(ဃ)-မောက်မယ်မြို့နယ်ရှိရွာသစ်ရွာနှင့်နောင် ခမ်းကျေးရွာချင်းဆက် ကျောက်ချောလမ်းအား ဆက်လက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၈.၁၁.၂၀၁၆)

ဦးစိုင်းငေါင်ဆိုင်ဟိန်းမောက်မယ်မြို့နယ်အတွင်းရှိ ဆက်သွယ် သွားလာရေးခက်ခဲသော ကျေးရွာများကို နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင်‌့ မွေးမြူးရေး၊ ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ယခင်နှစ်များတွင် ကျောက်ချော လမ်းဆောင်ရွက်ပေးခဲ့ရာ အတော်အတန် ပြီးစီးခဲ့ပြီး  ရာသီမရွေးလဲ ဆက်သွယ်သွားလာနိုင်မည်ဖြစ် ပါကြောင်း၊ ယခုတင်ပြမည့် ကျေးရွာများမှာ ကျောက်ချောလမ်း တစ်ဆက်တစ်စပ်တည်းခင်းရန် ကျန်ရှိ နေသည့် ကျေးရွာများဖြစ်ပြီး အထူးသဖြင့် မိုးရာသီကာလများတွင် ဆက်သွယ်သွားလာရေး လွန်စွာခက်ခဲတဲ့ဒေသဖြစ်ပါကြောင်း၊ အထူးသဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင ်ရောင်းချရာတွင် အခက်အခဲတွေ့ ကြရသည့်နေရာများဖြစ်ပါကြောင်း၊ ၎င်းကျေးရွာများမှာ (၁) စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ရွာနှင့်နောင်ခမ်း ကျေးရွာချင်းဆက်လမ်း ၂.၇၅ မိုင်၊ (၂) ဟိုလွိုင်ကျေးရွာအုပ်စု ကားလမ်းမကြီးနှင့် ဟန်နားရွာ ဆက်သွယ်သောလမ်း ၄ ဖာလုံ၊ (၃) ဟိုလွိုင်ကျေးရွာအုပ်စု နောင်ပီလမ်းခွဲမှ ကုန်းမလန်းကျေးရွာအထိ ဆက်သွယ်သောလမ်း ၄ မိုင်တို့ပဲ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မိုးရာသီတွင် ဆက်သွယ် သွားလာရေး ခက်ခဲသည့် တင်ပြပါကျေးရွာများ၏ ကျေးရွာချင်းဆက်လမ်းများကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးနိုင်ပါရန် မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ
အဖြေ

ဒေါက်တာအောင်သူရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စဉ့်ဝင်ကျေးရွာအုပ်စု ရွာသစ်- နောင်ခမ်း ကျေးရွာချင်းဆက်လမ်းအရှည် ၂ မိုင် ၇.၁ ဖာလုံ၊ ဟိုလွိုင်ကျေးရွာအုပ်စု မိုးနဲ-မောက်မယ် ကားလမ်းမကြီးမှ ဟန်နားရွာထိ အရှည် ၇.၄ ဖာလုံနှင့် မောက်မယ်-ဆိုက်ခေါင် ကားလမ်းမကြီး နောင်ပီလမ်းခွဲမှ ကုန်းမလန်းထိ အရှည် ၄ မိုင် စုစုပေါင်း အရှည် ၇ မိုင် ၆.၅ ဖာလုံရဲ့ လက်ရှိအခြေ အနေမှာ ၁၈ ပေအကျယ်ရှိ မြေသားလမ်းဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာချင်းဆက်လမ်း ၃ လမ်း အရှည် ၇ မိုင် ၆.၅ ဖာလုံကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းများဆောင်ရွက်ပါက စုစုပေါင်း ငွေကျပ် ၆၀၈.၃၉၉ သန်းခန့် ကုန်ကျမှာဖြစ်ပြီး ကျေးရွာငါးရွာ၊ အိမ်ခြေ ၃၇၈ ၊ လူဦးရေ ၁၇၆၈ ဦးကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘတ်ဂျက် လျာထား ဆောင်ရွက်ရာတွင် ပြည်နယ်/တိုင်းဒေသကြီးများအတွင်းရှိ လူဦးရေအချိုးအစား များအရ လျာထားသည့်အပြင် ပြည်နယ်/တိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်များအားလုံး ကိုလည်း ပါဝင်လျာထားသည့်အပြင် ကျေးရွာများ၏ လိုအပ်ချက်များအား မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်/တိုင်း ဒေသကြီးများမှတစ်ဆင့် ထောက်ခံတင်ပြလာမှုများအပေါ်မှာလည်း ဦးစားပေး အစီအစဉ်အတိုင်း ရွေးချယ်လျာထားပေးပါကြောင်း၊

ရှမ်းပြည်နယ်အတွင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေကျပ် ၇၈၂၀.၂၈၁ သန်းဖြင့် ကတ္တရာလမ်း ၁၀ မိုင် ၂ ဖာလုံ၊ ကျောက်ချောလမ်း ၆၄ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၅၄ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်တံတား ၃၆ စင်း၊ သစ်သားတံတား ၇ စင်းနှင့် Box Culvert ၄၀ စင်းတို့ကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊

 မောက်မယ်မြို့နယ်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၁၁.၂၇၅ သန်းဖြင့် ကျောက်ချောလမ်း ၂ မိုင် ၂ ဖာလုံနှင့် ရွာသစ်-နောင်ခမ်းလမ်းပေါ်ရှိ ကွန်ကရစ် တံတား ၂ စင်းတို့အား လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွာသစ်-နောင်ခမ်းလမ်း၊ ဟန်နားလမ်း နှင့် နောင်ပီ-ကုန်းမလန်း စုစုပေါင်း လမ်း ၃ လမ်းဖြစ်သည့် အရှည် ၇ မိုင် ၆.၅ ဖာလုံအနက် မိုးနဲ-မောက်မယ် ကားလမ်းမကြီးမှ ဟန်နားကျေးရွာကို ဆက်သွယ်သည့်လမ်း ၇.၄ ဖာလုံကို ယခုနှစ်ဖြစ်သော  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေတွင် လျာထားတင်ပြပေးသွားမှာဖြစ်ပြီး ကျန် ၆ မိုင် ၇.၁ ဖာလုံကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ပါဝင်ခြင်းမရှိခဲ့သည့်အတွက် ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ်အလိုက် ဦးစားပေးအတိုင်း လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။