(င)-မင်းကင်းမြို့နယ်၊ မြစ်ရိုးအထက်ပိုင်း၊ကမ်းပြည့် ရွာမှတရာရွာအထိဖောက်လုပ်ထားသောလမ်းအရှည် (၂၄)မိုင်နှင့်ကြိုးတံတား(၂)စင်းအားကျေးလက်လမ်း အဖြစ်လွှဲပြောင်းရယူပြီးရေရှည်ကြံ့ခိုင်အောင်ဆောင် ရွက်ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ (၁.၁၂.၂၀၁၆)

ဦးမောင်မြင့် (မင်းကင်း)မင်းကင်းမြို့နယ်သည် လူဦးရေ ၁.၃ သိန်းရှိသည့် အနက် မြစ်ရိုးအထက်ပိုင်း လို့ခေါ်သည် ကျေးရွာ ၃၃ ရွာ တွင် လူဦးရေသုံးသောင်းကျော် မှီတင်း နေထိုင်လျက်ရှိပါကြောင်း၊ မြို့နှင့်ဆက်သွယ်ရန် ကုန်းလမ်းမရှိ၍ ချင်းတွင်းမြစ်ကိုသာ မှီခိုနေရပါကြောင်း၊ ချင်းတွင်းမြစ်သည် မိုးတွင်းရေကြီးသည့် အခါ အန္တရာယ်အလွန်များပါကြောင်း၊ အောက်တိုဘာလဆန်းတွင် အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြှုပ်မှု ကို လေ့လာကြည်‌့ရင် သိနိုင်ပါကြောင်း၊ နွေနှင့်ဆောင်းတွင် သောင်ပြင်များပေါ်လာပြီး သွားလာရေးခက်ခဲပါကြောင်း၊ထို့ကြောင့် ကုန်းလမ်းမရှိသည့် နေရာတွင် မြစ်ကြောင်းတစ်ခုကိုသာ မှီခိုနေရသည့် အတွက် ၂၄ မိုင်ရှည်သည့် မြေသားလမ်း နှင့် ပေ ၃၀၀ အရှည်ကြိုးတံတား(၂)စင်းကို ကိုယ့်အားကိုယ်ကိုးပြီး တည်ဆောက် ခဲ့ပါကြောင်း၊ မြေသားလမ်းအတွက် မြေနေရာရရှိရေးကို  ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကြိုးတံတားကို ဆွစ်ဇာလန်နိုင်ငံသား မစ္စတာတိုနီနှင့် ပူးပေါင်းပြီးဆောင်ရွက် ခဲ့ပါကြောင်း၊ ကြိုးတံတားနှစ်စင်းကို ၂၀၁၆ ခုနှစ်၊ မေလနှင့် အောက်တိုဘာလများတွင် ဖွင့်လှစ် သုံးစွဲ လျက်ရှိပါကြောင်း၊ တံတားအတွက်လိုအပ်သည့် သံထည်၊ စတီးကြိုးနှင့် နည်းပညာများကို မစ္စတာတိုနီ မှ ပံ့ပိုးပေးပြီး မိမိတို့ဖက်မှ တံတားတစ်စင်းကို ကျပ်သိန်း ၂၅၀ ခန့် ကျခံသုံးစွဲခဲ့ရပါကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက် အခက်အခဲကို သိရှိသည့်အတွက် လမ်းနှင့် တံတားကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့သော်လည်း  ရေရှည်တည်တံ့အောင် နိုင်ငံတော်၏ တာဝန်ယူမှုနှင့် ပံ့ပိုးဆောင်ရွက်မှု လိုအပ်ပါကြောင်း၊ မိမိသိလိုသည်မှာ ကမ်းပြည်‌့ကျေးရွာမှ တရာကျေးရွာ အထိ မြေသားလမ်းနှင့် မူရာ ကြိုးတံတား၊ ချောင်းဝကြိုးတံတား တို့ကို ကျေးလက်လမ်းအဖြစ် ဝန်ကြီးဌာနမှ လွှဲပြောင်းထိန်းသိမ်း ရန် အတွက် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျျုျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြိုနယ် ကမ်းပြည်‌့ရွာမှ တရာရွာအထိ မြစ်ရိုးအထက်လမ်းမှာ ၂၄ မိုင် ၃ ဖာလုံရှိပြီး တရာရွာမှဒေါက်တာအောင်သူ ရှားတောရွာအထိ ၉ မိုင် ၃ ဖာလုံသည် လူသွားလမ်းအဆင့်သာရှိပြီး ကျန်လမ်းပိုင်းဖြစ်သည့် ရှားတောရွာမှ ကမ်းပြည်‌့ရွာအထိ ၁၅ မိုင် ကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင်  အလှူရှင် ဦးမောင်မြင်‌့ကိုယ်တိုင် တစ်ကြောင်းထိုးမြေသားလမ်းဖောက်လုပ်ခြင်း၊ ၎င်းလမ်းပေါ်ရှိ ချောင်းဝကျေးရွာ အဝင်နှင့် အူကျေးရွာ အထွက်တွင် လူကူးကြိုးတံတား ၃၀၀ ပေ နှစ်စင်းတို့ကို  တည်ဆောက် လှူဒါန်းပေးခဲ့ဟု သိရှိရပါကြောင်း၊ အဆိုပါလမ်းသည် ပွင့်လင်းရာသီတွင်သာ ဖြတ်သန်း သွားလာမှု ရှိပြီး မိုးတွင်းကာလတွင် ချင်းတွင်းမြစ်မှ စက်လှေမော်တော်များဖြင့် သွားလာလျက် ရှိပါကြောင်း၊ ကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၁၀၇၄ နှင့် လူဦးရေ ၅၄၇၅ ဦးတို့ကို အကျိုးပြုပါကြောင်း၊ ကမ်းပြည့်ရွာမှ ရှားတောရွာအထိ ၁၅ မိုင် တစ်ကြောင်းထိုးမြေသားလမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေ ကျပ် ၇၅.၅၉၁ သန်းဖြင့် ၁၈ ပေအကျယ်၊ ၂ ပေထုမြေသား တာဘောင်တင်ခြင်းလုပ်ငန်း ၄ မိုင် ၃.၁ ဖာလုံကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦစီးဌာနအနေဖြင့် ကွင်းဆင်းစစ်ဆေးကြည်‌့ပြီး လမ်း၊ တံတားဆိုင်ရာအချက်အလက်များကို သက်ဆိုင် ရာတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြအတည် ပြုချက်ရယူသွားမည်ဖြစ်ပါကြောင်း၊ အတည်ပြုချက် ရရှိပါက အဆိုပါ လမ်းနှင့် တံတားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်းရ ယူပြီး ရေရှည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ဖြေကြားပါ သည်။