(စ)-ရွှေကူမြို့၊ မြို့လှမြို့နယ်ခွဲရှိ မူလတန်းလွန်ကျောင်း (၃) ကျောင်းအား၂၀၁၅-၁၆ ပညာသင်နှစ်တွင် အလယ်တန်းကျောင်းခွဲများအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၅.၉.၂၀၁၄)

ဦးဝင်းနိုင် (ရွှေကူ)ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မင်းကျောင်းကုန်းကျေးရွာ မူလတန်းလွန်ကျောင်း၊ မဏိသြဂကျေးရွာ မူလတန်းလွန်ကျောင်း၊ ရွှေဘုံသာကျေးရွာ မူလတန်းလွန်ကျောင်းတို့အား အလယ်တန်းကျောင်းခွဲများအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရေးကို ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်း မေးမြန်း ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျောင်းအဆင့်တိုးမြှင့်လိုသောကျောင်းများအား အမှုတွဲ အမြန်တင်ပြရန် အမှတ်(၂) အခြေခံပညာဦးစီးဌာနမှ ၃၀-၁၂-၂၀၁၃ ရက်နေ့တွင် သက်ဆိုင်ရာ ပြည်နယ်ပညာရေးမှူးရုံးသို့ အကြောင်းကြားထားသော်လည်း အဆိုပါကျောင်းသုံးကျောင်းသည် အမှုတွဲတင်ပြလာမှု မရှိသေးပါသဖြင့် အဆင့်တိုးမြှင့်ပေးရန်အတွက် အစီအစဉ်မရှိသေးပါကြောင်းကို ဖြေကြားခဲ့ပါသည်။

အလယ်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ပေးရန် ၂၅-၆-၂၀၁၃ ရက် နေ့စွဲဖြင့် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီတို့အား အဆိုပါ ကျောင်းသုံးကျောင်း၏ အမှုတွဲများနှင့် ကိုယ်တိုင်တင်ပြတောင်းခံခဲ့ပြီးဖြစ် ပါကြောင်း၊ဒေသခံမဲဆန္ဒရှင် ပြည်သူများက ပြည်နယ်ပညာရေးမှူးရုံးသို့တင်ပြတောင်းခံသော အမှုတွဲများမှမိတ္တူကူးပေးပြီး တင်ပြလာခြင်းဖြစ်ပါကြောင်း၊ မင်းကျောင်းကုန်းရွာသည် မြို့လှမြို့နယ်ခွဲတွင်ပါဝင်ပြီးစစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ကောက်ကွေ့ချောင်းခြား ၍ တည်ရှိနေသောရွာဖြစ်ပြီး မြို့လှ အ.ထ.က နှင့်အလှမ်းဝေးသည့်အပြင် ဘိုကုန်း အ.ထ.က နှင့်လည်း အလှမ်းဝေးပါကြောင်း၊ ရွှေကူမြို့သည် ဧရာဝတီမြစ်အနီးတည်ရှိပြီး မြို့နယ်အတွင်းရှိ အချို့ကျေးရွာများသည် ဧရာဝတီမြစ်ဝှမ်း မြေနိမ့်ပိုင်းတွင် တည်ရှိကြ ၍ နှစ်စဉ်မိုးရာသီတွင် ရေလွှမ်းမိုးသောဒေသဖြစ်ပါကြောင်း၊ ချောင်းမြောင်းများပေါများပြီး မိုးရာသီတွင် သွားလာမှုများမှာ ယခင်လှေများဖြင့် သွားလာရပြီး  ယခုအခါ၌ စက်လှေများဖြင့် သွားလာရသဖြင့် ကလေးသူငယ် ကျောင်းသား/ကျောင်းသူများ သွားလာမှု အန္တရာယ်များလှပါကြောင်း၊ ယနေ့အခြေခံပညာရေးတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့အား အခမဲ့ ပညာရေးစနစ်ဖြစ်လာပြီ ဖြစ်သည့်အတွက် အလယ်တန်းအဆင့်ပြီးဆုံးသည်အထိ သင်ကြားနိုင်ရန် အနိမ့်ဆုံးအဆင့် အလယ်တန်းကျောင်းခွဲရှိရန် လိုအပ်လာပါကြောင်း၊ ဒေသခံပြည်သူများ၏ တင်ပြချက်အရ သတ်မှတ်ထားသော ကျောင်းသားဦးရေ မပြည့်မီသော်လည်း ဒေသဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲသောဒေသ ဖြစ်သဖြင့် မူလတန်းလွန်ကျောင်းများကို အလယ်တန်းကျောင်းခွဲ အဖြစ် တိုးမြှင့်ပေးရန် တင်ပြတောင်းဆိုလာပြီး ၂၀၁၄-၁၅ ပညာသင်နှစ်တွင် မတိုးပေးနိုင်ပါက ၂၀၁၅-၁၆ ပညာသင်နှစ်တွင် တိုးမြှင့်ပေးရန် တင်ပြလာကြပါကြောင်း၊ သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်၊ မြို့လှမြို့နယ်ခွဲ၊ မင်းကျောင်းကုန်း မူလတန်းလွန်ကျောင်း၊ မဏိသြဂ မူလတန်းလွန်ကျောင်းနှင့် ရွှေဘုံသာမူလတန်းလွန်ကျောင်းတို့အား ၂၀၁၅-၁၆ ပညာသင်နှစ်တွင် အလယ်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာမူလ တန်းလွန်ကျောင်းများဖြစ်ကြသော မင်းကျောင်းကုန်းတွင် အလယ်တန်းအဆင့်သင်ကျောင်းသား ပဉ္စမတန်း ၂၂ ဦး၊ ဆဋ္ဌမတန်း ၂၃ ဦး၊ သတ္တမတန်း ၂၀ ဦး စုစုပေါင်း အလယ်တန်းအဆင့်သင် ကျောင်း သားဦးရေ ၆၅ ဦး၊ မဏိသြဂတွင် အလယ်တန်းအဆင့်သင်ကျောင်းသား ပဉ္စမတန်း ၅၃ ဦး၊ ဆဋ္ဌမတန်း ၃၄ ဦး၊ သတ္တမတန်း ၃၈ ဦး စုစုပေါင်း အလယ်တန်းအဆင့်သင်ကျောင်းသားဦးရေ ၁၂၅ ဦး၊  ရွှေဘုံသာတွင် အလယ်တန်းအဆင့်သင်ကျောင်းသား ပဉ္စမတန်း ၄၂ ဦး၊ ဆဋ္ဌမတန်း ၂၂ ဦး၊ သတ္တမတန်း ၂၃ ဦး စုစုပေါင်း အလယ်တန်းအဆင့်သင်ကျောင်းသားဦးရေ ၈၇ ဦးရသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းအဆင့်တိုးမြှင့်ပေးရန် သတ်မှတ်ချက်မူများရှိပါကြောင်း၊ အများအားဖြင့် ကျောင်းသား ဦးရေ ပြည့်မီခြင်းရှိ/မရှိ၊ ကျောင်းအဆောက်အဦ ပရိဘောဂပြည့်စုံမှုရှိ/မရှိ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ဒေသန္တရအခြေအနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် လိုအပ်ချက်များအပေါ် မူတည်၍လည်း သတ်မှတ်ထားသည့် မူဝါဒများကို အထူးကိစ္စ အဖြစ်ဖြေလျော့ပြီး ကျောင်းအဆင့်တိုးမြှင့်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ဒေသန္တရအခြေအနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် လိုအပ်ချက်များအပေါ်မူတည်၍ ကျောင်းသားဦးရေ သတ်မှတ်ချက် အဆင့်မူဝါဒကို ဖြေလျော့ပြီး သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့က အခြေခံပညာအလယ်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့် ပေးသင့်ပါကြောင်း သဘောထားမှတ်ချက်ဖြင့် တင်ပြလာပါက ကျောင်းအဆင့်တိုး တန်းစီဇယားတွင် ထည့်သွင်းလျာထားပေးသွား မည် ဖြစ်ပါကြောင်းနှင့် လောလောဆယ် အဆင့်တိုးမြှင့်ပေးရန် အစီ အစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။