစ်ရွက်စိမ်းမြေသြဇာ များရရှိနိုင် သောအပင်အမျိုးမျိုး၊ ဓာတုပိုးသတ်ဆေး အစားထိုး သုံးစွဲရန် ပိုးသတ်ဆေးအာနိသင်ပါဝင်သော သဘာဝအရင်းအမြစ်များနှင့်အော်ဂဲနစ်စိုက်ပျိုးရေးအတွက်အကူအညီရရှိနိုင်သေ ဇီဝမျိုးကွဲများ ပေါများကြွယ်ဝခြင်း တို့ကြောင့် အော်ဂဲနစ်စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများစွာ ရှိနေပါသော် လည်း အော်ဂဲနစ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်မည့် အခြေအနေသည် ပြည်တွင်းတွင် စားသုံးလိုသောပြည်သူ များနှင့် ပြည်ပဈေးကွက်လိုအပ်ချက်၊ စိုက်ပျိုး ထုတ်လုပ်လိုသော စီးပွားရေးလုပ်ငန်းရှင်များအပေါ် မူတည် လျက်ရှိပါကြောင်း၊
အော်ဂဲနစ်ဇုံတစ်ခုတည်ထောင်ရန်အတွက် သမားရိုးကျစိုက်ပျိုးရေးစနစ်မှ အော်ဂဲနစ်စိုက်ပျိုး ရေးစနစ်သို့ ကူးပြောင်းရာတွင် အသွင်ကူးပြောင်းချိန်ကာလအားဖြင့် ရာသီသီးနှံများသည် နှစ်နှစ်နှင့် နှစ်ရှည်သီးနှံများတွင် သုံးနှစ်လိုအပ်မှာသည့်အပြင် မြေ ဧရိယာ တစ်ခုအတွင်း အော်ဂဲနစ်စိုက်စနစ်တစ်မျိုးတည်းကိုသာ စဉ်ဆက်မပြတ် စိုက်ပျိုးရမှာဖြစ်ပါကြောင်း၊ အော်ဂဲနစ် စံချိန် စံညွှန်းများနှင့်အညီ စိုက်ပျိုးနည်းစနစ်များ၊ ထုတ်လုပ်မှုစနစ်များ၊ တင်သွင်းအသုံးပြုသော ကုန်ကြမ်းပစ္စည်းများ၊ စိုက်ပျိုးမည့် မြေနှင့်ရာဇဝင်၊ ရေသွင်းရေထုတ်စနစ်များ၊ သိုလှောင်ဖြန့်ဖြူးမှုစနစ်များစသည်ဖြင့် ရိတ်သိမ်းခူးဆွတ်သည်မှ ဈေးကွက်သို့ တင်ပို့ချိန်အထိ အော်ဂဲနစ် စံသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
အော်ဂဲနစ်ဇုံသတ်မှတ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စံသတ်မှတ်ချက်များသည်
(က) အော်ဂဲနစ်ဇုံတည်ထောင်ရန် အသုံးပြုမည့်မျိုးစေ့နှင့် မျိုးပွားအစိတ်အပိုင်းများဟာ မူလအော်ဂဲနစ် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထားသော အရင်းအမြစ်များမှ ရယူရန်လိုအပ်ခြင်း၊
(ခ) မြေဆီသြဇာ ထက်သန်စေရန် မြေဆီလွှာပြုပြင်ရာတွင် ထည့်သွင်းအသုံးပြုမည့်ပစ္စည်းများသည် အပင်နှင့်တိရိစ္ဆာန် တို့၏ အကြွင်းအကျန်(Biomass)များ၊ အဏုဇီဝသက်ရှိများနှင့် သစ်စိမ်းမြေသြဇာများကို အသုံးပြုရန် လိုအပ်ခြင်း၊ သို့ရာတွင် ဗီဇပြုပြင်ထားသောစိုက်ခင်းမှ ဘေးထွက်ပစ္စည်းများ၊ စက်ရုံများမှဘေးထွက် ပစ္စည်းများနှင့် ဓာတုပစ္စည်းများ အသုံးပြုထားသော သစ်တောထွက်ပစ္စည်းများကို ထည့်သွင်း အသုံးပြုခြင်း မှ ရှောင်ကြဉ်ရန်လိုအပ်ခြင်း၊
(ဂ) အပင်ပိုးမွှားနှင့်ရောဂါများကျရောက်မှုမှ ကာကွယ်နိုင်ရန် ခံနိုင်ရည်ရှိသော အပင်မျိုးစိတ်များနှင့် မျိုးကွဲများ ရွေးချယ်အသုံးပြုခြင်း၊ ဇီဝနည်းပညာများ အသုံးပြုပြီး ကာကွယ်နှိမ်နင်းခြင်း၊ အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသော သီးနှံမျိုးစေ့များကို အသုံးပြု၍ သီးလှည့်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပိုးမွှားများနှိမ်နင်းရာမှာ သဘာဝမိတ်ဆွေပိုးများ ပွားများ၍ ကာကွယ်နှိမ်နင်းသည့်စနစ်ကို အသုံးပြုရန်လိုအပ်ခြင်း၊ ဓာတုပိုးသတ်ဆေးများ လုံးဝအသုံး မပြုပဲ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော သီးနှံကာကွယ်သောနည်းလမ်းများကိုသာ အသုံးပြုရန်လိုအပ်ခြင်း၊ ထွက်ရှိလာသော အော်ဂဲနစ် ထုတ်ကုန်များအတွက် အော်ဂဲနစ်ထုပ်ပိုး ပစ္စည်းများကိုသာ အသုံးပြုရန်လိုအပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဈေးကွက်ဖြန့်ဖြူးရောင်းချခြင်း စသည့်လုပ်ငန်းအဆင့်ဆင့်တွင် အော်ဂဲနစ်စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် တို့ဖြစ်ပါကြောင်း၊
အထက်ဖော်ပြပါ အော်ဂဲနစ်စံချိန်စံညွှန်းများနှင့် ၇၅ ရာခိုင်နှုန်းကိုက်ညီမှုရှိပါက အော်ဂဲနစ်သို့ ကူးပြောင်း ဆဲထုတ်ကုန်အဖြစ် အမှတ်တံဆိပ်ကပ်၍ရောင်းချနိုင်ပြီး အနည်းဆုံးစံချိန်စံ ညွှန်း ၉၅ ရာခိုင်နှုန်း ကိုက်ညီမှု ရှိမှုသာ အော်ဂဲနစ်စိုက်ပျိုးရေးထုတ်ကုန် အမှတ်တံဆိပ်အဖြစ် ဈေးကွက် တွင်ဖြန့်ဖြူးရောင်းချနိုင် မည်ဖြစ်ပါကြောင်း၊
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနသည် အော်ဂဲနစ်စံ သတ်မှတ်ချက်နှင့် အညီ အော်ဂဲနစ် စိုက်ပျိုးရေးဇုံတစ်ခု တည်ထောင်၍ စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သော နည်းပညာ သင်တန်းများကို ပို့ချပေးခြင်း၊ စိုက်ခင်းများသို့ကွင်းဆင်း၍ စစ်ဆေးပေးခြင်းနှင့် နည်းပညာအရ လိုအပ်ချက်များ ကူညီပံံ့ပိုးခြင်း၊ ပြည်တွင်း/ပြည်ပဈေးကွက် အော်ဂဲနစ်ထုတ်ကုန်များအဖြစ် တင်ပို့ရောင်းချနိုင်ရန်အတွက် NGO, INGO အဖွဲ့အစည်းများနှင့် ပူးပေါင်း၍စစ်ဆေးပြီး အသိအမှတ်ပြု လက်မှတ်ရ ရှိအောင်ဆောင် ရွက်ပေးခြင်းနှင့် ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ပြန် လည်ဖြေကြားပါသည်။
