(ဂ)-ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း) အတွင်းရှိလဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကိုအမြန် ဆုံးအကောင်အထည်ဖော်ပြီးပြည်သူလူထုသောက် သုံးရေရရှိရေးအတွက်အမြန်ဆုံးဆောင်ရွက်ပေးနိုင် ပါရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၃၄) ရက်မြောက်နေ့ (၂၇.၅.၂၀၁၆)

ဒဂုံမြို့သစ်(တောင်ပိုင်း) လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ဦးအေးနိုင် (ဒဂုံမြို့သစ်(တောင်ပိုင်း)) ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(JICA) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းပြီးစီးပါက လဂွန်းပြင်ရေလှောင်တမံမှ တစ်နေ့လျှင် ရေဂါလန် သန်း ၄၀ ထုတ်ယူသုံးစွဲရေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ သုံးခွကျေးရွာအနီး တည်ရှိသည့် လဂွန်းပြင်ရေပေးဝေ ရေးစီမံကိန်းရေသန့်စင်စက်ရုံမှ နေ့စဉ် ဒဂုံမြို့သစ်(တောင်ပိုင်း) သို့ ရေဂါလန် ၇ သန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) သို့ ရေဂါလန် ၅ သန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) သို့ ရေဂါလန် ၈ သန်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) သို့ ရေဂါလန် ၇ သန်း၊ သာကေတမြို့နယ်သို့ ရေဂါလန် ၂ သန်း၊ ဒေါပုံမြို့နယ်သို့ ရေဂါလန် ၁ သန်း၊ သီလဝါအထူးစီးပွားရေးဇုန်သို့ ရေဂါလန် ၁၀ သန်း ပေးပို့နိုင်မည်ဟုသိရှိရပါသဖြင့် ပြည်သူ များအတွက် အကျိုးဖြစ်ထွန်းစေသော စီမံကိန်းဖြစ်ပါကြောင်း၊ ၎င်း စီမံကိန်းကို ၄-၅-၂၀၁၃ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် လဂွန်းပြင်ဆည်မှ ရေသွယ်ယူမှု၊ ရေတံခါး၊ အကြိုအနည်ထိုင်ကန်၊ ရေသန့်စင် စက်ရုံနှင့် ရေသန်စင်ကန်များ၊ ရေသွင်းစက်ရုံ၊ သဲရေစစ်ကန်၊ ရေပိုက်သွယ်ခြင်း၊ ရေယိုအဆောက်အအုံနှင့် လျှပ်စစ် သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ရေသွင်းစက်တည်ဆောက်ခြင်း၊ ရေပို့ပိုက်လိုင်းများနှင့် အိမ်သွယ်ရေပိုက်လိုင်းများ အသစ်သွယ်တန်းခြင်းနှင့် ရေပေးဝေရေး ကန့်သတ်ဧရိယာ စနစ် တည်ဆောက်ခြင်း သာကျန်ရှိပါကြောင်း၊ သို့သော် စီမံကိန်းပြီးစီးမည့်ကာလကို ၂၀၂၂ ဟု သတ်မှတ်ထားပါသဖြင့် ပြည်သူများအကျိုးခံစားခွင့် နှောင့်နှေးသလိုဖြစ်နေပါသောကြောင့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းမှ ရေပေးဝေမှုကို ၂၀၁၈ ခုနှစ်တွင် စတင်ပေးဝေနိုင်အောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းနှင့် ပေးဝေနိုင်ခြင်းမရှိပါက မည်သည့်အကြောင်းကိစ္စကြောင့်ဖြစ်သည်ကို သိရှိလို ပါကြောင်း၊ မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးထွန်းဝင်း
အဖြေ

ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းဒဂုံမြို့သစ် (တောင်ပိုင်း) မြေအတွင်းရှိ လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) ၏ နည်းပညာ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းဖြစ်ပါကြောင်း၊ စီမံကိန်းကို ၄-၅-၂၀၁၃ ရက်နေ့တွင် စတင်အကောင်အထည် ဖော်ခဲ့ရာ တစ်ရက်လျှင် ရေဂါလန် သန်း ၄၀ ထွက်ရှိမည့် ရေသန့်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းတွင် ပါဝင်သော ရေယူအဆောက်အအုံ၊ အကြိုအနည်ထိုင်ရန် အနိမ့်ရေ တင်စက်ရုံ၊ ရေဖြန့်ခွဲ အဆောက်အဦ၊ အနည်ထိုင်ရန် သဲရေစစ်ကန်၊ ရေသန့်ရေစုကန်နှင့် လျှပ်စစ်သွယ်တန်းခြင်း လုပ်ငန်းများ (ရေတွန်းစက်ရုံမပါ)မှာ ၉၈ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပါကြောင်း၊

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့နှင့် အတိုင်ပင်ခံကုမ္ပဏီတို့၏ ဆွေးနွေးညှိနှိုင်းချက်များအရ လျာထားဆောင်ရွက်သွားမည့် စီမံကိန်း တစ်ခုလုံး၏ ခန့်မှန်း အချိန်ဇယားတွင် အောက်ပါအတိုင်းဖြစ်ပါကြောင်း၊

(က)    အကြံပေးလုပ်ငန်းများ စတင်ခြင်း၊ အသေးစိတ် ဒီဇိုင်းအဆုံးသတ်ခြင်းပုံစံနှင့် တင်ဒါ စာရွက်စာတမ်းများ ပြင်ဆင်ခြင်းကာလမှာ ၂၅-၈-၂၀၁၅ မှ ၂၄-၈-၂၀၁၆ အထိဖြစ်ပါကြောင်း၊

(ခ)     ကြိုတင်အရည်အသွေး သတ်မှတ်ခြင်းအပါအဝင် တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း ကာလမှာ ၂၅-၁-၁၆ မှ ၂၄-၆-၁၇ အထိဖြစ်ပါကြောင်း၊

(ဂ)     လုပ်ငန်းများစတင်ခြင်းနှင့် ပြီးဆုံးခြင်းကာလသည် ၂၅-၆-၁၇ မှ ၂၄-၇-၂၁ အထိ ဖြစ်ပါကြောင်း၊

(ဃ)    စောင့်ကြည့်ကာလနှင့် အကြံပေးခြင်း၊ လုပ်ငန်းများ ပြီးဆုံးခြင်း ၂၅-၇-၂၁ မှ ၂၄-၇-၂၂ အထိ ယခုလို အစီအမံများနှင့် Time Table ဆွဲပြီးလုပ်ခြင်း ဖြစ်ပါကြောင်း၊

ယခုဆောင်ရွက်နေသည့် ရန်ကုန်မြို့တော် ရေပေးဝေရေး တိုးမြှင့်မှုစီမံကိန်းသည် ဂျပန်ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) နှင့် ပူးပေါင်းဆောင်ရွက်နေသော ချေးငွေ (ODA Loan) စီမံကိန်းဖြစ်ပြီး လုပ်ငန်းအားလုံးကိုလည်း နိုင်ငံတကာတင်ဒါများ အဆင့်ဆင့်ခေါ်ယူ၍ စနစ်တကျဆောင်ရွက်နေခြင်း ဖြစ်ပါသောကြောင့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းမှ ရေပေးဝေမှုကို အထက်ဖော်ပြပါအစီအစဉ်အတိုင်း ၂၀၁၈ ခုနှစ်တွင် ပေးဝေနိုင်မည်မဟုတ် ပါကြောင်းနှင့် အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ရေးဆွဲထားသည့် စီမံကိန်းပြီးစီးမည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လခန့်မှစ၍ ရေပေးဝေနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအေးနိုင်ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို လေ့လာပါက မြို့နေပြည်သူများကို နေ့စဉ်ရေဂါလန် သန်း ၃၀ ရေပေးဝေခြင်း၊ နှင့် သီလဝါစက်မှုဇုန်နှင့် သီလဝါဆိပ်ကမ်းသို့ နေ့စဉ်ရေဂါလန် ၁၀ သန်း ပေးဝေရေးအစီအစဉ်အနေဖြင့် နှစ်ပိုင်း ခွဲထားပါကြောင်း၊ မိမိအနေဖြင့် မြို့နေပြည်သူများကို ရေဂါလန်သန်း ၃၀ ပေးဝေမည့် အစီအစဉ်ကို အမြန်ဆုံး ပြန်လည် ဆောင်ရွက်နိုင်ရန်အတွက် JICA နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် အစီအစဉ်များရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း

ယခု အစည်းအဝေးပြီးသည့်အချိန်တွင် JICA ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးပါက ၂၀၁၈ အတွင်းတွင် ပေးနိုင်ခြင်းရှိ/မရှိ အကြောင်းကြား ပေးမည်ဖြစ်ပါကြောင်း၊ လဂွန်းပြင်စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံကြီးဖြစ်သည့် ဂျပန်နိုင်ငံ၏ ကြီးကြပ်မှုနှင့် JICA ၏ ကြီးကြပ်မှုများကို တင်ဒါများခေါ်ယူပြီး စနစ်တကျဖြင့် ပုံစံရေးဆွဲပြီး သီလဝါတွင် စီမံကိန်းချပြီး လုပ်ခြင်းဖြစ်ပါကြောင်း၊ သူ၏ Target အတိုင်း လုပ်နေခြင်းဖြစ်သည့်အတွက် ယခုမေးခွန်းအတွက် ထပ်ပြီး သူတို့ပေးနိုင်ခြင်းရှိ/မရှိ မေးပြီးသည့်အခါတွင် ပြန်ပြီးအကြောင်းကြားပေးမည် ဖြစ်ပါကြောင်း၊ နောက်တစ်ခု က တိုကျိုတာကုမ္ပဏီခွဲတစ်ခုမှ ငမိုးရိပ်ဆည်နှင့် လဂွန်းပြင်ဆည်၏ Safety ရန်ကုန်မြို့တွင်နေသည့် လူထု အားလုံးအတွက်ကို Long Term Safety ရှိမည့် ၁၀ လုံခြုံမှု၊ ၁၀ တောင့်တင်းခိုင်မာမှုအတွက် မည်ကဲ့သို့ ပြင်ဆင်ရ မည်ဆိုသည့် ကိစ္စအတွက် မိမိတို့ထံသို့ လာရောက်ဆွေးနွေးမည် ဖြစ်ပါကြောင်း၊ လဂွန်းပြင်အပါအဝင် ငမိုးရိပ်ဆည်ကြီးကို သူတို့လာပြီး ဆောင်ရွက်သည့်အတွက် ယခုစီမံများသည် နိုင်ငံတကာမှ ကြီးကြပ်ပြီး ဆောင်ရွက်နေ ခြင်းဖြစ်သည့်အတွက် သတ်မှတ်သည့်အတိုင်း ပြီးသွားမည့်လုပ်ငန်း များဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးလိုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။