(င)-ရေစကြိုမြို့နယ်အတွင်းရှိလမ်းပမ်းဆက်သွယ်မှု ခက်ခဲသောဒေသများရှိအထက်တန်းကျောင်းများတွင် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးရန်နှင့်အန္တရာယ် ရှိ ကျောင်းဆောင်များကိုပြင်ဆင်ရန်/အသစ်ဆောက် လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၈)ရက်မြောက်နေ့ (၁၉.၅.၂၀၁၅)

ဦးတင်ဌေးအောင် (ရေစကြို)လမ်းပမ်းဆက်သွယ်မှုခက်ခဲသော ဒေသများရှိ အထက်တန်းကျောင်းများတွင် နယ်ဝေးဒေသက တာဝန်ကျ ဆရာ/ဆရာမများအတွက် နေရေးထိုင်ရေးကို ရွာက စီစဉ်ပေးရသည်မှာ အလွန်ခက်ခဲသည်ကို တွေ့ရှိရပါကြောင်း၊ စာသင်ခန်းတချို့ကို ခန်းဆီးလိုက်ကာများဖြင့် စီစဉ်ပေးရခြင်းသည် အခက်အခဲများ တွေ့ရှိရပါကြောင်း၊ အိမ်ထောင်သည် ဆရာ/ဆရာမများထက် အိမ်ထောင်မရှိသော ဆရာ/ဆရာမများအတွက် စီစဉ်ပေးသည့်နေရာတွင် ၎င်းတို့၏ လုံခြုံရေး၊ သန့်ရှင်းရေး၊ ဆရာ/ဆရာမများ၏ ဂုဏ်သိက္ခာနှင့်ညီစွာ နေထိုင်နိုင်ရေးအတွက် ကျေးရွာများတွင် ခက်ခဲနေပါကြောင်း၊ “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုသည့် ဆောင်ပုဒ်သည် ကျောင်းသူ/ကျောင်းသားများအတွက်သာမဟုတ်ဘဲ ပညာသင်ကြားပေးရမည့် ဆရာ/ဆရာမ များ တာဝန်ကျရာကျောင်းများတွင် နေပျော်ရေး၊ ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် စီမံပေးရန် လိုအပ်သည်ကို လက်ခံရမည်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲသော ဒေသများရှိ အထက်တန်းကျောင်းများတွင် နယ်ဝေးမှ တာဝန်ကျ ဆရာ/ဆရာမများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အန္တရာယ်ရှိကျောင်းဆောင်များကို ပြင်ဆင်ရန်၊ အသစ်ဆောက်လုပ်ပေးရန် လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရေစကြို မြို့နယ်အတွင်းရှိ  လမ်းပမ်းဆက်သွယ်မှုခက်ခဲသော ဒေသများရှိ အထက်တန်းကျောင်း များတွင် နယ်ဝေးမှ တာဝန်ကျ ဆရာ၊ ဆရာမများအတွက် ဝန်ထမ်း အိမ်ရာများ ဆောက်လုပ်ပေးရန်နှင့် အန္တရာယ်ရှိ ကျောင်းဆောင်များကို ပြင်ဆင်ရန်/အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းမကွေးတိုင်းဒေသကြီး၊ ရေစကြိုု မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၇ ကျောင်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ငွေကျပ် ၄၄၂.၈၀၀ သန်းကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ်ဦးစားပေးအစီအစဉ် ကျောင်းအလိုက်၊ တန်းစီဇယားအလိုက် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်တွင် ပါဝင်ခြင်းမရှိသည့် ကျောင်းများကို စိစစ်သတ်မှတ်ပြီး အန္တရာယ်ရှိကျောင်းများကို ဖြည့်စွက်ခွင့်ပြုငွေ (SG) တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ဥပဓိရုပ် မကောင်းသည့်ကျောင်းများနှင့် ထပ်မံတိုးလာသည့် ကျောင်းများအားလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အလိုက် ငွေလုံးငွေရင်း ရန်ပုံငွေ ခေါင်းစဉ်အောက်မှ မြို့နယ်ဦးစားပေးအစီအစဉ်အလိုက်၊ ကျောင်းအလိုက် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းဆောင်များ အသစ်ဆောက်လုပ်ပေးရန် ယခုအချိန်တွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။