(ဃ)-ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန် ယူဆောက်လုပ်ထားသောလမ်း၊တံတားများအချိန်တို အတွင်း ပျက်စီးနေပါသဖြင့် ကုမ္ပဏီများအား ပြန် လည်ပြုပြင်စေခြင်းမရှိပါကတရားစွဲဆိုခြင်း၊နာမည် ပျက် စာရင်းသွင်းခြင်း ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ (၁.၁၂.၂၀၁၆)

ကျေးရွာတော်တော်များများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဆောက်လုပ်ခဲ့သော ဒေါ်အေးမြမြမိုးလမ်း၊တံတားများ၊အခြေခံအဆောက်အဦများသည် ဆောက်လုပ်ပြီးမကြာခင်တွင် ပျက်စီးသည်ကိုတွေ့ရှိရပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ ထံသို့ တွေ့ ဆုံမေးမြန်း ရာတွင်လည်း ပြုပြင်ပေး မည်ဟု ပြောပါကြောင်း၊ သို့သော် မူရင်းဆောက်လုပ်သော ကုမ္ပဏီများက ပြင်ဆင်ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ ဘဏ္ဍာငွေတွေကို ထပ်မံတောင်းခံ ပြုပြင်နေသည်ကိုတွေ့ရှိရသည့်အတွက် တာဝန်ယူ ဆောက် လုပ်နေသော ကုမ္ပဏီများကို အရေအသွေး စစ်ဆေးခြင်းနှင့် ပြုလုပ်ပေးရန်အတွက် ပြန်လည် ကြပ်မတ်ပေးရန် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ထိုသို့ ဆောင်ရွက်ရန် အစီအစဉ်တွေ ရှိနေပြီဖြစ်သော်လည်း မရရှိသေးသော အခြေခံအဆောက်အဦတွေကို အမြန် ပြည် လည်ဖြည့်ဆည်း ပေးနိုင်ရန် ဘဏ္ဍာငွေများအလေအလွင့်မရှိရန် စီစဉ်ကြီးကြပ်ရန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိစေရန်ရည်ရွယ်ချက်များဖြင့် မေးမြန်းခြင်းဖြစ်ပါကြောင်း၊

တံတားပုတ္တလုတ်စစ်တန်းလမ်းသည် နှစ်မိုင်အကွာအဝေးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာ‌ရေးနှစ်တွင် Mother Company Ltd က သန်းပေါင်း ၂၀၉.၂၂၄ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တံတားစစ်တန်း ပုတ္တလုတ်-မရမ်းပေးလမ်း ၃ မိုင် အကွာအဝေးကို AMG Company က  ကျပ်သန်းပေါင်း ၃၄၇.၅၆ သန်း ပြန်လည် ပြီးတော့တောင်းခံပြီး တံတားစစ်တန်းပုတ္တလုတ်-မရမ်းပေးလမ်းကို ပြန်ဆောက်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် AMG Company  ကအဆိုပါ တံတားစစ်တန်းပုတ္တလုတ်လမ်းအပေါ်ရှိ သစ်သားတံတားများအတွက် ၁၄၀၆ သန်းကုန်ခဲ့သည့်အတွက် ဘဏ္ဍာရေးနှစ် နှစ်နှစ်စာအတွင်း အဆိုပါ လမ်းအတွက် စုစုပေါင်းကုန်ကျငွေသည် ၅၇၁.၃၈၄ သန်း ဖြစ်ပါကြောင်း၊  သို့သော် လက်ရှိ တံတား စစ်တန်းပုတ္တလုတ်- မရမ်းပေးလမ်း၏ အခြေအနေသည် ပျက်စီးနေသည့် အတွက်ကြောင်‌့ ပြန်လည် ပြင်ဆင်ရန်၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း သိန်းပေါင်း ၄၀၀ ကျော် တင်ပြတောင်းခံထားပါကြောင်း၊ သို့သော်လမ်းက ပြင်၍မရသည့်အတွက်ကြောင်‌့ ကုမ္ပဏီများက လေလံဆွဲခြင်းမရှိပါဘဲ ယခုအချိန်ထိ အဆိုပါလမ်းကို အသုံးပြု၍ မရနိုင်ပါကြောင်း၊ အဆိုပါလမ်းသည် ကျောက်တန်းရှိ ကျေးရွာ ၁၂ ရွာအပါအဝင် ကျောက်တန်းနှင့် ကပ်လျက်ဖြစ်သော သုံးဂွမြို့ရှိ ကျေးရွာပေါင်းရှစ်ရွာခန့်ကလည်း မှီခိုသုံးစွဲနေရပါကြောင်း၊

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် AMG Company Ltdက ၈၅၈.၉ သန်း အကုန်အကျခံသုံးစွဲခဲ့သည့် ပီလခတ်လမ်းသည်လည်း လမ်းခင်းပြီး လပိုင်းအတွင်းမှာပင် ပျက်စီးခဲ့ပါကြောင်း၊

ထို့ကြောင့် ထိုသို့ပျက်စီးနေသောလမ်းများကို တာဝန်ယူပြီးပြင်ဆင်ရန်အတွက် ကုမ္ပဏီများကို အကုန် အကျခံ ပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ
အဖြေ

ကျေးလက်ဒေသဖွံ့ဖြိုး တက်ရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ခဲ့သော လမ်း၊ တံတားများ အနက်မှ အချို့သည် အချိန်တိုအတွင်း ဒေါက်တာအောင်သူပျက်စီးခဲ့သည်မှာ မှန်ကန်ပါကြောင်း၊ မူလကျေးလက်လမ်းများ၏ ဒီဇိုင်းများသည့် ရန်ပုံငွေကန့်သတ်ချက်အရ မြေသားလမ်း ၂ ပေထု၊ ကျောက်ချောလမ်း ၉ လက်မထု၊ ကတ္တရာလမ်း ၉ လက်မထု၊ ကွန်ကရစ်လမ်း ၆ လက်မမှ ၈ လက်မထု၊ နှစ်ဘက်ကွန်ကရစ်ဘီးလမ်း ၇ လက်မထုသာဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ အောက်ခံမြေသားလမ်းခံနိုင်ရည် အားနည်းခြင်း၊ တန်ပိုယာဉ် များ ဝင်ရောက်မှုကို မထိန်းသိမ်းနိုင်ခြင်း၊ လမ်း၊ တံတားလုပ်ငန်းများ ပုံမှန်ပြင်ဆင် ထိန်းသိမ်းခြင်းအတွက် ရန်ပုံငွေ လျာထားမှုမရှိခဲ့ခြင်းကြောင်‌့တို့ကြောင့် အချိန်တိုအတွင်း လမ်း၊ တံတားများပျက်စီးခဲ့ရခြင်း ဖြစ်ပါကြောင်း၊

ကျောက်တန်းမြို့နယ်၊ ပီလခတ်-ဝဲကြီးလမ်းပိုင်းတွင် ယခင်ကယာဉ်ငယ်အစီး ၃၀ ခန့်သာ ဖြတ်သန်း သွားကြသော်လည်း မှော်ဝန်းတံတားတည်ဆောက် ပြီးစီးသည့်အချိန်မှစ၍ လူစီးမော်တော်ယာဉ်များအပြင် ၁၀ တန်အထက်ကုန်တင် ကားကြီးများ၊ ဒိုင်နာကားများ၊ ထော်လာဂျီများသည် တစ်နေ့လျှင်အစီး ၃၀၀ ခန့်ဖြတ်သန်းသွားလာလျက် ရှိခြင်းကြောင့် အချိန်တိုအတွင်းပျက်စီးခဲ့ရသည်ကို  စစ်ဆေးတွေ့ရှိပါကြောင်း၊

လမ်းများပျက်စီးမှုမရှိစေရေးအတွက် လမ်းခံနိုင်ဝန်ပြဆိုင်းဘုတ်များ၊ ယာဉ်ကြီး ကန့်သတ်သည့် ဂိုးတိုင် တန်းများ တပ်ဆင်ထိန်းသိမ်းထားခဲ့သော်လည်းပဲ စည်းကမ်းမဲ့ယာဉ်ကြီးများမှ အကြိမ်ကြိမ် ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် ဖျက်ဆီးခံရခြင်းများဖြစ်ပေါ်ခဲ့ပြီး ခွင့်ပြုခံနိုင်ဝန်ထက် အဆမတန်ကျော်လွန်ခဲ့သော တန်ပိုယာဉ်များ စည်းကမ်းမဲ့ဖြတ်သန်းသွားလာနေခြင်းတို့ကြောင်‌့ ကျေးလက်လမ်းများ၏ ဘဝသည် အချိန်တိုအတွင်းပျက်စီးရသည့် အခြေအနေကို ရောက်ရှိရပါကြောင်းနှင့် ထိုသို့ စည်းကမ်းမဲ့တန်ပိုယာဉ်တွေကို ဖြတ်သန်းသွားမှုကို  သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့်ညှိနှိုင်း၍ အရေးယူဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊

တည်ဆောက်ရေးကုမ္ပဏီ၏ အားနည်းမှုကြောင့် စာချုပ်သက်တမ်းမပြည်‌့မီပျက်စီးခဲ့ရသော ကျေးလက်လမ်း၊ တံတားများကို တင်ဒါရရှိခဲ့သော ကုမ္ပဏီများကို တာဝန်ယူစေပြီး တိုင်းဒေသကြီး ကျေးလက်ဒေသခံဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ညွှန်ကြား ကာ ပြင်ဆင်ထိန်းသိမ်း ပေးလျက် ရှိပါ ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစပြီး ကျေးလက်လမ်း၊တံတားကို ရေရှည် တည်တံ့ရန် အတွက် အသစ်ရေးဆွဲထားသော ကျေးလက်လမ်း၊ တံတား Design နှင့် Specification များကို လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး ဝန်ကြီးဌာနလေးခု ဝန်ကြီး များပါဝင်သောအဖွဲ့များက ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လမ်း၊ တံတားများကို ပုံမှန်ပြင်ဆင်ထိန်းသိမ်းနိုင်ရန် အတွက် ရန်ပုံငွေတင်ပြတောင်းခံပြီး လမ်း၊ တံတားများပုံမှန်ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီမှ ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများသည် သဘာဝဘေးကြောင့်လည်းကောင်း၊ တန်ပိုယာဉ်များကြောင့် လည်း ကောင်း ပျက်စီးရခြင်းမှလွဲ၍ အာမခံကာလနှစ်နှစ်အတွင်းပျက်စီးပါက အဆိုပါ ကုမ္ပဏီမှ တာဝန်ယူ ပြုပြင်ပေးရမည်ဖြစ်ကြောင်းကို စာချုပ်ချုပ်ဆိုရာတွင် ထည့်သွင်းချုပ်ဆိုထားပြီးလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တာဝန်ယူဆောက်လုပ်ထားသော ကုမ္ပဏီများအနေနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း မဆောင်ရွက်လျှင် သော်လည်းကောင်း၊ စည်းမျဉ်း စည်းကမ်းများကို မလိုက်နာလျှင်သော် တည်ဆောက်ရေးလုပ်ငန်းများတွင် တင်ဒါဆွဲဝယ်ခွင့်ပိတ်သိမ်းခြင်း၊ အမည်ပျက်စာရင်းတင်သွင်းထားခြင်း၊ တရားစွဲဆိုခြင်းများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မေးခွန်းတွင် လုပ်ငန်းဆောင်ရွက်မှုမရှိပါ ဆိုသည့်အချက်နှင့် လေလံဆွဲခြင်း မရှိပါ ဆိုသည့် အချက်များကို ကြားသိရပါကြောင်း၊ အဆိုပါအခြေအနေသည် တစ်ဖက်နှင့်တစ်ဖက် မျှခြေအခြေအနေဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းဆောင်ရွက်သူများကို မိမိဘက်က စံချိန်စံညွှန်းနှင့် မကိုက်ညီခဲ့လျှင် မိမိတို့ ဝန်ကြီးဌာနက ဆောင်ရွက်မည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပြည်သူပြည်သားများ၏ Awareness လိုက်နာထိန်းသိမ်းမှုနှင့် အုပ်ချုပ်ရေးဦးစီးဌာနက မဖြတ်သန်းသင့်သော နေရာနှင့် မဖြတ်သန်းမှုအချက်ကလည်း အလွန်အရေးကြီးပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်အေးမြမြမျိုး(ကျောက်တန်း)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝဲကြီး-ပီလခတ်လမ်းကို ပြင်ဆင်သော်လည်း ယခုအချိန်ထိလုံးဝသုံး၍ မရပါကြောင်း၊ တန်ပို ကုန်တင် များကြောင့် ပျက်စီးရခြင်းဖြစ်သည်ဟု ကုမ္ပဏီက တင်ပြသော်လည်း ပီလခတ်ဘုရား ဂေါပက အဖွဲ့က တည်ဆောက်ခဲ့သောလမ်းနှင့် သုံးခွဘက်ကလမ်းက နှစ်ကြာသော်လည်း လုံးဝမပျက်ပါကြောင်း၊  ရန်ကုန်မှ ကျောက်တန်းသို့ သွားရန် သုံးနေရာတွင် လမ်းဝင်ကြေးပေးရပါကြောင်းနှင့်  ထိုသို့ လမ်းဝင်ကြေးများ ပေး သော်လည်း  ကုန်တင်ယာဉ်ကို စစ်ဆေးရန် မည်သူက တာဝန်ယူ ပေးမည်နှင့် အဆိုပါလမ်းကို အသုံး မပြုဘဲ မည်သို့မှ အဆင်မပြေနိုင်သည့်အတွက် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ

လမ်း၏ ဆောင်ရွက်ချက်အတိုင်းအတာအရ သက်ဆိုင်ရာကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရာတွင် ကုမ္ပဏီ၏ အားနည်းချက်ရှိလျှင် ကုမ္ပဏီကို ဆောင်ရွက်ခိုင်းမည်ဖြစ်ပါကြောင်းနှင့် ဆောင်ရွက်ခြင်းမရှိပါက ကုမ္ပဏီပျက် စာရင်းတင်သွင်းမည်ဟု ဝန်ကြီးဌာနအနေဖြင့် ပြန်ကြားပါကြောင်း၊

လမ်းကို ပြန်လည် ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍  သက်ဆိုင်ရာ တိုင်းဒေသကြီး၏ ဘတ်ဂျက် လျာထားမှု၊ နိုင်ငံတော၏ ခွင့်ပြုနိုင်သော အတိုင်းအတာကို မှီတည်ပြီး ပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။