ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ သမဝါယမဦးစီးဌာနပိုင် ပြည်သူများ၏ အစုရှယ်ယာဖြင့် တည်ထောင်ထားသော အများပိုင်သမဝါယမအသင်းများ၏ မြေနေရာများ၊ အဆောက်အဦများသည် ယခင်အစိုးရလက်ထက်ကတည်းက စီးပွားရေးလုပ်ငန်းများ၊ ပစ္စည်းသိုလှောင်ရုံများ၊စားသောက်ခန်းများ၊ စားသောက်ဆိုင်များ၊ ဆေးခန်းများ၊ အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ လူနေ အိမ်ခန်းများအဖြစ် နှစ်ရှည်လများ ငှားရမ်းထားရာတွင် ယခုအခါ ဦးစီးဌာနပိုင်လား၊ အသင်းပိုင်လား၊ ပုဂ္ဂလိကပိုင်လားဆိုတာ ရှင်းလင်းစွာ မသိရှိရတော့ပါကြောင်း၊ အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရာ၌ အများပိုင်သမအသင်းများသည် တိုက်ခန်းများအဖြစ် ပြန်လည်ရရှိရာတွင် မိမိတို့ရပ်ကွက်သူ/ရပ်ကွက်သားများ အစုရှယ်ယာနှင့် ထည့်ဝင်ထားသော သမဝါယမပိုင် အခန်းများကို နှစ်ရှည်လများ ငှားရမ်းထားသည့်အတွက် အခန်းမည်မျှရှိသည်၊ မည်သို့ငှားရမ်းထားသည်၊ ငှားရမ်းငွေများကို မည်သို့ စီမံခန့်ခွဲထားသည်ကို မသိရတော့ပါကြောင်း၊ မိမိတို့ အစုရှယ်ယာထည့်ဝင်ထားသော အများပိုင် သမဝါယမအသင်းများ၏ အသင်းဝင်များသည်လည်း အမြတ်ငွေမရရှိသည့်အပြင် သမဝါယမအမှုဆောင်များသည် မည်သူများဖြစ်ပြီး၊ မည်သို့ ငှားရမ်းထားသည်နှင့် အမှန်တကယ် ငှားရမ်းများ မည်မျှရရှိသည်ကို မသိတော့ပါကြောင်း၊ သမဝါယမဦးစီးဌာနပိုင်သည့် အများပိုင် သမဝါယမအသင်းများ မြေနေရာနှင့် အဆောက်အဦများ ဆုံးရှုံးမည်ကို ပြည်သူများက စိုးရိမ်နေပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၆)ရပ်ကွက် သမဝါယမအသင်း ယခု လှိုင်စွမ်းအား သမဝါယမအသင်း ဆိုင်ခန်းများကို နှစ်ရှည်လများငှားရမ်းသည့် လူများက ပြန်ပြီးတရားစွဲသောကြောင့် တရားရင်ဆိုင်နေရပြီး တရားစရိတ်မရှိ၍ ဆုံးရှုံးရမည့်အခြေအနေမျိုး ကြုံနေရပါကြောင်း၊ ထို့အပြင် ငှားရမ်းခငွေ ရရှိငွေများသည်လည်း သမဦးစီးဌာနနှင့် အများပိုင်သမဝါယမအသင်းများရရှိခြင်း ရှိ/မရှိ၊ စာရင်းဇယားမှတ်တမ်းများ ထားရှိခြင်းရှိ/မရှိ၊ အမှန်တကယ် ငှားရမ်းခငွေများ ရရှိခြင်းရှိ/မရှိ ဥပမာ ၅၀၀၀၀၀ နှင့်ငှားရမ်းထားပြီး ၅၀၀၀၀ စာရင်းပြထားခြင်းမျိုးကို ကြပ်မတ်စစ်ဆေးပေးနိုင်ရန် သမဝါယမ ဦးစီးဌာနပိုင်သော ပြည်သူများ၏ အစုရှယ်ယာဖြင့် တည်ထောင်ထားသော အများပိုင် သမဝါယမ အသင်းများ၏ မြေနေရာများ၊အဆောက်အဦများ၏ စာရင်းနှင့် ၎င်းမြေနေရာ၊ အဆောက်အဦများအား မည်သို့ စီမံဆောင်ရွက်ထားသည်ကို ကြပ်မတ်စစ်ဆေး၍ အစုရှယ်ယာထည့်ဝင်ထားသော ပြည်သူများအား အမြတ်ဝေစုများပေးအပ်ရန်၊ စာရင်းရှင်းတင်ပြရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊
မိမိတို့မြို့နယ်ကဲ့သို့ တစ်နိုင်ငံလုံးတွင် ယခုကဲ့သို့ဖြစ်ရပ်များ ရှိသည့်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ သမဝါယမ ဦးစီးဌာနပိုင် ပြည်သူများ၏ အစုရှယ်ယာနှင့် တည်ထောင်ထားသော အများပိုင် သမဝါယမ အသင်းများ၏ မြေနေရာများ၊ အဆောက်အဦများစာရင်းနှင့် ၎င်းမြေနေရာနှင့် အဆောက်အဦများကို မည်သို့စီမံဆောင်ရွက်ထားသည်ကို ကြပ်မတ်စစ်ဆေး၍ အစုရှယ်ယာ ထည့်ဝင်ထားသည့် ပြည်သူများကို အမြတ်ဝေစုပေးအပ်ရန်နှင့် စာရင်းရှင်တင်ပြရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်၊ (၉)ရပ်ကွက် ရန်ကုန်-အင်းစိန်လမ်းမပေါ်၌ မြို့နယ်သမဝါယမဦးစီး ဌာနပိုင် မြေအကျယ်အဝန်း (ပေ ၃၀ x ၆၀) နှင့် ၎င်းမြေပေါ်ရှိ သွပ်မိုး၊ အုတ်ကာ နှစ်ထပ် အဆောက်အဦ တစ်လုံးရှိပြီး လှိုင်မြို့နယ် သမဝါယမဦးစီးဌာနရုံးအဖြစ် ဖွင့်လှစ်အသုံးပြုလျက်ရှိပါကြောင်း၊ လှိုင်မြို့နယ် အတွင်း၌ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းပြီး သမဝါယမအသင်း ၅၅ သင်းရှိပြီး အသင်းသားဦးရေ ၄၁၁၂ ဦး၊ အစုငွေကျပ်သန်း ၇၇.၃၃၃၊ စုဆောင်းငွေကျပ်သန်း ၂၂၆.၂၇၄၃၄၉၊ လှည့်လည်ငွေရင်းကျပ်သန်း ၃၅၇.၁၃၄၈၂ ဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်ကို စာရင်းအရ သိရှိရပါကြောင်း၊ လှိုင်မြို့နယ်ရှိ သမဝါယမအသင်း ၅၅ သင်းအနက် မြေ/အဆောက်အဦ/အခန်းများ ပိုင်ဆိုင်သော သမဝါယမအသင်း ၂၆ သင်းရှိပါကြောင်း၊ အဆိုပါ ၂၆ သင်းမှာ သမဝါယမအသင်းပိုင်မြေ ၁၆ ကွက်နှင့် အဆိုပါမြေကွက်များပေါ်တွင် ဆောက်လုပ်ထားသော အသင်းပိုင် အဆောက်အဦ ၁၃ ခု၊ အခန်း ၂၄ ခန်း၊ စည်ပင်မြေနှင့် အခြားပိုင်မြေများပေါ်တွင် အဆောက်အဦ ၄ ခုနှင့် အခန်း ၁၄ ခန်း စုစုပေါင်း သမဝါယမအသင်းပိုင်မြေ ၁၆ ကွက်၊ အဆောက်အဦ ၁၇ ခုနှင့် အခန်း ၃၈ ခန်း ပိုင်ဆိုင်မှုရှိပါကြောင်း၊
၎င်းတို့အနက် အသင်းပိုင်အဆောက်အဦ ၂ ခုနှင့် အခန်း ၇ ခန်းကို အသင်းများမှ ကိုယ်တိုင်အသုံးပြု၍ အသင်းပိုင်မြေကွက်တစ်ကွက်၏ ရှေ့မြေလွတ်တစ်နေရာနှင့် အသင်းပိုင်အဆောက်အဦ ၁၅ ခု၊ အခန်း ၃၁ ခန်းကို ပုဂ္ဂလိကသို့ ငှားရမ်းထားပါကြောင်း၊ ငှားရမ်းခရငွေများကို သက်ဆိုင်ရာ သမဝါယမအသင်းများ၏ ငွေစာရင်း၊ နှစ်ချုပ် စာရင်းများတွင် ရေးသွင်းထားရှိပြီး အသင်းသားများအပေါ်သို့ အစုပေါ် အမြတ်ငွေများ နှစ်စဉ်ခွဲဝေပေး လျက်ရှိပါကြောင်း၊ကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းစာတွင် ဖော်ပြထားသော အခန်းငှားရမ်းခကို ၅၀၀၀၀၀ နှင့်ငှားရမ်းပြီး ၅၀၀၀၀ စာရင်းပြထားခြင်း သည် ယေဘုယျ ဖော်ပြချက်သာ ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နေသည့် နေရာကို တိတိကျကျ အထောက်အထားများနှင့် ဖော်ပြပေးမည်ဆိုပါက မိမိတို့ သမဝါယမဦးစီးဌာနအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တင်ပြရမည်ဆိုပါက ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေနှင့်အညီ စိတ်တူကိုယ်တူ ဆန္ဒတူသူများ ပါဝင်စုစည်းပြီး အစုရှယ်ယာထည့်ဝင်ပြီး ၂၆-၉-၂၀၁၆ ရက်အထိ သမဝါယမဦးစီးဌာန၌ မှတ်ပုံတင်ဖွဲ့စည်းထားသော သမဝါယမအသင်းပေါင်း ၄၀၄၈၅ သင်းရှိပါကြောင်း၊ အဆိုပါ သမဝါယမအသင်းပိုင် ရင်းနှီးပစ္စည်းများမှာ သက်ဆိုင်ရာအသင်းအသီးသီး၏ တစ်သင်းချင်း ပိုင်ဆိုင်သော ပစ္စည်းများသာ ဖြစ်ပါကြောင်း၊ သမဝါယမအသင်းနည်းဥပဒေ အပိုဒ် ၇၀ အပိုဒ်ခွဲ (က) တွင် အသင်း၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသည် သမဝါယမအသင်းတစ်ခုချင်းစီ၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး သမဝါယမအသင်း၏ ကိစ္စအဝဝကို အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ အမှုဆောင်အဖွဲ့သည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ တာဝန်ခံ၍ အသင်း၏ နေ့စဉ်လုပ်ငန်းများကို စီမံခန့်ခွဲရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားရှိပြီး နည်းဥပဒေ အပိုဒ် ၃၈ အပိုဒ်ခွဲ(ဃ) တွင် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးများတွင် တင်ပြဆွေးနွေးသည့် ကိစ္စရပ်တိုင်းကို အများ၏ ဆန္ဒအရ ဆုံးဖြတ်ရမည် ဖြစ်သည်ကို ပြဋ္ဌာန်းထားပါကြောင်း၊
ထို့အပြင် သမဝါယမအသင်းပိုင် မြေ/အဆောက်အဦ၊ ရင်းနှီးပစ္စည်းများကို စီမံခန့်ခွဲဆောင်ရွက်သည့် နေရာတွင် မိမိအသင်း၏ အင်အားနှင့် ကိုယ်ပိုင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်၊ မိမိအင်အားဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိပါက သမဝါယမအသင်းချင်း ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဆိုပြီး မိမိတို့၏ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ အားလုံးသို့ ညွှန်ကြား ထားရှိပြီးလည်း ဖြစ်ပါကြောင်း၊ သမဝါယမအသင်းများသည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဖြစ်ပါကြောင်း၊အသင်း၏ စီးပွားရေးလုပ်ငန်းများ၊ အသင်း၏ ကိစ္စရပ်များကို အသင်း၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းများဖြစ်သည့် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊
သမဝါယမအသင်း၏ ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားချက်အရ အသင်း၏ စီးပွားရေး လုပ်ငန်းများကို သက်ဆိုင်ရာ သမဝါယမအသင်း၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး၊ အထူးအရပ်ရပ်ဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့်လည်းကောင်း၊ ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်များအရလည်းကောင်း စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမအသင်းပိုင် ငွေကြေး၊ ရင်းနှီးပစ္စည်းများ ကြပ်မတ်စစ်ဆေးခြင်း နှင့်ပတ်သက်၍ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း သမဝါယမအသင်း စာရင်းများကို ခြောက်လတစ်ကြိမ် စစ်ဆေးသည့်လုပ်ငန်း ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးနောက် သုံးလအတွင်း နှစ်ချုပ်စာရင်းစစ်ဆေးခြင်းများကို မိမိတို့၏ ဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာနမှ ဥပဒေနှင့်အညီ ကြပ်မတ်စစ်ဆေးပေးသည့်လုပ်ငန်းကို ဆောင်ရွက်ပါကြောင်း၊
အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း သမဝါယမအသင်းပေါင်း ၄၀၃၅၁ သင်းကို စာရင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း သမဝါယမအသင်း ၄၀၀၁၈ သင်း၏ အသင်းအရပ်ရပ်ဆိုင်ရာ အစည်းအဝေးများကို ကျင်းပစေခဲ့ပြီး ယင်းအစည်းအဝေးများ၌ အသင်း၏ လုပ်ငန်းများ၊ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းများကို အသင်းသားအားလုံးကို ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခြင်းနှင့် အသင်းသားများသို့ အစုပေါ် အမြတ်ငွေများခွဲဝေခြင်းများ ဆောင်ရွက်စေရန် လမ်းညွှန်ခဲ့ပြီးဖြစ်ပါကြောင်း၊ သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမ ဦးစီးဌာနရုံးအဆင့်ဆင့်များ၊ သမဝါယမ တက္ကသိုလ်/ကောလိပ်များနှင့် သင်တန်းကျောင်းများမှ အသုံးပြုလျက်ရှိသော နိုင်ငံပိုင် မြေ/အဆောက်အဦများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခု တွင် မြေကွက် ၃၁၆ ခု၊ ဧရိယာ ၄၃၅.၂၃၃ ဧကနှင့် အုပ်ချုပ်မှုနှင့် ဝန်ထမ်းအိမ်ရာ စုစုပေါင်း အဆောက်အဦ ၅၄၀ ခု၊ အခန်းပေါင်း ၈၈ ခန်းရှိပါတယ်။ နိုင်ငံပိုင်မြေ/အဆောက်အဦ/အခန်းများ စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊မြို့နယ်များအလိုက် စနစ်တကျ မှတ်တမ်းများ ပြုစုထိန်းသိမ်းထားရှိပြီး ဌာနမှ အသုံးပြုလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးအောင်ကျော်ကျော်ဦး (လှိုင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သမဝါယမအသင်းများသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်ပါကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းနှင့် မညီညွတ်ပါက သမဝါယမအသင်းဟု မှတ်ပုံတင်ပြီးဆောင်ရွက်နေသည့် ထိုအသင်းများကို စည်းမျဉ်း၊ စည်းကမ်းနှင့် မညီညွတ်သည့်အတွက် ပယ်ဖျက်ရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ သမဝါယမအသင်း တစ်ခုချင်းစီ၏ ဆိုင်းဘုတ်တင်ခြင်း/မတင်ခြင်းသည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး (General Meeting) မှ အဆုံး အဖြတ်ပြုပြီး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မိမိဝန်ကြီးဌာနအနေဖြင့် Power သည် ယင်းတို့၏ လုပ်နည်းလုပ်ဟန်၊ စည်းမျဉ်း၊ စည်းကမ်း ကိုက်ညီမှု/မညီမှုကိုသာ ခြောက်လပတ်တစ်ကြိမ် စစ်ဆေးသည့် စစ်ဆေးချက်များက လမ်းညွှန်ပေးမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးအနေဖြင့် ဆိုင်းဘုတ်များ မရှိခဲ့သည့်အတွက် တိုက်တွန်းပေးစေချင်ပါက မိမိတို့ ဝန်ကြီးဌာနရှိ သမဝါယမဦးစီးဌာနအနေဖြင့် ဆိုင်းဘုတ်များသည် ပြည်သူများ အထင်အရှားသိသင့်သည့်အတွက် ဆိုင်းဘုတ်များကို တပ်ပေးရန်အတွက် ညွှန်ကြားချက်ကို ထုတ်ပြန်ပေးနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
