တန့်ယန်းမြို့နယ်၊ မိုင်းတောင်းကျေးရွာအုပ်စု၊ မန်ကျောင်းရွာအနီး၊ ဆွတ်တီးချောင်းပေါ်တွင် ခန့်မှန်းအလျားပေ ၃၀၀၊ အနံ ပေ ၃၀၊ အမြင့်ပေ
၂၀ ရှိ ရေလှောင်တမံတစ်ခုကို မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့မှ လွန်ခဲ့သော ၈ နှစ်ခန့်က တည်ဆောက်ထားသည်ကို သိရှိရပါကြောင်း၊၎င်းဆည်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားကြောင်း ပြည်သူများထံရှင်းလင်း ပြောကြားခြင်း မရှိပါကြောင်း၊ ၎င်းဆည်တွင် ရေပိုလွှဲမြောင်းများထည့်သွင်းတည်ဆောက်ထားခြင်း မရှိသည့်အပြင် လုံလောက်သော ရေပိုလွှဲ တံခါးများ မပါသဖြင့် မိုးတွင်းရေကြီးချိန်တွင် ဆည်အထက်ဘက်ရှိ စိုက်ပျိုးထားသောလယ်များ နှစ်စဉ်ကြာရှည်စွာရေလွှမ်း၍ လယ်ဧကပေါင်း ၄၀ ကျော် ရေမြုပ်ပျက်စီး သဖြင့် မန်ကျောင်းရွာမှ လယ်သမားများ စားဝတ်နေရေး အခက်အခဲနှင့် နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊
သို့ဖြစ်ပါ၍ တန့်ယန်းမြို့နယ်၊ မိုင်းတောင်းကျေးရွာအုပ်စု၊ မန်ကျောင်း ကျေးရွာအနီး၊ ဆွတ်တီးချောင်းပေါ်တွင် တည်ဆောက်ထားသော ရေလှောင်တာတမံအား လုံလောက်သော ရေပိုလွှဲတံခါး၊ ရေပိုလွှဲမြောင်းများ ထည့်သွင်းတည်ဆောက်ပေးနိုင်ရေး သက်ဆိုင်ရာမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းနှင့် နှစ်စဉ်ဆုံးရှုံးနစ်နာနေသော တောင်သူ လယ်သမားများအား မည်ကဲ့သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ မိုင်းတောင်းကျေးရွာအုပ်စု၊ မန်ကျောင်းကျေးရွာအနီး ဆွတ်တီးချောင်းပေါ်ရှိ ရေလှောင်တမံသည် အလျားပေ ၃၀၀၊ အမြင့်ပေ ၂၀၊ ထိပ်ပြင်အကျယ် ၆၀ ပေရှိသော ကွန်ကရစ်တမံတစ်ခုဖြစ်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသည့်ဆည် မဟုတ်ကြောင်းနှင့် မန်ပန် ပြည်သူ့စစ်အဖွဲ့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရည်ရွယ်ပြီး လွန်ခဲ့သော ၈ နှစ်ခန့်က တည်ဆောက်ခဲ့ပြီး ယနေ့အချိန်ထိ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ခြင်းမရှိသေးပါကြောင်း၊
အဆိုပါ ဆွတ်တီးတမံသည် (၁၀ ပေx ၈ ပေ) ရေထုတ်ပေါက်တစ်ခု၊ (၆ ပေx ၆ ပေ) ရေထုတ်ပေါက်တစ်ခုတို့ကို တမံ၏ အမြင့် ၁၀ ပေခန့်၌ ထည့်သွင်းတည်ဆောက်ထားပြီး မိုးရာသီတွင် စီးဝင်ရေများပြားသည့်ချောင်းကို ပိတ်ဆို့ထားသည့်အပြင် ရေပိုလွှဲကို တည်ဆောက်ထားမှု မရှိသဖြင့် နှစ်စဉ် မိုးရာသီရောက်တိုင်း တမံကိုယ်ထည်နှင့် လက်ဝဲ/လက်ယာအစွန်း တောင်ကုန်းများပေါ်မှ ရေကျော်ကျစီးထွက်လျက်ရှိပါကြောင်း၊ ဤတမံ မတည်ဆောက်မီအချိန်ကတည်းက ချောင်းကမ်းဘေး တစ်လျှောက် စိုက်ပျိုးလျက်ရှိသော လယ်မြေ ၄၀ ဧကခန့်သည် တမံတည်ဆောက်ပြီးချိန်မှ စပြီး ရေဝပ်ဧရိယာအတွင်း ကျရောက်ကာ ရေကြီးနစ်မြုပ်လျက်ရှိပါကြောင်း၊ ယင်းဖြစ်စဉ်သည် မတည်ဆောက် မီကာလကတည်းက ဖြစ်စဉ်ဖြစ်ပါကြောင်း၊
တမံတစ်ခုတွင် ရေပိုလွှဲတစ်ခုကို ထည့်သွင်းတည်ဆောက်သည့်နေရာတွင် ဆည်မြောင်းပညာရပ်ဆိုင်ရာ သဘောသဘာဝအရ သတ်မှတ်ထားသော ကန်ရေပြည့်မှတ် တစ်ခုတွင်သာ ထည့်သွင်း တည်ဆောက်ရမည် ဖြစ်သည့်အတွက် ဤတမံမှာ ရေပိုလွှဲကို ထည့်သွင်း တည်ဆောက်မည်ဆိုပါက ရေဝပ်ဧရိယာအတွင်းရှိ လယ်မြေ ၄၀ ဧကမှာ ကန်ရေထုတ် ပေါက်၏ အောက်ခြေမှတ်တွင် တည်ရှိနေသည့်အတွက် ရေကြီးနစ်မြုပ်နေမည်သာဖြစ်ပါကြောင်း၊ ထို့အပြင် တမံ၏ လက်ဝဲ/လက်ယာ အစွန်း တောင်ကုန်းများသည် တောင့်တင်းခိုင်မာမှုမရှိခြင်း၊ ဌာနမှ တည်ဆောက်ခဲ့ခြင်း မဟုတ်သည့် အတွက် အောက်ခြေအုတ်မြစ်မှစ၍ တည်ဆောက်ခဲ့သော လုပ်ငန်းစဉ်အဆင့်ဆင့်ကို လက်ရှိအခြေအနေ၌ သိရှိနိုင်ခြင်း မရှိသည့်အပြင် ဒီဇိုင်းပုံစံကျ ဆောင်ရွက်ထားခြင်းမရှိသည့်အတွက် နောင်ရေရှည်တွင် တမံ၏ လုံခြုံစိတ်ချနိုင်မှုအတွက် စိုးရိမ်ရသည့် အခြေအနေရှိသဖြင့် ထပ်မံပြီးရေပိုလွှဲ တည်ဆောက်ခြင်းသည်လည်း မသင့်လျော်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် တမံရေဝပ်ဧရိယာအတွင်း စိုက်ပျိုးလျက်ရှိသော လယ်မြေများ ရေကြီးနစ်မြုပ်မှု ရှိနေသည့်အတွက် နစ်နာနေသော တောင်သူများဘက်မှ ဦးစားပေးစဉ်းစားပြီး ဆောင်ရွက်မည်ဆိုပါက ကွန်ကရစ်တမံမှ ရေဆက်လက်ထိန်းသိမ်းသိုလှောင်မှုမပြုဘဲ ဆွတ်တီးချောင်းရေ ကို နိုင်နင်းစွာလွှဲပေး နိုင်ရေးအတွက် လက်ရှိကျိုးပေါက်နေသော အစွန်းတောင်ကုန်းများနေရာမှ လုံလောက်သော အကျယ် ရှိသည့် ရေလွှဲမြောင်းဖောက်လုပ်ပေးရမည်ဟု နည်းပညာဆိုင်ရာအကြံပေးချက် ပြုထားပါကြောင်း၊
သို့ဖြစ်ပါ၍ အဆိုပါ ဆွတ်တီးရေလှောင်တမံဌာနသည် မိမိဌာနမှ တည်ဆောက်ခဲ့သော တမံ မဟုတ်သည့်အပြင် တမံတည်ဆောက်ထားသော ဧရိယာမှာလည်း နယ်မြေလုံခြုံရေး ကန့်သတ်ချက်ရှိသည့်အတွက် ဌာနအနေဖြင့် တာဝန်ယူပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှသာ သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ မိမိဝန်ကြီးဌာနအောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် လိုအပ်သလို နည်းပညာဆိုင်ရာ ပူးပေါင်းညှိနှိုင်း ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။
