(င)-တောင်သူဦးကြီးများ၏လိုအပ်ချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်များ၊ဓာတ်မြေဩဇာ၊သဘာဝမြေဩ ဇာ၊ပိုးသတ်ဆေးနှင့်စက်ယန္တရားများအပါအဝင်အခြား သွင်းအားစုများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂၁.၉.၂၀၁၆)

ဦးဝင်းဝင်း (မင်းဘူး)မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ဖြစ်သော  ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရသည်ဖြစ်ပါကြောင်း၊  

ယခု ပြည်သူ့အစိုးရလက်ထက်တွင် စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာရန် တောင်သူဦးကြီးများ၏ လိုအပ်ချက်များကို ပိုမိုပံ့ပိုး အလေးထားဆောင်ရွက် ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ထိုသို့ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် မျိုးကောင်းမျိုးသန့်များ အလွယ်ကူ ရရှိရန်၊ဓာတ်မြေသြဇာ၊သဘာဝမြေသြဇာ၊ပိုးသတ်ဆေး၊မှိုသတ်ဆေး၊အားဆေးနှင့် ရေသွင်းရေထုတ်မှန်ကန်မှုကို စနစ်တကျပံ့ပိုးပေးရန်၊စိုက်ပျိုးရေလိုအပ်သည့် အချိန်တွင် လိုအပ်သော ရေကိုရရှိအောင် ဆောက်ရွက်ပေးရန်၊ထည်ရေး မြန်မြန်ညက်ညက်ရန် စက်ယန္တရားများကို လွယ်ကူရေးအတွက် ပံ့ပိုးပေးရန် အစပြု၍ ရိတ်သိမ်း ချွေ့လှေ့ချိန်အထိ စက်ယန္တရားများ ပံ့ပိုးပေးရန် စသည်များ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ပေါ်ဆန်းမွှေး၊ ဧရာပဒေသာ၊ ဧရာကျောက်စိမ်း စသည့်ဆန်ကောင်း မျိုးများကို စိုက်ပျိုးခဲ့သော တောင်သူများအနေဖြင့် အဆိုပါ ဆန်ကောင်းများကို စားသုံးနိုင်ခြင်း မရှိဘဲ မနောဆန်ကြမ်းမျိုးကိုသာ  စားသုံးနေရသည်မှာလည်း နှစ်ပေါင်းကြာရှည်နေပြီ ဖြစ်ပါကြောင်း၊မိမိတို့နိုင်ငံတွင် လူဦးရေ တိုးတက်လာသော်လည်း စိုက်ပျိုးမြေများ တိုးချဲ့လာခြင်းမရှိသည့် အတွက် ရောဂါဒဏ် ကိုခံနိုင်ပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို လွယ်ကူစွာဝယ်ယူရရှိရေးအတွက် ဆောင်ရွက်ပေးရန်၊ အရည်အသွေးပြည့်ဝသော ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ ကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ ရရှိရေးအတွက်ဆောင်ရွက်ပေးရန်၊ စက်ယန္တရားများကို ဈေးနှုန်းချိုသာစွာနှင့်  နှစ်ရှည်အရစ်ကျဝယ်ယူစနစ်ဖြင့် ရရှိအောင် ကူညီဆောင်ရွက်ပေးရန် တောင်သူများက မျှော်လင့်လျက်ရှိပါကြောင်း။

ထို့ကြောင့် စိုက်ပျိုးလုပ်ကိုင်ကြသော တောင်သူဦးကြီးများ၏ လိုအပ်ချက်များဖြစ်သည့် မျိုးကောင်း မျိုးသန့်များ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စက်ယန္တရားများအပါအဝင် အခြားသွင်းအားစုများကို ပိုမိုပံ့ပိုး၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
စိုက်ပျျုျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ
အဖြေ

ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာအောင်သူသီးနှံစိုက်ပျိုးသူ တောင်သူလယ်သမားများအနေဖြင့် မျိုးကောင်းမျိုးသန့်များ ရရှိသုံးစွဲနိုင်ရေးအတွက် မိဘမျိုးစေ့ (Breeder Seed) မွေးမြူထုတ်လုပ်ခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန မှ ဆောင်ရွက်လျက်ရှိပြီး ဆင့်ပွားမျိုးစေ့ (Foundation Seed)နှင့် မျိုးသန့်မျိုးပွားမျိုးစေ့(Register Seed) ပွားများ ထုတ်လုပ်ခြင်းကို စိုက်ပျိုးရေး ဦးစီးဌာန၊ မျိုးစေ့ဌာနခွဲအောက်ရှိ မျိုးသန့်ခြံများတွင် စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါကြောင်း၊ စီးပွားဖြစ် မျိုးသန့်မျိုးပွားမျိုးစေ့ ပွားများစိုက်ပျိုးခြင်းကို စိုက်ပျိုးရေးဦးစီးဌာနတွင်မက ပုဂ္ဂလိကကုမ္ပဏီများ နှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းပြီး နှစ်စဉ်မျိုးပွားစိုက်ပျိုးဖို့ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။

တောင်သူများ၏ စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့ လိုအပ်ချက်နှင့်အညီ အရည်အသွေး  ပြည့်မီသောမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးဖြည့်ဆည်းပေးနိုင်ရန်အတွက် မျိုးစေ့စိုက်ပျိုးထုတ်လုပ်သူများ အသင်း အဖွဲ့(Seed Grower Association)ကို ၂၀၁၆-၂၀၁၇ ခုနှစ် စိုက်ပျိုး ရာသီမှစ၍ ဝန်ကြီးဌာနအနေဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ယခု မိုးစပါးရာသီတွင် ဧက ၁၁၀၀၀ ကို မျိုးသန့်မျိုးစေ့ထုတ် လုပ်ငန်းအဖြစ် စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါဧရိယာ များတွင် မျိုးစေ့ ထုတ် လုပ်သော လုပ်ငန်းစဉ်များနှင့်အညီ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနရှိ ကျွမ်းကျင်ဝန်ထမ်းများမှ နည်းပညာပိုင်းဆိုင်ရာကို ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုး ထုတ်လုပ်ထားသည့် မျိုးစေ့များကို သင့်တော်သည့် မျိုးစေ့ဈေးနှုန်းများနှင့် ပြန်လည်ဝယ်ယူ စုဆောင်း ခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆန်စပါး လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ချမှတ်လျက်ရှိပါကြောင်း။

အလားတူ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံဆိုင်ရာမျိုးစေ့ စိုက်ပျိုးထုတ်လုပ်သူအသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေးအတွက် စည်းရုံးဆောင်ရွက်လျက်ရှိခြင်း၊ဓာတ်မြေသြဇာ၊သဘာဝ မြေသြဇာနှင့် ပိုးသတ်ဆေးများကို အချိုးညီ အချိန်ကိုက်သုံးစွဲတတ်စေရန် နည်း ပညာပေးသင်တန်းများ၊ တောင်သူပညာပေးဆွေးနွေးပွဲများကိုပြုလုပ်ဆောင်ရွက်နေခြင်း၊စံပြကွက်များ စိုက်ပျိုးပြသခြင်းဖြင့် လည်းကောင်း၊သုတေသန စမ်းသပ်ကွက်များဆောင်ရွက်ခြင်းကို သီးနှံအလိုက်၊ ရာသီအလိုက် လည်းကောင်း ဆောင် ရွက်လျက်ရှိခြင်း၊ ပြဋ္ဌာန်းထားရှိသော မြေသြဇာဥပဒေနှင့် ပိုးသတ်ဆေး ဥပဒေ များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရေးအတွက် လုပ်ထုံးလုပ်နည်း များနှင့်အညီ မှတ်ပုံတင်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိခြင်း၊ ဓာတ် မြေသြဇာနှင့် ပိုးသတ်ဆေးများ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း၊နမူနာများရယူ၍ ဓာတ်ခွဲခန်းတွင်ဓာတ်ခွဲစမ်းသပ်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ ရောင်းချဖြန့်ဖြူးမှုကို တွေ့ရှိပါက ယခင်ပညာပေးကာလကုန်ဆုံးပြီး စောင့်ဆိုင်းကာလ ပြည့်မီပြီးဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အရေးယူခြင်းများကိုလည်း ဆက်လက် ဆောင်ရွက် သွားရန် စီမံချက်များချမှတ်ပြီးဖြစ်ခြင်း၊ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် လိုက်လျော ညီထွေရှိမည့် သီးနှံပုံစံ (Crossing Pattern ) ပြောင်းလဲချမှတ်စိုက်ပျိုးစေခြင်းနှင့် ရေအသုံးချမှု ထိရောက် စေခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများကို တောင်သူ လယ်သမားများ လက်ခံယုံကြည်သုံးစွဲလာစေရေးအတွက် ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဌာနများမှ ပံ့ပိုးကူညီပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ယနေ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကအဟန့်အတားတစ်ခုဖြစ်သည့် လယ်ယာလုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများကို တောင်သူများ ပိုမိုသုံးစွဲနိုင်စေရန် စက်မှုလယ်ယာဦးစီး ဌာနအပြင် ပုဂ္ဂလိက သမဝါယမအသင်းများမှ လယ်ယာသုံးစက်ကိရိယာဝန်ဆောင်မှုလုပ်ငန်းများ တိုင်းဒေသကြီး/ပြည်နယ် အနှံ့ပေါ်ပေါက်လာ စေရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊

လုပ်ကွက်ငယ်နှင့် လုပ်ကွက်လတ် တောင်သူများအတွက် သီးနှံစတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ လိုအပ်သော လယ်ယာသုံးစက်ကိရိယာများကို သင့်တော်သည့် ဈေးနှုန်းဖြင့် ငှားရမ်းသုံးစွဲနိုင်စေရန် စက်မှုလယ်ယာ ဦးစီးဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဆောင်ရွက်ဖြည့်ဆည်းပေးရန် အစီအစဉ်များ ချမှတ်ပြီးဖြစ်သည့်အပြင် တောင်သူလယ်သမားများ အသုံးပြုလျက်ရှိသော လယ်ယာ သုံး စက်ကိရိယာများ ကိုင်တွယ်အသုံးပြုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တောင်သူများနှင့် ဒေသခံများ ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေး တို့အတွက် စက်မှုလယ်ယာဦးစီးဌာနမှ  သင်တန်းများ ပို့ချပေးလျက် ကူညီဖြည့်ဆည်းပေးလျက်ရှိပါကြောင်း။

ယခုနှစ်မှစပြီး စပါးစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေမှ ဖြည့်ဆည်းပေးခဲ့ခြင်း၊ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးတက်ရရှိစေပြီး လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးရွာအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေး  သမဝါယမ အသင်းများပေါ်ထွန်းလာစေဖို့ရန် စည်းရုံးပညာပေး ဆောင်ရွက်လျက်ရှိပြီး မိမိဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာနမှ လိုအပ်သော အရင်းအနှီး ငွေကြေးများကို ကာလတို၊ ကာလရှည် ချေးငှားပေး နိုင်ရေးကိုလည်း အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိသည့်အပြင် သမဝါယမအသင်းများ စနစ်တကျဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးသာမက နည်းပညာ၊ အရင်းအနှီး၊သွင်းအားစုနှင့် လယ်ယာသုံးစက် ကိရိယာများကို အချိန်မီလွယ်ကူစွာ ရယူသုံးစွဲနိုင်ရေးဆောင်ရွက်မည့်အပြင် တောင်သူ လယ်သမားများ၏ လယ်ယာထွက်ကုန်များ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်နိုင်ရေးကို  အားပေးကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူဦးကြီးများ၏ လိုအပ်ချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ဓာတ်မြေသြဇာ၊ သဘာဝ‌မြေသြဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံးစက်ကိရိယာများကို သီးနှံအလိုက်၊ရာသီ အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်ကို အလေးထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊မူဝါဒများ၊လုပ်ငန်းစဉ်များ ရေးဆွဲပြီး ဖြစ်ပါကြောင်းနှင့် မကြာမီအချိန်အတွင်း အဆိုပါ လုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ နိုင်ငံတော်ကိုလည်း တိတိကျကျတင်ပြနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဝင်းဝင်း(မင်းဘူး) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

တောင်သူများအနေဖြင့် တရားဝင်မှတ်ပုံတင်ထားသည့် ပိုးသတ်ဆေးများသည် အဆမတန် ဈေးမြင့်မားသည့်အတွက် ကောင်းမှန်းသိသော်လည်း ဈေးနှုန်းချိုသာသော တရားမဝင်ဆေး ဆေးများ ကိုသာ ဝယ်ယူ သုံးစွဲနေကြရသည်ကိုလည်း မည်သို့ကူညီဆောင်ရွက်ပေးမည်နှင့်   အရည် အသွေးပြည့်မီသော စက်ယန္တရားတွေကို သုံးစွဲနိုင်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း

စက်မှု လယ်ယာက ဖြည့်ဆည်းပေးသည်တာသည် မျိုးစေ့အတွက်သော်လည်းကောင်း၊ နည်း ပညာအတွက်သော်လည်းကောင်း မျိုးစေ့ကို မည်သို့ထုတ်ယူရမည် ဆိုသည့် နည်းပညာပိုင်းကို အဓိက ထား၍သော်လည်းကောင်း ဖြည့်ဆည်းပေးခြင်း ဖြစ်ပါကြောင်း၊ ယခု လယ်သမားများ၏ စိတ်ကြိုက်ဖြစ်စေမည့်  လယ်ယာသုံးပစ္စည်းများကို နိုင်ငံတကာဈေးကွက်မှ တင်သွင်းသည့် အချက်များနှင့် ညှိနှိုင်းပြီး ဒေသအတွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ချမှတ်ထားရှိပါကြောင်း၊  လွန်ခဲ့သည့် သုံးပတ်ခန့်က စံချိန်လင်းကုမ္ပဏီက Service Pro victors တွေကို တောင်နယ် ၁၄၃ မိုင်မှ စတငတည်ထောင်ပြီးဖြစ်ပါကြောင်း၊ တည်ထောင်သည့် ပုံစံသည် လယ်သမားက ဖုန်းတစ်ချက် ဆက်ရုံဖြင့် မိမိ လယ်ယာကို ထွန်ယက်ပြီးရန်အတွက် သတ်မှတ်ဈေးနှုန်းများအတိုင်း ပေးမည်ဖြစ် ပါကြောင်း၊ အဆိုပါဈေးနှုန်းများသည် ယခုအစိုးရသစ် တက်ပြီးနောက်ပိုင်းတွင် ဆောင်ရွက်ခဲ့သော စက်မှုလယ်ယာက ချထားသည့် ဈေးနှုန်းများအတိုင်းပဲ ဆောင်ရွက်စေပါကြောင်း၊ စိုက်ပျိုးသည့် အချိန်တွင် မျိုးစပါးပေးရုံနှင့် စိုက်ပျိုးပြီးသည်အထိ ကုန်ကျစရိတ် အဖိုးနှုန်းသက်သာစေရန် ဖန်တီးပေးနေပါကြောင်း၊

 အရည်အသွေးမီသော စက်ကိရိယာများနှင့် ပတ်သက်၍ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း သုံးနှစ်ဆပ်သည့် နည်းစနစ်ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည့်အတွက်  သိန်း ၃၀၀ တန် စက်ပစ္စည်း တစ်ခုကို သိန်း ၃၀ ချေရုံမျှဖြင့်  ကိုင်တွယ်သုံးစွဲနိုင်မည်ဖြစ်ပြီး ၆ လတစ်ကြိမ်က ၁၅ ရာခိုင်နှုန်း ပြန်သွင်းသည့် စနစ်ကို အသုံးပြုမည်ဖြစ်ပါကြောင်း၊လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရဘဲ ပြည်သူများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ ခိုင်ခိုင်ခံ့ခံ့ပါဝင်မှုများ ရရှိရန် လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ပြီး ဆောင်ရွက်သွားရန် အစီ အစဉ်များကို အသေးစိတ်ချမှတ်ပြီးဖြစ်သည့်အတွက် မကြာမီအတွင်း အကောင်အထည် ပေါ်လာပါမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။