နန့်လတ်ချောင်း သစ်သားတံတားသည် မိုင်းသော်အနောက်ကျေးရွာအုပ်စုနှင့် မိုင်းသော်အရှေ့ကျေးရွာ အုပ်စုကြားပိုင်းခြားထားသည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ မိုင်းသော်အနောက်ကျေးရွာ အုပ်စုအတွင်းရှိ သိမ်ကုန်း၊ ပန့်ပုန်း၊ တောင်ကြားနှင့် စမ်းချောင်းကျေးရွာများ၏ မရှိမဖြစ်အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး မိုင်းသော် အနောက်ကျေးရွာအုပ်စုရှိ ပြည်သူများသည် အဆိုပါတံတားအား ဖြတ်ပြီး မိုင်းသော်အရှေ့ကျေးရွာအုပ်စု တောင်နီမှတစ်ဆင့် တောင်ကြီး၊ အောင်ဗန်းမြို့များသို့ ဆက်သွယ်သွားလာလျက်ရှိပါကြောင်း၊ အဆိုပါဒေသသည် စီးပွာရေးအချက်အခြာကျသည့် ဒေသဖြစ်ပြီး နေ့စဉ်ရာ သီထွက်သီးနှံများကို မြို့များသို့ တင်ပို့ရောင်းချရာတွင် လိုအပ်သလောက် တင်ပို့နိုင်ခြင်းမရှိဘဲ တံတားခံနိုင်မှုအပေါ်မူတည်ပြီး ထော်လာဂျီစက်များဖြင့် သုံးတန်၊ လေးတန်ခန့်သာတင်ပို့နေရသောကြောင့် အဆိုပါဒေသနေပြည်သူများ ခက်ခဲလျက်ရှိပါကြောင်း၊ နန်လတ်ချောင်းတံတားသည် ၁၉၈၀ ခုနှစ်တွင် သိမ်းကုန်းကျေးရွာ၏ လူထုအင်အားနှင့် ဆောက်လုပ်ခဲ့ပြီး တံတား၏အရှည်သည် ပေ ၁၀၀၊ အကျယ်သည် ပေ ၂၀ ခန့်ရှိပါကြောင်း၊ ယခု အဆိုပါတံတားသည် သက်တမ်းအားဖြင့် ၃၅ နှစ်ခန့် ကြာမြင့်ပြီဖြစ်သည့် အတွက်ကြောင့် ယိုယွင်းပျက်စီးလျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါတံတားအား နိုင်ငံတော်မှ ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသနှင့် ဆက်စပ်လျက်ရှိသည့် တောင်နီ-တမံတလင်း-သိမ်ကုန်း-စမ်းချောင်း ကျေးလက်လမ်းပေါ်ရှိ မိုင်းသော်အနောက် ကျေးရွာအုပ်စုနှင့် မိုင်းသော်အရှေ့ကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသည့် နန်းလတ်ချောင်းတံတားသည် အရှည်အားဖြင့် ၇၅ ပေအရှည်ပြီး အကျယ် ၁၂ ပေနှင့် အမြင့် ၁၅ ပေရှိပါကြောင်း၊ သစ်သားတံတားမှ ၁၄ ပေ အကျယ် သံကူ ကွန်ကရစ်တံတား ဆောင်ရွက်မည်ဆိုလျှင် ငွေကျပ် ၇၅ သန်းခန့် ကုန်ကျမည်ဟုခန့်မှန်းပါကြောင်း၊
ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေအားဖြင့် ၆၇၅၈.၄၃၆ သန်း လမ်းတံတားများကို ခွင့်ပြုထားပါကြောင်း၊ တောင်ကြီးမြို့နယ်အနေဖြင့် ပြောမည်ဆိုလျှင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ၁၁၂.၉ သန်း၊ ကျောက်ချောလမ်း ၁ မိုင် ၃ ဖာလုံအား ဆောင်ရွက်ရန် ခွင့်ပြုထားသော်လည်း တောင်ကြီးမြို့နယ်အတွင်းရှိ နန်းလတ်ချောင်းတံတားကို ဆောက်လုပ်ရန်အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားထားခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နန်းလတ်ချောင်းတံတားကို လတ်တလောတွင် တည်ဆောက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေးအစီအစဉ်အတိုင်း မှတ်သားဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
