(ဃ)-ရပ်စောက်မြို့နယ်၊အင်းခေါင်း ရေထွက်ရေကန်၏ နုန်းတာတမံ ကန်ပတ်လမ်းများ တည်ဆောက်ခြင်း၊ရေဆိုးထုတ်မြောင်းများ တည်ဆောက်ခြင်း၊နုန်းထုတ်မြေတူးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်နေသော ရန်ပုံငွေများ ခွင့်ပြုဆောင် ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရပ်စောက်မြို့သည် မြို့ပေါ် ၈ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး အင်းခေါင်းရေ ထွက်နှင့် ရေကန်ကြီးသည် တောင်ကွက်သစ်ရပ်ကွက်နှင့် မြို့ကုန်းရပ်ကွက်အပိုင်းများတွင် တည်ရှိကာ ကုန်းမြင့်ပိုင်းတွင် လူနေအိမ်ခြေများတည်ရှိပြီး အနိမ့်ပိုင်းတွင် အင်းခေါင်းရေ ထွက်နှင့် ရေကန်ကြီးတည်ရှိပါသဖြင့် မိုးရေနှင့် စွန့်ပစ်ရေများသည် သဘာဝအရ အင်းခေါင်းရေကန်ကြီးအတွင်း စီးဝင်၍ သဲနုန်းမြေများပို့ချ၍ ရေထွက်ပိတ်ဆို့မှု၊ တိမ်ကောမှုများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ အင်းခေါင်းရေထွက်ရေကန်မှရေများကို ရပ်စောက်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ မြို့ရေပေးဝေရေးစနစ်ဖြင့် မြို့ပေါ် ၅ ရပ်ကွက်ဖြစ်သော တောင်ကွက်သစ်၊ မြို့ကုန်း၊ အုတ်တံတား၊ မြောက်ကွက်သစ်နှင့် ဈေးတန်းရပ်ကွက်များကို သောက်သုံးရေအဖြစ် ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ ဂျပန် JICA ချေးငွေဖြင့် မြို့ပေါ်ရပ်ကွက်အားလုံး သောက်သုံးရေရရှိရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အင်းခေါင်းရေထွက်ဦးကို ကာကွယ်၍ နုန်းတာတမံတည်ဆောက်ခြင်း၊ ရေဆိုးထုတ်ရေွမောင်းများ တည်ဆောက်ခြင်း၊ နုန်းများဖယ်ရှား စုပ်ထုတ်နိုင်ရန် အတွက် ပြည်ထောင်စုအစိုးရထံမှ ထောက်ပံ့ငွေရရှိရေးကို ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၅-၁၀-၂၀၁၂ ရက်စွဲဖြင့် အင်းခေါင်းကန်ပတ်နုန်း တာတမံ တည်ဆောက်ခြင်း၊ ရေဆိုးထုတ် ရေပျောက်ပြုလုပ်ခြင်း၊ နုန်းထုတ်စက်နှင့် မြေတူးစက် အသုံးပြုလုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်း တိုင်းတာပြီး ရန်ပုံငွေရရှိမှုအပေါ်အခြေခံ၍ လုပ်ငန်းများ အစီအစဉ် ဆောင်ရွက်ပေးမည်ဖြစ် ပါကြောင်း ဖြေကြားချက်ရရှိခဲ့ပါကြောင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ကျပ် ၄၅၅ သန်း ဘဏ္ဍာငွေများ ခွဲဝေရရှိခဲ့ပြီး တိမ်ကောလာသည့် ရေကန်ဧရိယာကို စက်အင်အားဖြင့် ပြန်လည်တူးဖော်ခြင်း၊ ကန်ပတ် နုန်းတာတမံများ တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို ၆၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သို့သော်လည်း ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် အစိုးရထံမှ ခွင့်ပြုရန်ပုံငွေများ မရရှိခဲ့၍ လုပ်ငန်းများ ဆက်လက်၍ မဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊သို့ဖြစ်ပါ၍ ရပ်စောက်မြို့ အင်းခေါင်း ရေထွက်ရေကန်၏ နုန်းတားတမံ ကန်ပတ်လမ်းများ တည်ဆောက်ခြင်း၊ ရေဆိုးထုတ်ရေမြောင်းများ တည်ဆောက်ခြင်း ၊ နုန်းထုတ်မြေတူးခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လိုအပ်နေသောရန်ပုံငွေများ ခွင့်ပြုဆောင်ရွက်ပေးမည့် အစီအစဉ်များ ရှိ/မရှိ သိရှိ လိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ရပ်စောက်မြို့နယ်၊ အင်းခေါင်းရေထွက်ရေကန်၏ နုန်းတာတမံ ကန်ပတ်လမ်းများ တည်ဆောက်ခြင်း၊ ရေဆိုးထုတ်မြောင်းများတည်ဆောက်ခြင်း၊ နုန်းထုတ်မြေတူးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လိုအပ်သည့် ရန်ပုံငွေများ ခွင့်ပြုဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းပြီး ရှမ်းပြည်နယ်အစိုးရအဖွဲနှင့် ဆက်သွယ်ညှိနှိုင်းသိရှိချက်အရ ရှမ်းပြည်နယ် ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၃၀၀ ကို အဆိုပါလုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် တောင်းခံခဲ့သော်လည်း ရန်ပုံငွေခွဲဝေရရှိခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေတွင် အဘက်ဘက်က ပြန်လည်ညှိနှိုင်းတွက်ချက်ပြီး ထပ်မံတောင်းခံလိုက်သော ပမာဏသည် ကျပ်သန်း ၄၅၀ ဖြစ်သော်လည်း ခွဲဝေရရှိခြင်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ ပြည်နယ်အစိုးရ၏ (ငွေလုံးငွေရင်း) ခန့်မှန်းခြေ ငွေစာရင်းတွင် ကျပ်သန်း ၄၅၀ တင်ပြတောင်းခံခဲ့ပါကြောင်း၊ သို့သော် ဘဏ္ဍာငွေအရ အသုံးစိစစ်မှုအရ လာမည့်ဘဏ္ဍာရေးနှစ် ရန်ပုံငွေခွဲဝေချက်တွင် ပါဝင်နိုင်ခဲ့ခြင်းမရှိကြောင်း၊ထို့ကြောင့် ပြည်နယ်အစိုးရအဖွဲ့အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ခန့်မှန်းခြေတွင် ရန်ပုံငွေကျပ်သန်း ၄၅၀ နှင့် ခွင့်ပြုချက်ရရှိရေးကို ဆက်စပ်ညှိနှိုင်းတောင်းခံ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အင်းခေါင်းရေထွက် ရေကန်ပြုပြင်ခြင်း လုပ်ငန်းတစ်ရပ်လုံးအတွက် ပြီးစီးနိုင်မှုခန့်မှန်းခြေမှာ ရန်ပုံငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၇၀၀ လိုအပ်မည်ဖြစ်ပါကြောင်း ပြည်နယ် အစိုးအရအဖွဲ့၏ ဖြေကြားချက်ပေါ်တွင် ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
ဦးခင်မောင်မြင့် (ရပ်စောက်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အင်းခေါင်းရေထွက်ရေကန်သည် မြို့ပေါ်ပြည်သူအားလုံးသောက်သုံးရေအဖြစ် အသုံးပြုလျက်ရှိပြီး စိုက်ဧက ၂၀၀၀ ကိုလည်း အကျိုးပြုလျက်ရှိပါကြောင်း၊ မိုးတွင်းကာလများ၌ မိုးသည်းထန်စွာ ရွာသည့်အတွက် ၎င်းရေကန်အတွင်းသို့ ရပ်စောက်မြို့၏ မြို့မဈေးကြီးဈေး အပိုင်းမှ ရေဆိုးရေညစ်များ၊ ဆေးရုံအပိုင်းမှ ရေဆိုးများသည် ကန်အတွင်းသို့ စီးဝင်လျက်ရှိပါကြောင်း၊ ၎င်းရေဆိုးများ ရေဆိုးထုတ် ရေမြောင်းကန်ပတ်နုန်းတားတမံများ ဆက်လက်ဆောင်ရွက်ပေးမှသာလျှင် မြို့နေပြည်သူများက သောက်သုံးရေရရှိရေးကို အဆင်ပြေ မည်ဖြစ် ပါကြောင်း၊ ရေထွက်ရေကန် တိမ်ကောမှုများကိုလည်း မိမိတို့ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဆက်လက်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်လျာထားချက်တွင် မပါဝင်ပါက သီးခြားငွေကြေး မှသော် လည်းကောင်း၊ ဖြည့်စွက် ရန်ပုံငွေမှသော်လည်းကောင်း ဆောင်ရွက်ပေးမည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
၂၀၁၇-၂၀၁၈ မူလခန့်မှန်းခြေစာရင်းတွင် မပါဝင်သည့်အတွက် ငွေစာရင်း လုပ်ထုံးလုပ်နည်း ဘတ်ဂျက်၏ ညှိနှိုင်းချက်အရ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေတွင် ခွင့်ပြုနိုင်မည့် အခြေအနေရှိမည် မဟုတ်ပါကြောင်း၊ သို့သော် ဒေသလိုအပ်ချက်ရှိသည့်အတွက် မိမိဝန်ကြီး ဌာနများက မည်ကဲ့သို့ စီမံညှိနှိုင်းဆောင်ရွက် သွားနိုင်မည့် အခြေအနေကို ပြန်လည်ဆွေးနွေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
