ဗိုလ်မှူးထင်လင်းဦး (တပ်မတော်သားကိုယ်စားလှယ်)
ယခုအခါကမ္ဘာပေါ်တွင် ကျန်းမာရေးနှင့်ပတ်သက်သည့် ဆေးသိပ္ပံပညာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင် Biotechnology ဇီဝနည်းပညာများ တိုးတက်ထွန်းကား လာလျက်ရှိပါကြောင်း၊ ယခုလိုတိုးတက်ထွန်းကားလာသည်နှင့်အမျှ တစ်ဖက်တွင် အကျိုးကျေးဇူးများ ရရှိသကဲ့သို့ အခြားတစ်ဖက်တွင် နည်းပညာကို အလွဲအသုံးပြုပြီး ကိုယ်ကျိုးရှာဖွေမှု၊ နည်းပညာ၏ ဘေးထွက်ဆိုးကျိုးများကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် စသည်တို့အပေါ်တွင် သက်ရောက်မှုများရှိလာနိုင်ပါကြောင်း၊ ထို့အပြင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာနိုင်သည့် Genetically Modified Food Product သို့မဟုတ် Genetically Modified Organism များ၊ နောက် Genetically Evolution ဖြစ်လာသည့် Organism များ ဝင်ရောက်လာသည့်အခါတွင် ၎င်း ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် လိုအပ်လာပါကြောင်း၊
သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် Bio Technology, Bio Safety, Bio Security များနှင့်ပတ်သက်ပြီး ဥပဒေများပြဋ္ဌာန်းဆောင်ရွက်ထားခြင်းရှိ/မရှိ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေခြင်းရှိ/မရှိ၊ Myanmar Bio Safety သို့မဟုတ် Myanmar Bio Security Association များ Committee များဖွဲ့စည်း ဆောင်ရွက်နေခြင်း ရှိ/မရှိနှင့်စပ်လျဉ်း၍ သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် Biotechnology နှင့် Biosecurity တို့နှင့် ပတ်သက်၍ ဥပဒေနှင့်နည်းဥပဒေများ ယခုအထိ ရေးဆွဲပြဋ္ဌာန်းထားခြင်း မရှိသေးသော်လည်း လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၂၀၁၄ ခုနှစ်မှစတင်ပြီး United Nation Environment Programmed (UNEP) နှင့် The Global Environment Facility (GEF) အကူအညီဖြင့် Biosafety Law နှင့် Myanmar National Biosafety Frame Work (First draft) ကို ရေးဆွဲလျက်ရှိပါကြောင်း၊ ယခုအခါ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများသို့ ဥပဒေကြမ်းများပေးပို့ ပြင်ဆင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး တတိယမူကြမ်း(Third draft)အထိ ရေးဆွဲပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လက်တွေ့အသုံးချ ဇီဝနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ Strengthening Human Resources and Agriculture Sector ်Development Project ကို ဆောင်ရွက်လျက်ရှိပြီး ဇီဝနည်းပညာ ဓာတ်ခွဲခန်းကိုလည်း တည်ထောင်လျက်ရှိပါကြောင်း။
အိန္ဒိယသမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Advanced Center for Agriculture Research and Education (ACARE)၏ New Genetics အပိုင်းတွင် ဇီဝနည်းပညာ၏ အခန်းကဏ္ဍများ များစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဇီဝလုံခြုံမှုဆိုင်ရာကိစ္စရပ်များအတွက် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် သီးနှံများတွင် မျိုးရိုးဗီဇပြုပြင်ထားသော သက်ရှိများ Genetic Modified Organism (GMO) ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများနှင့် Non GMO ထုတ်ပေးခြင်းလုပ်ငန်းများအား ASEAN Task Force for Genetically Modified Food Testing Network ကွန်ယက်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ၁၉၉၃ ခုနှစ်တွင် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေကိုထုတ်ပြန်ခဲ့ပြီး အသစ်ပေါ်ပေါက်လာသော နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများမှ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် ပို့ကုန်သွင်းကုန်ဆိုင်ရာ တိရစ္ဆာန်ထွက် ပစ္စည်းများ၏ Food Safety အတွက် လိုအပ်သောဥပဒေများ ဖြည့်စွက်သွားနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေး အတွက် ၂၀၀၆ ခုနှစ်တွင် ပြင်းထန်သောကြက်ငှက်တုပ်ကွေး အရေးပေါ်တုံ့ပြန်ရေးအစီအမံကို FAO နှင့် ပူးပေါင်းရေးဆွဲခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှာ စတင်ပျံ့နှံ့လာခဲ့သည့်အတွက် H7N9 ကြိုတင်ကာကွယ်ရေး အရေးပေါ်တုံ့ပြန်ရေးအစီအမံကို ကျန်းမာရေးဝန်ကြီးဌာန၊ FAO တို့နှင့်ပူးပေါင်းလျက် ၂၀၁၄ ခုနှစ် ဧပြီလမှစတင်ကာ မူကြမ်းရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး National Control Plan များလည်း ရေးဆွဲသွားရန်ရှိပါကြောင်း သိရှိရပါသည်။
ဒါ့အပြင် အဆိုပါဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE)၏ Guide Lines များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိပြီး Biosecurity နှင့်စပ်လျဉ်းပြီး (က) စာရင်းဝင်တိရစ္ဆာန်ရောဂါ (A Grade)စာရင်းဝင် တိရစ္ဆာန်ရောဂါ(၉)မျိုးကို သတ်မှတ်ထုတ်ပြန်ခဲ့ပြီး လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ကုန်သွယ်ရေး Check point များမှာ Quarantine Stations များထားရှိ ဆောင်ရွက်စစ်ဆေးလျက်ရှိပါကြောင်း၊ ဓာတ်ခွဲခန်းများ၏ Biotechnology အတွက်နှင့် Waste Disposal စနစ်တကျရှိရေး၊ ဝန်ထမ်းများဘေးအန္တရာယ် ကင်းရှင်းရေးအတွက် OIE၊ FAO သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း။
အာဆီယံဒေသတွင်း ငါး/ပုစွန်ရောဂါများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မပျံ့နှံ့စေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ နည်းပညာအကူအညီရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိပြီး Myanmar Biosecurity Association ကို မိတ်ဖက်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) များနှင့်ပူးပေါင်း၍ ဖွဲ့စည်းဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုသိမ်တက္ကသိုလ် Department of Biotechnology ဇီဝ နည်းပညာဌာနဘာသာရပ် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ ဂျပန်နိုင်ငံ အမျိုးသားနည်းပညာ အကဲဖြတ် တက္ကသိုလ် ကိုဗဟိုပြုပြီး အာဆီယံနိုင်ငံများနှင့်တကွ အိန္ဒိယ၊ ကိုရီးယား၊ တရုတ်၊ မွန်ဂိုလီးယားနိုင်ငံများနှင့် သင်ကြားရေးဆိုင်ရာများ၊ သုတေသနဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ချိတ်ဆက်ထားရှိပါသည်။ Myanmar Biotechnology Association ဖွဲ့စည်းရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေကို ၁၉၉၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ပြဋ္ဌာန်းပြီးသည့်နောက် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် ၂၀၀၅ ခုနှစ် International Health Regulation-2005 နှင့်အညီ ကူးစက်ရောဂါများကာကွယ် နှိမ်နင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီးလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာကျန်းမာရေး ပြဋ္ဌာန်းချက် ၂၀၀၅ ခုနှစ်ပါ အချက်အလက်များအရ နိုင်ငံ တကာအဖွဲ့အစည်းဖြစ်တဲ့ (FAO) ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အနေနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
မိမိတို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် Biotichnology နှင့် စပ်လျဉ်းပြီး ၂၀၀၂ ခုနှစ်မှစ၍ ဇီဝနည်းပညာဆိုင်ရာ သင်ကြားရေးဘာသာရပ်အဖြစ် ဘွဲ့ကြိုသင်တန်းများကို နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တွင် လည်းကောင်း၊ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့သင်တန်းများကို မန္တလေးနည်းပညာတက္ကသိုလ်တွင် လည်းကောင်း၊ ဇီဝနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်မည့် ဇီဝနည်းပညာ သုတေသန ဦးစီးဌာနကြီးတစ်ခုကို တည်ထောင်ဖွင့်လှစ်ထားပါကြောင်း၊ ဂေါ်ဖီ ထုပ်တွင်ကျရောက်နေသော Diamondback Moth ကို Insect အမြုံပြုလုပ်သော နည်းစဉ်ကို အသုံးပြုပြီး ထိန်းချုပ်သည့် သုတေသနလုပ်ငန်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနစီမံကိန်း၊ မြေဆီလွှာပျက်စီးမှုကို ပြုပြင်သောစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPRM အဖွဲ့အစည်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ Focal အဖြစ်နှင့် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPRM ဆိုတာ Chemical Biological, Radiological အဖွဲ့အစည်းဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် Biotechnology၊ Biosecurity နှင့် ပတ်သက်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆောင်ရွက်ချက်များကို အခုလို စုပေါင်းတင်ပြခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
