(က)-အင်းတော်မြို့နယ်၊ ဘူရောင်းကျေးရွာ အနီး တွင် ကျောက်မျက်ကုမ္ပဏီတစ်ခုသည်စက်ယန္တရား များ ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုမိန့် မရရှိဘဲ ကျောက်စိမ်း ဖော်ထုတ် လုပ်ကွက်များ ခွင့်ပြုခြင်းသည် ဥပဒေနှင့် ညီ၊ မညီ နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၂)ရက်မြောက်နေ့ (၉.၄.၂၀၁၅)

အင်းတော်မြို့နယ်၊ သူရောင်း ကျေးရွာအနီးရှိ ကုမ္ပဏီတစ်ခုက ကျောက်မျက်တူးဖော်ရန် လုပ်ငန်း များကို အကြီးအကျယ်တည်ဆောက်နေသည်ကိုတွေ့ရှိရပါကြောင်း၊ သို့သော် အဆိုပါကုမ္ပဏီအနေဖြင့် သက်ဆိုင်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုစာ ပြသနိုင်ခြင်းမရှိသည်အပြင် လုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ များ၏ခွင့်ပြုချက်မရှိဘဲ ပြည်ထောင်စုအစိုးရက ကျောက်မျက်ရတနာ သတ္တုဖော်ထုတ်လုပ်ကွက် များ ခွင့်ပြု ခြင်းသည် ဥပဒေနှင့်ညီ/မညီ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်
အဖြေ

သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ဘူရောင်းကျေးရွာအနီးရှိ သူရောင်မှော်သည် ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့၏ (၄၀/၂၀၀၁) ကြိမ်မြောက် အစည်းအဝေးမှ သဘောတူညီချက်အရ သတ္တုတွင်းဝန်ကြီးဌာန၏ ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲပါအမိန့်ကြောငြာအမှတ်၊ (၉၀/၂၀၀၁)ဖြင့် ဖွဲ့စည်းထားရှိသော မော်လူး၊ မော်ဟန် ရတနာမြေအတွင်းမှာ  ကျရောက်ပါဝင်လျက်ရှိပါပြီး သတ်မှတ်လုပ်ကွက် ၁၂ ကွက်နှင့် ဖော်ထုတ် လုပ်ကွက် ၃၅ ကွက်လုပ်ကိုင်ခွင့်ပြုပေးခဲ့ပါကြောင်း၊

နယ်မြေသတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနသည် ကျောက်မျက် ရတနာစီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း သတင်းရရှိသည့် သို့မဟုတ် ရှာဖွေတွေ့ရှိသည့် နယ်မြေကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရတနာနယ်မြေအဖြစ် သတ်မှတ်နိုင်သည်ဟု ဖော်ပြထားချက်အရ မော်လူး၊ မော်ဟန်ရတနာမြေအပါအဝင် ရတနာနယ်မြေ ၆ ခုကို အမိန်ကြောငြာစာထုတ်ပြန်ပြီး သတ်မှတ်ပေးခဲ့ပြီးဖြစ် ပါကြောင်း၊  မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၈ အရ  ကျောက်မျက်ရတနာလုပ်ကွက် သတ်မှတ်ခြင်းနှင်‌့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနသည် ကျောက်မျက်ရတနာထုတ်လုပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုရန်အလို့ငှာ (က) ရတနာမြေအတွင်း ကျောက်မျက်ရတနာတူးဖော်နိုင်သည်‌့ နေရာများကို ကျောက်မျက်ရတနာလုပ်ကွက်များအဖြစ် သတ်မှတ်ရပါကြောင်း၊ (ခ) ရတနာနယ်မြေမှအပ အခြားမြေလွတ်မြေလပ်များမှာ ကျောက်မျက်ရတနာတူး ဖော်နိုင်သည့် အခြေအနေတွေ့ရှိပါက သက်ဆိုင် ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် သတ်မှတ်နိုင်ပါကြောင်း၊

မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၁၅ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် ရတနာနယ်မြေများအတွင်း ကျောက်စိမ်း၊ ကျောက်မျက် ဖော်ထုတ် လုပ်ကွက်များ လုပ်ကိုင်ခွင့်ပြုရန်အတွက် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးနိုင်ပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူရန် မလိုအပ်ပါကြောင်း၊

သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းသည် ကျောက်မျက်ရတနာလုပ်ကွက်များ ချထား ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို  (က) မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ကိုယ်စားလှယ်၊ (ခ) မြို့နယ်အုပ်ချုပ်ရေး အထွေထွေဦးစီးဌာန၊ (ဂ) မြို့နယ်မြေစာရင်းဦးစီးဌာန၊ (ဃ) မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ (င) မြို့နယ် သစ်တောဦးစီးဌာန၊ (စ) မြို့နယ်စည်ပင်သာယာရေးဦးစီး ဌာန၊ (ဆ) ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်း၊ (ဇ) သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများနှင့် ရပ်မိရပ်ဖများ ပါဝင်သော ကိုယ်စား လှယ်များ ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးခြင်း များဆောင်ရွက်ရာတွင်လည်း မြို့နယ်သစ်တော ဦးစီးဌာန ကိုယ်စားလှယ်ပါဝင်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များသည် ကျောက်မျက် ရတနာတူးဖော် ထုတ်လုပ်လိုသည့် မြေနေရာများသည်  (က) လယ်မြေ၊ (ခ) ဘေးမဲ့တော၊ ကာကွယ်တောများ၊ (ဂ) ကျေးရွာ၊ (ဃ) သာသနာ့နယ်မြေ၊ (င) စေတီ/ဘုရား၊ သာသနိကကျောင်းဆောင်များနှင့် ကျောင်းများနှင့် အဆောက် အအုံများ၊ (စ) မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်၊ (ဆ) အများသုံးလမ်းမကြီးများ၊ (ဇ) ရေဦး ရေထွက်နှင့် အများသုံးရေကန်ကြီးများ၊ (ဈ) သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်သော မြေနေရာများ၊ (ည) စီမံကိန်းနယ်မြေ ဧရိယာများ၊ (ဋ) လုပ်ကိုင်ခွင့်ပြုထားပြီးသော လုပ်ကွက်များနှင့် လွှတ်ကင်းမှုရှိ/မရှိ ကိုစစ်ဆေး ဆောင်ရွက်ပါကြောင်း၊ အဆိုပါ အဖွဲ့၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီက ပဏာမစိစစ်ပြီး မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီအစည်းအဝေးကို တင်ပြပြီးနောက် ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်သော လုပ်ကွက်များကို ခွင့်ပြုမိန့်ချထားပေးပါကြောင်း၊  

 ရေနံနယ်မြေများ အတွင်းတွင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရန်အတွက် ဖော်ထုတ်လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးည့်အခါတွင် အခါမှာ မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကော်မတီအဆင့်ဆင့်က စိစစ် ကြီးကြပ်ပြီး လုပ်ကိုင်ခွင့်ချထားပေးလျက်ရှိခြင်းကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ အင်းတော်မြို့နယ် ဘူရောင်းကျေးရွာအနီးမှာရှိ သူရောင်မှော်လုပ်ကွက်ကို ကျောက်စိမ်း ဖော်ထုတ်လုပ်ကွက်များ လုပ်ကိုင်ခွင့်ချထားပေးခြင်းသည် ဥပဒေနှင့်အညီ ခွင့်ပြုပေးထားခြင်းဖြစ်ပါကြောင်း။

သူရောင်မှောင်လုပ်ကွက်(ဖထ-၃၄၊ ဖထ- ၃၅၊ ဖထ-၃၆၊ ဖထ-၃၇) လုပ်ကွက် ၄ ကွက်ကို ဓူဝံကြယ်ကျောက်မျက်ရတနာကုမ္ပဏီကို ၁၈-၂-၂၀၁၀ ရက်နေ့မှ ၂၀-၅-၂၀၁၅ ရက်နေ့ထိအောင် ကျောက်မျက်ရတနာတူးဖော်လုပ်ကိုင်ခြင်းကို ခွင့်ပြုပေးခဲ့သည့်အတွက် ခွင့်ပြုသက်တမ်းသည် ငါးနှစ် ဖြစ်သည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ဥပဒေအရ ခွင့်ပြုချက်သည် သက်တမ်း သုံးနှစ်ဖြစ်သော်လည်း နယ်မြေမတည်ငြိမ်မှုများကြောင့် ၂၀၁၂  ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ထုတ်လုပ်ခွင့် ရပ်ဆိုင်းခဲ့ရပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတစ်ရက်နေ့ရောက်မှသာ ထုတ်လုပ်ခွင့်ကိုပြန်လည် ခွင့်ပြုပေးခဲ့သည့်အတွက် ၂၀-၅-၂၀၁၅ ရက်နေ့အထိ သက်တမ်းရောက်ရှိခဲ့ရခြင်းဖြစ်ပါကြောင်း၊

မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ ၁၄နှင့် ၁၆ တို့တွင် ဖော်ထုတ်လုပ်ကွက်အဖြစ် ခွင့်ပြုမိန့်ရရှိသူက တူးဖော်ရေးစနစ်တွင် အသုံးပြုရမည့် စက်ပစ္စည်း၊ ကိရိယာများကိုသာ အသုံးပြုရမည်ဟု ဖော်ပြထားသည့်အတွက် ဓူဝံကြယ်ကျောက်မျက်ကုမ္ပဏီအနေနှင့်  Backhoes နှင်‌့ Dump trucks များကို အသုံးပြု တူးဖော်နိုင်ပါကြောင်း၊

သူရောင်မှော်လုပ်ကွက်များကိုလည်း ၁၆-၇-၂၀၀၉ ရက်နေ့မှာ သစ်တောဦးစီးဌာန၊ မြေစာရင်း ဦးစီးဌာနနဲ့ အခြားဌာနများမှ ကိုယ်စားလှယ်များပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ ပြီး သတ်မှတ်ချက်များနှင့် လွတ်ကင်းပါကြောင်း တင်ပြခဲ့သည့်အတွက် ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် ကျောက်မျက်ရတနာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီတို့က ကျောက်မျက်ရတနာ တူးဖော်လုပ်ကိုင်ခြင်းကို ၂၀၀၉ ခုနှစ်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ယခုအချိန်တွင်လည်း ကော်မတီအနေဖြင့် EIA,SIA, HIA စီမံချက်များ ရေးဆွဲလိုက်နာဆောင်ရွက်လျက်ရှိကြောင်း။

သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသည် ဓူဝံကြယ် ကျောက်မျက်ကုမ္ပဏီသို့ သူရောင်မှော်လုပ်ကွက်အတွက် ခွင့်ပြုမိန့်ကို ၁၈-၂-၂၀၁၀ ရက်နေ့က စတင် ၍ ခွင့်ပြုထားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အင်းတော်မြို့နယ် သစ်တော ဦးစီးဌာန၊ တောအုပ် ဦးဝင်းချိုက  ၄-၂-၂၀၁၅ ရက်စွဲပါစာဖြင့် ကုမ္ပဏီကို  သစ်တောကြိုးဝိုင်းမြေဖြစ်၍ လုပ်ငန်းရပ်ဆိုင်းရန် တားမြစ်စာ ပေးပို့ခဲ့ပါကြောင်း၊ အဆိုပါ တားမြစ်စာကို ဓူဝံကြယ် ကျောက်မျက်ကုမ္ပဏီ အနေဖြင့် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းသို့လည်းကောင်း၊ သတ္တုတွင်းဝန်ကြီးဌာနသို့ လည်းကောင်း ဆက်သွယ်တင်ပြခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခင် မြို့နယ်သစ်တောဦးစီးဌာနက တာဝန်ရှိသူအနေဖြင့် စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုအချိန်တွင် သစ်တောကြိုးဝိုင်းမြေဖြစ်ခြင်းကြောင့် တားမြစ်စာ ပေးပို့ခဲ့သည်ကို သိရှိရသည့်အတွက် သက်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီး ဌာနနှင့် ပြန်လည် ညှိနှိုင်းဆောင်ရွက်ခဲ့ရပါကြောင်း။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၁၉၁၉ ခုနှစ်ကတည်းက သစ်တောကြိုးဝိုင်းဖြစ်သော်လည်း ထိုစဉ်က တာဝန်ခံပြီး လက်မှတ်ထိုးခဲ့သူအနေဖြင့် သဘောသဘာဝကို နားမလည်၍ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်းကို သိရှိခဲ့ရပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ သဘောထားပြန်ကြားချက်အရ အပိုဒ် ၁  မော်လူး၊ မော်ဟန် ရတနာနယ်မြေအတွင်းရှိ သူရောင် မှော်ဒေသတွင် ဓူဝံကြယ်ကျောက်မျက်ကုမ္ပဏီက တူးဖော်နေသောနေရာသည် ‌မျောက်လေးတန် သစ်တောကြိုးဝိုင်းအကွက်မှ ၅၁ အတွင်းမှာ ကျရောက်ပါကြောင်း၊

 အပိုဒ် ၂ သစ်တောကြိုးဝိုင်းများ အတွင်း ကျောက်မျက်ရတနာအပါအဝင် သတ္တုတူးဖော်ခြင်းကို သတ္တုတွင်းဝန်ကြီးဌာနမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနများသို့ သဘောထား မှတ်ချက်ပြန်ကြားပေးရန် ညှိနှိုင်း အကြောင်းကြားလာပါက သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော သဘာဝနယ်မြေများအတွင်း ကျရောက်မှုအခြေအနေ၊ သဘာဝသစ်တောနှင့် သစ်တော၊ သစ်ပင်များ ပေါက်ရောက်မှု အခြေအနေ နမူနာအကွက်များချမှတ်ပြီး တစ်ဧကမှာ လုံးပတ်တစ်ပင်နှင့်အထက် ပြမှတ်ပြမှုပြင်ဆင်ရင်း သစ်တော စိုက်ခင်းနှင့် သစ်ထုတ်ဧရိယာများ၊ မြစ်၊ ချောင်း၊ ဆည်၊ ရေလှောင် တမံများနှင့် ရေလှောင်တမံများ၏ ရေဝေရေလဲဧရိယာ အတွင်း ကျရောက်မှု တူးဖော်မည့်ဧရိယာနှင့် ပတ်ဝန်းကျင်ရှိ မြေအသုံးချမှု စာရင်းနှင့် တည်နေရာပြမြေပုံစသည်တို့ကို စနစ်တကျ ကွင်းဆင်းစစ်ဆေးပြီး ကန့်သတ်ချက်များနှင့် လွတ်ကင်းပါက သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာတိုက်စားမှုမရှိသည့် နည်းစနစ်များဖြင့် တူးဖော် ခွင့်ကို စည်းကမ်းချက်များသတ်မှတ်၍ တစ်နှစ်ချင်းစီစာချုပ်ချုပ်ဆိုခွင့်ပြုကြောင်း၊

အပိုဒ် ၃ ဓူဝံကြယ်ကျောက်မျက်ကုမ္ပဏီမှ တူးဖော်နေသော သူရောင်မှော်လုပ်ကွက်ဧရိယာ သည် မျောက်လေးတန်သစ်တောကြိုးဝိုင်းအတွင်းကျရောက်နေသော်လည်း အထက်အပိုဒ် ၂ တွင် ဖော်ပြပါ ကန့်သတ်ချက်များနှင့် လွတ်ကင်းပါသဖြင့် သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေနဲ့ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ နှင်‌့အညီ ဓူဝံကြယ်ကျောက်မျက်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခွင့်ပြုသွားမည်ဟူ၍ဖြစ်ပါကြောင်း၊

 အဆိုပါ သဘောထား ပြန်ကြားချက်အရ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်လုပ်ကိုင်ခွင့်ပြုပြီး ထိုအချိန်တွင် တာဝန်ခံရသော သစ်တောဦးစီး ဌာနဝန်ထမ်းများအနေဖြင့် ကြိုးဝိုင်းအတွင်းကျရောက်နေသည်ကို ဖော်ထုတ် သတိပေးခဲ့ ဖြစ်သည်ဟု ယူဆပါကြောင်း၊ ကန့်သတ်ချက် များနှင့် လွတ်ကင်းသော်လည်း သစ်တောကြိုးဝိုင်းအတွင်း ရောက်ရှိနေသည့်အတွက်  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် တရားဝင်စာချုပ်များ ချုပ်ဆို ဆောင်ရွက်ရမည်ဆိုသည့် သဘောကို ပြန်ကြားခြင်းဖြစ်ပါကြောင်း၊

ထို့ကြောင့် အဆိုပါ လုပ်ကွက်များသည် မော်လူး၊ မော်ဟန် ရတနာနယ်မြေအတွင်းမှာပါရှိပြီး ကန့်သတ်ချက်များနှင့် လွတ်ကင်းသည်ကို စစ်ဆေးတွေ့ရှိရပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူရန်လည်း မလိုအပ်ဘူးပါကြောင်း၊ ရတနာ နယ်မြေအတွင်း ကျရောက်သည့် ကုမ္ပဏီဖြစ်သည့်အတွက် လုပ်ကိုင်ခွင့်ပြု တရားဝင်လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးကျော်နိုင်ဌေး(အင်းတော်) က ထပ်ဆင့်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီး၏ ပြန်လည်ဖြေကြားချက်သည် မြေပြင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးပြီးမှ ရတနာမြေ အဖြစ် ဖော်ထုတ်လုပ်ကိုင် သတ်မှတ်လို့ရသည်ဟု ရှင်းပြခဲ့သည့်အတွက် မော်လူး၊ မော်ဟန် ရတနာမြေသည် မိုးညှင်းမြို့နယ်နှင့် အင်းတော်မြို့နယ် ဟူသောမြို့နယ်နှစ် မြို့နယ်တွင် ပါဝင်နေပါကြောင်း၊  ထို့ကြောင့် မည်သည့်မြို့နယ်က မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ဖြစ်သည့်ဆိုသည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။

သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ရေတနာနယ်မြေသတ်မှတ်ရာတွင် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်၏ နယ်မြေအလိုက်၊ သက်ဆိုင်ရာကိုယ်စားလှယ်များနှင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခု ၂၀၀၉ ခုနှစ် စစ်ဆေးခဲ့သည့် ဖြစ်စဉ်သည် ယခင်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။