(ဂ)-ပြည်တွင်း၌စက်သုံးဆီနှင့်သဘာဝဓာတ်ငွေ့ များသုံးစွဲမှု၊ပြည်ပမှ တင်သွင်းမှုပမာဏ၊ အခွန်ဘ ဏ္ဍာကောက်ယူရရှိမှုနှင့်စက်သုံးဆီအရည်အသွေး စစ်ဆေးခွင့်ပြုမှု အခြေအနေတို့အား သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၂.၁၀.၂၀၁၄)

ဗိုလ်မှူးဆွေလင်းမြင့် (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးဆွေလင်းမြင့် (တပ်မတော်သားကိုယ်စားလှယ်)ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံ၊ ကဏ္ဍစုံကနေ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်နှင့်အမျှ ပြည်တွင်း၌ စက်ယန္တရားကြီးများ၊ ယာဉ်များ အသုံးပြုမှုကဏ္ဍမှာလည်း အရေအတွက်များ များပြားလာသော ကြောင့် စက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှုများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည် ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့များပြားလာသော စက်ယန္တရားကြီးများ၊ မော်တော်ယာဉ် အပါအဝင် စက်တပ်ယာဉ်များ ကောင်းမွန်ကြံ့ခိုင်စွာဖြင့် သက်တမ်းပြည့်အသုံးပြုနိုင်ရေးအတွက် စက်သုံးဆီများ စံချိန်မီအရည်အသွေးဖြစ်ရန် အဓိကလိုအပ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လည်း တင်သွင်း ရောင်းချနေသော စက်သုံးဆီများ အရည်အသွေး ပြည့်ဝရေး စိစစ်ခွင့်ပြုလျက်ရှိကြောင်းလည်း လေ့လာတွေ့ရှိရပါသော်လည်း ယနေ့အချိန်ထိ စက်သုံးဆီအရောင်းဆိုင်များအချို့၌ ရောင်းချနေသော စက်သုံးဆီများ အရည်အသွေး စံချိန်မမီသောကြောင့် စက်များ၊ ယာဉ်များ မလိုလားအပ်ဘဲ ချို့ယွင်းပျက်စီးခြင်း၊ သက်တမ်းပြည့် ကောင်းမွန်ကြံ့ခိုင် ခြင်းမရှိခြင်းများလည်း တွေ့ရှိနေရပါကြောင်း၊ လွှတ်တော်တွင်လည်း ၎င်းအခြေအနေနှင့်ပတ်သက်၍ ယခင်က မေးမြန်းမှုများလည်း ရှိခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ၎င်းတို့၏ဆောင်ရွက်နေမှု များကို ရှင်းလင်းဖြေကြားခြင်းများလည်း ရှိခဲ့ပါကြောင်း၊ သို့သော် တကယ့် လက်တွေ့တွင် အချို့သော စက်သုံးဆီ အရောင်းဆိုင်များသည် စက်သုံးဆီအချိန်အတွယ်မပြည့်ဝခြင်း၊ အရည်အသွေးနှင့်ပတ်သက်၍ ကောင်းမွန်လာခြင်းများ မရှိသေးတာကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်

(၁) ပြည်ပမှ တင်သွင်းလာသောစက်သုံးဆီများနှင့် ပြည်တွင်းစက်သုံးဆီဆိုင်များတွင် ရောင်းချ နေသော စက်သုံးဆီများ အချိန်အတွယ်နှင့် အရည်အသွေးစံချိန်မီခြင်းရှိ/မရှိ၊ စစ်ဆေးကြပ်မတ်နေမှု အခြေအနေများနှင့် ထိရောက်သောစစ်ဆေးမှုဖြစ်ဖို့ အရေးယူဆောင်ရွက်ချက်များပါသည်အထိ ထိထိ ရောက်ရောက်ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များရှိ/မရှိ။ (၂) နှစ်စဉ် စက်သုံးဆီများ ပြည်ပမှ တင်သွင်းမှုပမာဏနှင့် အခွန်ဘဏ္ဍာကောက်ယူရရှိမှုအခြေအနေအား သိရှိလိုပါသောကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင်‌့ လေးစားစွာတင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။       


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး
အဖြေ

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးမြန်မာနိုင်ငံ၏ နှစ်စဉ်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းသုံးစွဲမှုပမာဏများအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အထိ နှစ်စဉ်ပျမ်းမျှ ၄.၁၄ ဘီလီယံကုဗပေ ထုတ်လုပ်ပြီး ပြည်ပကို ၇၈ ရာခိုင်နှုန်းတင်ပို့ကာ ပြည်တွင်းတွင် ၁၈ ရာခိုင်နှုန်းသုံးစွဲ၍ ကျန် ၄ ရာခိုင်နှုန်းကို Project များ၏ Utilities၊ Gas Turbine၊  Compressor များ လည်ပတ်ရန် တစ်ရက်လျှင် ၅ သန်းခန့် သုံးစွဲပါကြောင်း၊ ပြည်တွင်းစက်သုံးဆီ သုံးစွဲမှုအနေဖြင့်၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အထိ ဓာတ်ဆီကို နှစ်စဉ်ပျမ်းမျှ  ၁၅၉.၈၅ ဂါလန်သန်းပေါင်း ဖြန့်ဖြူးခဲ့ပြီး ဒီဇယ်ဆီကို နှစ်စဉ်ပျမ်းမျှ ၃၈၆.၃၁ ဂါလန်သန်း ဖြန့်ဖြူးခဲ့ပါကြောင်း၊

၂၀၁၀ ခုနှစ် ဇွန်လကစတင်ကာ စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းတွေကို နိုင်ငံပိုင် ကဏ္ဍမှ ပုဂ္ဂလိကကဏ္ဍသို့ ကူးပြောင်းလုပ်ဆောင်ခဲ့ရာတွင် နိုင်ငံပိုင်ကဏ္ဍအတွက် စွမ်းအင်ဝန်ကြီးဌာနက တာဝန်ယူ တင်သွင်းပြီး ပုဂ္ဂလိကကဏ္ဍအတွက် ပုဂ္ဂလိကကုမ္ပဏီနှင့် လုပ်ငန်းရှင်တွေကနေပြီးတော့ ဓာတ်ဆီ 92 ရွန်နှင့် 95 ရွန် အပါအဝင် ဓာတ်ဆီနှင့် ဒီဇယ်ဆီများကို အဓိကထားပြီး တင်သွင်းခဲ့ကြပါကြောင်း၊ နိုင်ငံပိုင် ကဏ္ဍအတွက် ပြည်ပမှတင်သွင်းသော ဓာတ်ဆီအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်အတွင်း နှစ်စဉ် တစ်ပြည်လုံး ဖြန့်ဖြူးမှု၏ ဝ.၄၈ ရာခိုင်နှုန်းကိုသာ ပြည်ပမှတင်သွင်းခဲ့ရပြီး ဒီဇယ်ကို နှစ်စဉ်ဖြန့်ဖြူးမှု၏ ၁၃.၂၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းဖြန့်ဖြူးခဲ့ရပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍအတွက် ပုဂ္ဂလိက ကုမ္ပဏီများမှ တင်သွင်းသော ပမာဏသည်  ဓာတ်ဆီအနေဖြင့် နှစ်စဉ် တစ်ပြည်လုံးဖြန့်ဖြူးမှု၏ ၃၉.၉၄ ရာခိုင်နှုန်း ပြည်ပမှ တင်သွင်းခဲ့ပြီး ဒီဇယ်ဆီကိုလည်း နှစ်စဉ်တစ်ပြည်လုံးဖြန့်ဖြူးမှု၏ ၇၂.၈၈ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းခဲ့ရပါကြောင်း၊ ထိုသို့ တင်သွင်းရာတွင် တင်သွင်းသောကုမ္ပဏီ၊ လုပ်ငန်းရှင်များအ‌နေဖြင့် ပြည်ပမှ တင်သွင်းသည့်ဓာတ်ဆီနှင့် ဒီဇယ်ဆီပမာဏများအလိုက် ကုန်သွယ်မှု လုပ်ငန်းခွန် ၁၀ ရာခိုင်နှုန်း၊ အကောက်ခွန် ၁.၅ ရာခိုင်နှုန်းနှင့် အမြတ်ခွန် ၂ ရာခိုင်နှုန်းတို့ကို ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးသွင်းပြီးမှသာလျှင် စက်သုံးဆီတင်သွင်းခွင့်လိုင်စင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း

ဘဏ္ဍာရေးနှစ်အလိုက် စက်သုံးဆီတင်သွင်းမှုများကနေပြီး အကောက်ခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်အဖြစ် ရရှိသော ဝင်ငွေများအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၆၆.၅၃၁ ဘီလီယံ ကျပ်သန်း ပေါင်း ရရှိပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ  ၁၀၇.၁၈၂ ဘီလီယံကျပ်ရရှိပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၂၁၀.၂၇၉ ဘီလီယံကျပ်သန်းပေါင်း ရရှိခဲ့ပါကြောင်း၊ စက်သုံး ဆီအရည်အသွေး စစ်ဆေးခွင့်ပြုမှု အခြေအနေနှင့် ပတ်သက်၍ ပထမအဆင့်အနေနဲ့ စွမ်းအင်ဝန်ကြီး ဌာနမှ လက်အောက်မှာရှိတဲ့ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ စက်သုံးဆီအမျိုးအစားများအလိုက် သတ်မှတ်ထားသော အရည်အသွေး စံချိန် စံညွှန်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်မှုညွှန်ကြားရေး ဦးစီးဌာနကို ပေးပို့ပြီး စက်သုံးဆီတင်သွင်းခွင့် လိုင်စင်လျှောက်ထားလာပါက ၎င်းစံချိန်စံညွှန်းများ နှင့်အညီ တိုက်ဆိုင်စစ်ဆေးပြီးမှ ကိုက်ညီမှုရှိမှသာလျှင် စက်သုံးဆီတင်သွင်းခွင့်လိုင်စင်ကို ခွင့်ပြုပေးတာဖြစ်ပါကြောင်း၊  ဒုတိယအဆင့် အနေဖြင့် စက်သုံးဆီတင်သွင်းသော ရေယာဉ်များရောက်ရှိပါက တင်သွင်းလာသော စက်သုံးဆီနမူနာကို စစ်ဆေးရေးအဖွဲ့က အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)မှာရှိတွင်ရှိသော စက်သုံးဆီစစ်ဆေးရေး ဓာတ်ခွဲခန်းကိုပေးပို့ပြီး  စစ်ဆေးပြီးမှ ဓာတ်ခွဲခန်းရလဒ်သည် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီမှုရှိမှသာလျှင်စက်သုံးဆီများကို ရေယာဉ်ပေါ်ကနေ ချခွင့်၊ ဖြန့်ဖြူးခွင့်ပြုခြင်း လုပ်ဆောင်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။