(ခ)-ရှေးဟောင်း သုတေသန၊ အ မျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊နေပြည်တော်၏သက်တမ်း တွက်ချက် သိရှိနိုင်သော ခတ်မီစက်ကြီးများနှင်‌့စပ် လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၂၆.၈.၂၀၁၃)

ဦးဇော်ဝင်းအောင် (မြင်းမူ)ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၌ ရှေးဟောင်း ပစ္စည်းများအား နှစ်ကာလသက်တမ်း တွက်ချက်ပေးနိုင်သော ခေတ်မီ စက်ကြီး များ ပြည်ပမှဝယ်ယူ ရောက်ရှိနေပြီဖြစ် သည် ကို လေ့လာသိရှိရပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့၏ အနောက်ဘက် ၆ မိုင်ခန့်အကွာအဝေးရှိ မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်တွင် တည်ရှိသော အလ္လကပ္ပကျေးရွာသည် ထီးနန်း ၇ ဆက်ဖြင့် တည်ရှိခဲ့ ဘူးကြောင်းနှင့် ယခု ထက်တိုင် တွေ့ရှိနေရသော အုတ်မြို့ရိုးဟောင်းကြီး အား အထောက်အထားပြုပြီး အလ္လကပ္ပကျေးရွာတည်ရှိမှု သမိုင်းအထောက် အထားများကို သိရှိလိုသောကြောင့် အဆိုပါအုတ်မြို့ရိုးဟောင်းမှ အုတ်ချပ်ကြီး ၁ ချပ်အား ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနသို့ ပေးပို့ပြီး သက်တမ်းသိရှိနိုင်ရန်အတွက် အကူအညီတောင်းခံခဲ့သော်လည်း ယနေ့အထိ အဖြေ တစ်စုံတစ်ရာမရရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍

မေးခွန်း(၁) ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (နေပြည် တော်)တွင် ရှေးဟောင်းပစ္စည်းများကိုသက်တမ်းတွက်ချက် သိရှိနိုင်သော ခေတ်မီစက်ကြီးများ ပြည်ပမှ ဝယ်ယူရောက်ရှိခြင်း ရှိ/မရှိသိရှိလိုပါကြောင်း။

မေးခွန်း(၂)အကယ်၍ ဝယ်ယူရောက်ရှိခဲ့ပါက စက်အမျိုးအစားများနှင့် ဆောင်ရွက်ပေးနိုင်မှု စွမ်းရည်များ အား အသေးစိတ် သိရှိလိုပါကြောင်း။

မေးခွန်း(၃)   အဆိုပါ ဝယ်ယူရောက်ရှိခဲ့သော ခေတ်မီစက်ကြီးများတွင် ပစ္စည်းပြည်‌့စုံမှု ရှိ/မရှိနှင့် ပစ္စည်းပြည့်စုံမှုရှိပါက မည်ကဲ့သို့ဆောင်ရွက်ပေးမည်နှင့် ပစ္စည်းပြည့်စုံမှုမရှိပါက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထား ရှိသည်များကို သိရှိလိုပါကြောင်း။

မေးခွန်း(၄) အဆိုပါခေတ်မီစက်ကြီးများဖြင့် မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာတွင်တည်ရှိသော မြို့ရိုးဟောင်းမှအုတ်ချပ်အား သက်တမ်း တွက်ချက်ပေးနိုင်ခြင်း ရှိ/မရှိမေးမြန်းပါသည်။


 

ဖြေကြားသူ
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသည် ရှေးဟောင်း ဝတ္ထု ပစ္စည်းတို့၏ သက်တမ်းကို တွက်ချက်နိုင်မည့် သာမိုလူမီးနီးဆင့်ဓာတ်ခွဲခန်းကို ပြည်ပသို့မှာယူခဲ့ရာ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်ဌာနခွဲ၌ ပြည်ပပညာရှင်များကလာရောက် တပ်ဆင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် သမိုင်းမတင်မီ ခေတ်မှ ယခုကာလအထိ မြေထည်ပစ္စည်းများကို အသုံးများသည့်အားလျော်စွာ အဆိုပါ သာမိုလူမီးနီးဆင့် ဓာတ်ခွဲ စမ်းသပ်ခြင်းသည် ရှေးဟောင်းဝတ္ထု ပစ္စည်းများ အနက် မြေမီးဖုတ်ရှေးဟောင်း ပစ္စည်းများထဲတွင်ပါရှိသည့် ရေဒီယို သတ္တိကြွဒြပ်စင်ကို အပူပေး စမ်းသပ်သောနည်းဖြစ်ပြီး အလင်းနှင့် အပူကိုသုံးစွဲထားသည့်ပစ္စည်း တစ်နည်းအားဖြင့် မြေမီးဖုတ်အမျိုးမျိုး၊ ကြွေထည်၊ စဉ့်ထည်စသည့် ပစ္စည်းများ၏ သက်တမ်းကို အနီးစပ်ဆုံးခန့်မှန်း တွက်ချက် ပေးနိုင်ပါကြောင်း၊ သာမိုလူမီးနီးဆင့်ဓာတ်ခွဲခန်း အတွက် ရှေးဟောင်းဝတ္ထုပစ္စည်းများ၏ သက်တမ်းကို တွက်ချက်နိုင်ရန် အဆင့် ၃ ဆင့် လိုအပ်ရာတွင် ပထမအဆင်‌့သည် သန့်စင်ခြင်းအဆင့်ဖြစ်ပါကြောင်း၊ အလင်းနှင့် အပူသုံးစွဲထားသည့်ပစ္စည်း တစ်နည်း အားဖြင့် မြေမီးဖုတ်ပစ္စည်း၊ ကြွေထည်၊ စဉ့်ထည်အစရှိသည့် ပစ္စည်းမျိုးဖြစ်ရန် လိုအပ်ပြီး သက်တမ်းတွက်ချက်သည့် အခါ တိကျမှန်ကန်သော အဖြေရရှိနိုင်ရန်အတွက် နမူနာ ရယူခြင်းသည် အရေးကြီးပါကြောင်း၊ အပေါ်ယံ မြေလွှာမှ ရရှိ လာသော ရှေးဟောင်းမြေမီးဖုတ် ပစ္စည်းသည် မြေပြင်ပေါ်တွင် ရှိသော နေမှထွက်လာသည့် Cosmic ရောင်ခြည်ကြောင့် တွက်ချက်သည့်အခါ မှားယွင်းနိုင်သည့်အတွက် တူးဖော်မှုကျင်း၏ အတွင်းပိုင်း၊ အနက်ပိုင်းတွင်ရှိပြီး ကျင်း၏ အလယ်ပိုင်းက နေရရှိသော နမူနာကသာလျှင် တိုင်းတာရာ၌ ပိုမိုမှန်ကန်သော အဖြေကိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ တိုင်းတာရာ တွင်လည်း နမူနာပစ္စည်းသာမက ရှေးဟောင်း ပစ္စည်း နေရာတွင်ရှိသော မြေကြီးတွင်ပါဝင် ဖွဲ့စည်းထားသည့် ဓာတ်များကိုပါ တိုင်းတာ စစ်ဆေးရ မည်ဖြစ်ပါကြောင်း၊ အဆိုပါ နမူနာကို စစ်ဆေးရန် ပထမအဆင့်တွင်  ဓာတုဆေးရည်များ၊ ပစ္စည်း ကိရိယာများနှင့် အဆင့်ဆင့်သန့်စင်ခြင်း၊ ဒုတိယအဆင့်တွင် Radiation Source ဖြစ်သော ရေဒီယို သတ္တိကြွပစ္စည်း Alpha, Beta နှင့် Gamma Source တို့ကို ထပ်မံ အသုံးပြုပြီး စစ်ဆေးအဖြေထုတ်ရခြင်း၊ တတိယအဆင့်တွင် ရ ရှိလာသော ရလဒ်များ အပေါ် မူတည်၍ ပညာရှင်က Computer Software များဖြင့်တွက်ချက်၍ ခန့်မှန်း သက်တမ်းကို အဖြေ ထုတ်ခြင်းတို့ဖြစ်ပါကြောင်း။

ယခုလက်ရှိတွင် သာမိုလူမီးနီးဆင့်ဓာတ်ခွဲခန်းသည် ရှေးဟောင်းဝတ္ထုပစ္စည်း၏ သက်တမ်းကို တွက်ချက်ပေးမှု အဆင့်အထိ ပြည့်စုံမှု မရှိသေးဘဲ ပထမအဆင့်ဖြစ်သော ဓာတ်ခွဲသန့်စင်ခြင်းအဆင့်ကိုသာ ဆောင်ရွက်နိုင်သေးပြီး ဒုတိယ အဆင့် ဖြစ်သည့် ရေဒီယိုသတ္တိကြွပစ္စည်း Alpha, Beta နှင့် Gamma Source ဖြင့် ဓာတ်ခွဲအဖြေထုတ်ခြင်းကိုမူ မဆောင်ရွက်နိုင် သေးပါကြောင်း၊  Radiation Source များရရှိပြီးမှသာ ဆက်လက်၍ ဓာတ်ခွဲပြီး အနီးစပ်ဆုံး သက်တမ်းကို တွက်ချက်နိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ Radiation Source (၃) မျိုး သည် ရေဒီယိုသတ္တိကြွ ပစ္စည်းများဖြစ်သည့်အတွက် တရားဝင်တင်သွင်းရန် ကန့်သတ်ချက်များရှိခဲ့သော်လည်း ယခုအခါ ပြည်ပမှ ပိတ်ဆို့မှု၊ ကန့်သတ်မှုများဖြေလျော့ပေးပြီး ဖြစ်သည့်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားပြီး ဝယ်ယူသွားရန် (သို့) ပြည်ပနိုင်ငံ တစ်ခုခုမှ အကူအညီတောင်းခံရန် စသည်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အနုမြူဓာတ် သတ္တိကြွပစ္စည်းများ တင်သွင်းပေးသော ကုမ္ပဏီနှင့်လည်း ဆက်သွယ်ညှိနှိုင်းလျက်ရှိသည်နည်းတူ အဆိုပါဓာတ်ခွဲခန်းတည်ဆောက်ပေးမှုနှင့် ဆက်နွယ် သည့် ပြည်ပတက္ကသိုလ်၏ ရူပဗေဒဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနတို့အကြားလည်း Agreement ရေးထိုးပြီး သာမိုလူမီးနီးဆင့်ဓာတ်ခွဲခန်းအတွက် လိုအပ်သောပစ္စည်းများ ရရှိရေး၊ ဓာတ်ခွဲခန်း လည်ပတ်ရေး၊ သက်ဆိုင်ရာ ပညာရှင်များလာရောက်ပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ပေးရေး၊ ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေးများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာရှိ မြို့ရိုးဟောင်းမှ ရှေးဟောင်း အုတ်ချပ်များကို အဆိုပါပစ္စည်းများပြည့်စုံသည့်အခါတွင် ဓာတ်ခွဲစမ်းသပ်၍ အနီးစပ်ဆုံး ခန့်မှန်းသက်တမ်းကို တွက်ချက် ပေးနိုင်ကြောင်း ဖြေကြားပါသည်။