မြေစာရင်းဦးစီးဌာနအနေဖြင့် မြေပုံများကို ရေးဆွဲရာတွင် ၁၆ လက်မ ၁ မိုင်ဆိုပြီး တောကွင်းမြေပုံများနှင့် ရေးဆွဲမှုရှိသလို ၆၄ လက်မ ၁ မိုင် မြို့ကွက်များဆိုပြီး ရေးဆွဲနည်း နှစ်မျိုးရှိသည်ဟု သိရှိရပါကြောင်း၊ ၎င်း ၆၄ လက်မ ၁ မိုင်ဆိုသည်မှာ မြို့ကွက်များ ကို ရေးဆွဲသည့်အခါတွင် အသေးစိတ် တစ်ကွက်ချင်းကို သိရှိနိုင်ရန် အတွက်ဖြစ်ပါကြောင်း၊ ၁၆ လက်မ ၁ မိုင် ဆိုရာတွင် စုပေါင်းမြေကွက်များဖြစ်ပြီး အသေးစိတ်သိရှိရန် မလိုသည့်အတွက် စုပေါင်းမြေကွက် အဖြစ် ရေးဆွဲသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံရှိတချို့ မြို့နယ်များတွင် ၁၆ လက်မ ၁ မိုင် တောကွင်းမြေပုံများလည်း ယခုအချိန်ထိ ရေးဆွဲနေသည်ကို သိရှိရပါကြောင်း၊ ထိုသို့ ရေးဆွဲသည့်အတွက် တောကွင်းမြေပုံများ၏ အားနည်းချက်တစ်ခုဖြစ်သည့် ၎င်း အိမ်ခြံမြေနယ်နိမိတ်များကို တိကျစွာ တိုင်းတာဖော်ပြနိုင်ခြင်းမရှိခြင်း၊ ပိုင်ဆိုင်မှုအတွက် ဂရန်များလျှောက်ထားခြင်း၊ ခြံမြေပိုင်ဆိုင်မှုအငြင်းပွားခြင်း၊ လမ်း၊ ရေမြောင်း၊ ခြံမြေတိုင်းတာရာတွင် ခက်ခဲခြင်းဆိုသည့် ပြဿနာများနှင့် ကြုံတွေ့နေရပါကြောင်း၊
မြို့များတွင် ၆၄ လက်မ ၁ မိုင်နှင့် ရေးဆွဲခြင်းဖြင့် မြေကွက်တစ်ကွက်ခြင်းကိုလည်း ထုတ်၍ရသည်ဟု သိရှိရပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိသည့်အနက် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင်၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ်၊ ဂွ ၎င်း ရှစ်မြို့နယ်တွင် ၆၄ လက်မ ၁ မိုင် မြို့ကွက်များနှင့် ရေးဆွဲထားပြီး ကျန်မြို့နယ်များဖြစ်သည့် မြေပုံ၊ ပေါက်တော၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း စသည့် မြို့နယ်များတွင် ၁၆ လက်မ ၁ မိုင်စကေးဖြင့် ရေးဆွဲခွင့်ရသည်ဆိုသည်ကို သိရှိရပါကြောင်း၊
နိုင်ငံတော်ကချမှတ်သည့် မြို့ကွက်များအနေဖြင့် ပေ ၆၀ ၄ လက်မ၊၁ မိုင်စကေးနှင့် ရေးဆွဲနေခြင်းများကို တွေ့ရှိရပါကြောင်း၊ထို့ကြောင့် ကျန်ရှိသည့်မြို့နယ်များကိုလည်း ယခုလို မရေးဆွဲနိုင်သည့်အတွက် ပြဿနာများ ရှိနေခြင်းနှင့် ပတ်သက်ပြီး မြေစာရင်း ဌာနဝန်ထမ်းများ၏ တင်ပြချက်၊ ပြည်သူများ၏ တင်ပြချက်ပေါ် မူတည်ပြီး မိမိအနေဖြင့် မေးမြန်းလိုသည်မှာ မြန်မာနိုင်ငံတွင် မြို့ကွက်မြေပုံ ၆၄ လက်မ ၁ မိုင်စကေးဖြင့် ရေးဆွဲခွင့်မရသည့် မြို့နယ်ပေါင်း မည်မျှကျန်ရှိနေပါသနည်း၊ အချိန်ကာလကြာမြင့်စွာ မြို့များအဖြစ် တည်ရှိနေသော်လည်း မည်သည့်အတွက်ကြောင့် တောကွင်းမြေပုံ ၁၆ လက်မ ၁ မိုင်စကေးဖြင့် ကူးဆွဲခွင့်ရှိနေပါသနည်း၊ ၁၆ လက်မ ၁ မိုင်စကေးဖြင့် မြေပုံရေးဆွဲခွင့်ရှိသည့် မြေပုံမြို့နယ်အပါအဝင် အခြားမြို့နယ်များအား ၆၄ လက်မ ၁ မိုင် စကေးဖြင့် မြို့ကွက်မြေများအဖြစ် သတ်မှတ်တိုင်းတာပေးနိုင်ရန် နိုင်ငံတော်ကမည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ မြို့နယ်၊ မြို့ပေါင်း ၄၃၅ မြို့တည်ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များမှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့တွင်ရှိသည့် မြို့မြေများ မြေတိုင်းတာခြင်း လုပ်ငန်းကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၆၄ လက်မ = ၁ မိုင်စကေးဖြင့် အကွက်ချမြေပုံ အချပ်ရေပေါင်း ၁၀၃၁၅၊ ဧရိယာ ၄၉၁၀၅၁ ဧက တိုင်းတာထားရှိပြီး ၆၄ လက်မ = ၁ မိုင်စကေးဖြင့် တိုင်းတာခြင်းမပြုရသည့် မြို့ပေါင်း ၁၇၁ မြို့ရှိပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များကို မြို့မြေတိုင်းတာခြင်းနှင့် မြေယာပိုင်ဆိုင်မှု စာရင်းကောက်ယူခြင်းကို သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများမှ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့မြေတိုင်းတာခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာတွင် ပိုင်ဆိုင်မှုပြဿနာ၊ နယ်နိမိတ်ပြဿနာများ ပေါ်ပေါက်လာပါက ဖြေရှင်းဆောင်ရွက်ရန်အတွက် နယ်နိမိတ်သတ်မှတ်ရေး အရာရှိ (နယ်သတ်ဝန်) နှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (နယ်ခြားဝန်) တို့ကို ခန့်ထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော် နယ်သတ်လက်စွဲဥပဒေ ပုဒ်မ ၂ တွင် နိုင်ငံတော်အစိုးရက မည်သူကိုမဆို အမည်သညာဖြင့်ဖြစ်စေ၊ ရာထူးဌာနန္တရ အလျောက်ဖြစ်စေ၊ နယ်ခြားဝန်နှင့် နယ်သတ်ဝန်များအဖြစ်ကို အခါကာလအားလျော်စွာ ခန့်ထားခွင့်ရသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့များမှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်ရှိသည့် မြို့နယ်များတွင် နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (နယ်သတ်ဝန်) အဖြစ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်းကောင်း၊ နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (နယ်ခြားဝန်) အဖြစ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ခန့်ထားရန်လိုအပ်သည်ဆိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့မှ တိုင်းတာမည့်မြို့၊ နယ်နိမိတ်သတ်မှတ်ရေးနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိတို့ကို ခန့်ထားပေးနိုင်ရန် တင်ပြလာပါက ဝန်ကြီးဌာန အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး နိုင်ငံတော်အစိုးရကိုယ်စား ဝန်ကြီးဌာနမှ ခန့်ထားပေးလျက်ရှိပါကြောင်း၊
နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိတို့သည် ၁၈၉၈ ခုနှစ်၊ မြေယာလက်စွဲဥပဒေ၏ နောက်ဆက်တွဲ-၂ တို့တွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းအဆင့်ဆင့်အနေဖြင့် (က) ပဏာမနယ်နိမိတ်သတ်မှတ်ခြင်းနှင့် မြေတိုင်းတာခြင်း၊(ခ) ပိုင်ဆိုင်ခွင့်စုံစမ်းခြင်းနှင့် နောက်ဆုံးနယ်နိမိတ်သတ်မှတ်ခြင်း၊ (ဂ) မြေပြင်တိုင်းတာခြင်း၊ (ဃ) မြေပြင်ပိုင်ဆိုင်မှုစာရင်းများ ပြုစုခြင်းတို့ဖြစ်ပါကြောင်း၊ နယ်နိမိတ်ကြပ်မတ်ရေးအရာရှိသည် ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော် မြေနယ်သတ်မှတ်အက်ဥပဒေ ပုဒ်မ ၄ မှ ၁၀ အထိ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ပဏာမနယ်နိမိတ်သတ်မှတ်ခြင်းနှင့် မြေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ရပြီး ပိုင်ဆိုင်ခွင့်စုံစမ်းစစ်ဆေးသည့် အရာရှိဖြစ်ပြီး မြေနယ်သတ်အက်ဥပဒေပုဒ်မ ၁၁ ကနေ ၁၅ အထိ သတ်မှတ်ပြဋ္ဌာန်း ချက်များနှင့်အညီ အစိုးရမြေများကို ကျူးလွန်းခြင်းများ အစိုးရမြေနှင့် မြေလက်ရှိဖြစ်သူများအတွက် အငြင်းအခုံ ဖြစ်ခြင်းများကို တိကျစွာဆုံးဖြတ်နိုင်ရန်နှင့် ဦးပိုင်နယ်နိမိတ်များ သေချာစွာမှတ်သားခြင်းမရှိသည့် မြေများပေါ်တွင် အမှတ်အသားများစိုက်ထူပြီး ဦးပိုင်နယ်နိမိတ် သတ်မှတ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မြို့မြေတိုင်းတာခြင်းလုပ်ငန်းကို ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော် မြေနယ်သတ် အက်ဥပဒေ ပုဒ်မ ၂ အရ နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိတို့ကို ခန့်အပ်တာဝန်ပေးပြီး သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ စီမံမှုအရ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သည့်အတွက် ခွင့်ပြုချက်ရရှိပြီး မှသာလျှင် မြေတိုင်းတာရန်အတွက် ရန်ပုံငွေများကို တင်ပြတောင်းခံရပြီး ရန်ပုံငွေခွင့်ပြုချက်ပေါ်မူတည်ပြီး လုပ်ငန်းများကို ဆောင်ရွက်ရပါကြောင်း၊
ရခိုင်ပြည်နယ်အစိုးရ၏ အဖြေနှင့်ပူးတွဲ ဖြေကြားရမည်ဆိုလျှင် ရခိုင်ပြည်နယ်ရှိ ခရိုင်ငါးခရိုင်တွင် မြို့နယ် ၁၇ မြို့နယ်၊ မြို့ပေါင်း ၂၆ မြို့ တည်ရှိပြီး ၆၄ လက်မ = ၁ မိုင်စကေးဖြင့် တိုင်းတာထားရှိသည့် မြို့ ၇ မြို့ရှိပြီး ၁၆ လက်မ = ၁ မိုင် စကေးဖြင့် ၁၉ မြို့ရှိကြောင်း၊ ၆၄ လက်မ = ၁ မိုင်စကေးဖြင့် တိုင်းတာအသုံးပြုလျက်ရှိသည့် မြို့များမှာ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့တို့ဖြစ်ပြီး ၁၆ လက်မ = ၁ မိုင်စကေးဖြင့် တိုင်းတာအသုံးပြုလျက်ရှိသည့် မြို့များမှာ ပေါက်တော၊ မောင်တော၊ တောင်ပြိုလက်ဝဲ၊ ခမောင်းဆိပ်၊ မြင်းလွတ်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ အစရှိသည့် ကျန်မြို့များဖြစ်ပါကြောင်း၊ မြို့မြေတိုင်းတာခြင်းလုပ်ငန်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ခြင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍစာရင်းများ ကောက်ယူနိုင်ရေးအတွက် စိုက်ပျိုးမြေများ တိုင်းတာခြင်းလုပ်ငန်းများကို လက်ရှိအနေအထားတွင် အဓိကထား ဆောင်ရွက်နေရသည့်အတွက်ကြောင့်လည်းကောင်း၊ ဝန်ထမ်းအင်အားလည်း လုံလောက်မှုမရှိသည့်အတွက်ကြောင့် လည်းကောင်း မြို့ ၁၉ မြို့သည် ၁၆ လက်မ = ၁ မိုင်စကေးမြေပုံများကိုသာ အသုံးပြုဆောင်ရွက် နေရခြင်းဖြစ်ကြောင်း၊ ၆၄ လက်မ = ၁ မိုင်စကေးဖြင့် မတိုင်းတာရသေးတဲ့ မြို့များကို တိုင်းတာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းအင်အား ထပ်မံခန့်ထားခွင့်ရရှိမှုနှင့် ရန်ပုံငွေခွဲဝေရရှိမှုတို့ အပေါ်တွင် မူတည်ပြီးမှသာ မြေပြင်တိုင်းတာခြင်းနှင့် ၆၄ လက်မ = ၁ မိုင်စကေး မြေပုံရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်သည်ကိုရှင်းလင်း ဖြေကြားပါသည်။
ဦးဖေသန်း (မြေပုံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မြို့မြေတိုင်းတာရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး၏ လိုအပ်ချက်များ၊ နယ်နိမိတ်သတ်မှတ်ရေး အရာရှိများ၊ နယ်နိမိတ်ကြပ်မတ်ရေးအရာရှိများ ခန့်ထားရမည်။ ဝန်ထမ်းအင်အား အလုံအလောက်မရှိခြင်းနှင့် ပြည်နယ်အစိုးရက Plan များဆွဲပြီး ပြည်ထောင်စုအစိုးရကို တင်ပြရခြင်းများ မရှိခဲ့လျှင် ဘတ်ဂျက်ငွေလည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ၎င်း ကိစ္စများ မရနိုင်ခဲ့ပါက လုပ်ငန်းလုပ်ရန်ခက်ခဲသည့်အကြောင်းကို ပြည်ထောင်စုဝန်ကြီး ရှင်းပြသည်ကိုနားလည်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ပြောပြချက်အရ ၁၇၈ မြို့နယ်အသီးသီး မြို့မြေကွက်အနေဖြင့် ၁၆ လက်မ = ၁ မိုင်နှင့် မရေးဆွဲရသေးသည်ကိုလည်း မိမိတို့ကြားသိရပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အစိုးရကို မည်ကဲ့သို့ ညွှန်ကြားမှုများ ထုတ်ရန်လိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆွေးနွေးပြီး အောက်ခြေတွင် ညှိနှိုင်းပြီး အစိုးရ Cabinet မှ ချပြပြီး လုပ်ရန်သင့်ပါကြောင်း၊ တကယ်လို့ လိုအပ်တယ်ဆိုရင် လည်း ပြည်နယ်အစိုးရကို ဒီလိုမျိုးညွှန်ကြားဖို့အစီအစဉ် ရှိပါသလား။ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ပြည်ထောင်စု Cabinet အဖွဲ့တွင် ၎င်းကိစ္စများ၊ အခက်အခဲများကို ဝန်ထမ်းမရှိခြင်း၊ ဘတ်ဂျက်မရှိခြင်းဆိုသည့် အခက်အခဲများကို တင်ပြရန်အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
နိုင်ငံတော်မှာ နေရာအနှံ့အပြားတွင် ဆောင်ရွက်သင့်သည့် အချက်ပေါင်း အများကြီးရှိသည့်အတွက် ဆောင်ရွက်သင့်သည်များကို လုပ်ဆောင်ရခြင်းများရှိပါကြောင်း၊ ညွှန်ကြားချက် ပြုမည်ဆိုသည့်အချက်သည် မိမိတို့ နိုင်ငံတော်အနေဖြင့် ရှိသင့်သည်ဆိုသည်ကို လက်ခံပါကြောင်း၊ မိမိတို့၏ ဘဏ္ဍာငွေခွင့်ပြုချက်အရ ဆက်လက်ပြီး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များဖြစ်သည့် လယ်ယာမြေစီမံခန့်ခွဲရေးတွင် လက်ရှိ အစိုးရသစ်လက်ထက်တွင် ဆောင်ရွက်နေသည်မှာ ဌာနတွင်းအသုံးပြုလျက်ရှိသည့် ကွင်းမြေပုံများကို Digital မြေပုံများ အဖြစ်ဖြင့်ပြောင်းလဲနိုင်ရေးအတွက် မြေတိုင်းတာခြင်း၊ မြေပုံထုတ်လုပ်ခြင်းလုပ်ငန်းများသည် တစ်နှစ်တည်းဖြင့် မပြီးပါကြောင်း၊ နှစ်အလိုက် စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာ ကဏ္ဍဆိုင်ရာ စာရင်းအချက်အလက်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာ တောင်သူများပြုစုထုတ်ပြန်ခြင်း၊ ဌာနမှတိုင်းတာထားသည့် မြေပုံများ၊ လယ်ယာကဏ္ဍနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းအချက်အလက်များကို အသုံးပြုပြီး သတင်းအချက်အလက်စနစ် ထူထောင်ခြင်းလုပ်ငန်းများ၊ လယ်ယာမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသောကော်မတီ သို့မဟုတ် အဖွဲ့အစည်းအသီးသီးအတွက် မိမိဌာနဝန်ထမ်းများမှ ဥပဒေသတ်မှတ်ချက်များနှင့် ပါဝင်ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနဝန်ထမ်းနှင့် အင်အားမမျှတခြင်းဆိုသည်မှာ လက်ရှိက အမှန်ပါကြောင်း၊ နိုင်ငံတော်လက်ရှိသွားနေသည့် အခြေအနေသည် ချက်ခြင်း ဆောင်ရွက်ပေးနိုင်မည် မဟုတ်သော်လည်း လုပ်သင့်လုပ်ထိုက်တာ မှန်သမျှသည် ပြည်ထောင်စု ဝန်ကြီးဌာန၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပါဝင်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
