ပဲခူး-စစ်တောင်းတူးမြောင်းကို သနပ်ပင်မြို့နယ် ရေတံခါးတာဝကျေးရွာ၊ ပဲခူးမြစ်မှ ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာ စစ်တောင်းမြစ်ကိုဖြတ်ပြီး ဖောက်ထားခြင်းဖြစ်ပါကြောင်း၊ ၃၇ မိုင်နှင့် ၇ ဖာလုံ ရှည် လျားပြီး ရေတံခါးများလည်း ပါဝင်သည့်အတွက် စိုက်ပျိုးရေးအတွက်၊ ရေကြီးရေလျှံမှုအတွက်၊ ကုန်းလမ်း၊ ရေလမ်းသယ်ယူ ပို့ဆောင်ရေးအတွက်ပါ အကျိုးရှိပါကြောင်း၊ ထိုတူးမြောင်းကြီး ကို နှစ်ပေါင်း ၁၃၀ ကျော်ကြာသည်အထိ ပြုပြင်မွမ်းမံမှုများ မရှိသည့်အတွက်၊ အပိုင်းပိုင်းကျိုးပျက်ပြီး ပေါက်ကျိုးခဲ့ခြင်းများ ရှိခဲ့ပါကြောင်း၊ ၎င်း ပတ်သက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်းတွင် ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ခြင်း ရှိခဲ့ပါကြောင်း၊၂၀၁၄ ခုနှစ်တွင် ၂၅ ဘီလီယံကျပ်အကုန်အကျခံပြီး စက်ယန္တရားများ ၃၇၇ စီးဖြင့် ပြုပြင်ပေး ခဲ့ပါကြောင်း၊ ပြုပြင်သည့်အခါ နွေရာသီစိုက်ပျိုးရေ သုံးစွဲသည့် ကာလဖြစ်သည့်အတွက် မိုးမကျမီ ပြီးအောင်လုပ်ရမည် ဖြစ်သည့်အတွက် ဝန်ထမ်းများမှာ စေတနာထား အားထားဆောင် ရွက်သော်လည်း အားနည်းချက်များ အများကြီးရှိခဲ့ပါကြောင်း၊ စစ်တောင်းမြစ်ကိုလည်း ယခုကဲ့သို့ တာပုံစံကျအောင်ပြန်ပြီး တူးပေးမည်ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးများသည်လည်း ပြည်သူလူထုအတွက် အကျိုးရှိခဲ့ပါကြောင်း၊ သို့သော်လည်း မိမိတို့ဘက်မှ ငွေကုန်ကြေးကျ အများကြီးခံပြုပြင်ပြီး မွမ်းမံပေးခဲ့သော်လည်း ယခုအခါတွင် ပျက်စီးနေပါကြောင်း၊ အခုနောက်ပိုင်းတွင် သနပ်ပင်မြို့နယ်၏ အပိုင်းကိုကြည့်မည်ဆိုပါက ပြုပြင်ပေးခဲ့သည့် လမ်းနှင့် ယှဉ်ကြည့်လိုက်လျှင် စိတ်မချမ်းသာစရာရှိအောင် ပျက်စီးနေ သည် ကို တွေ့ရှိရပါကြောင်း၊ မိမိတို့မှ အဆင့်မြှင့်တင် တူးဖော်ပေးမည်ဆိုလျှင် ငွေကုန်ကြေးကျမတတ်နိုင်ခြင်းကြောင့် ဘတ်ဂျက်ကို ခွဲဝေပြုပြင် မွမ်းမံမှုများ နှင့် အဆင်မြှင့်တင်မှုများလည်း လုပ်ပေးစေချင် ပါကြောင်း၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်သည့် အခါ ကတ္တရာလမ်းသို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် လုပ်ပေးမည်ဆိုလျှင် ရေရှည်အတွက် အသုံးဝင် အကျိုးပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝေါမြို့နှင့် သနပ်ပင်မြို့နယ်ရှိ ပဲခူး-စစ်တောင်းတူးမြောင်း တာပေါင်လမ်းအား ပြုပြင်ထိန်းသိမ်းပေးရန်၊ အဆင့်မြှင့်တင်ပေးရန်နှင့် ရေထိုး၊ ရေတိုက်စားသည့် နေရာများတွင် ကျောက်စီနံရံများ တည်ဆောက်ပေး ရန် အစီအစဉ်ရှိ/မရှိ သိလို ပါကြောင်း မေးမြန်းပါသည်။
ပဲခူး-စစ်တောင်းတူးမြောင်း တာပေါင်လမ်းရှိ လမ်း၏လက်ရှိအခြေအနေမှာ သနပ်ပင်မြို့နယ် အပိုင်းတွင် ဆိုးရွားစွာပျက်စီး၍ ဝေါမြို့နယ်အပိုင်းတွင် အနည်းငယ်ပျက်စီး လျက်ရှိပြီး ကွန်ကရစ် လမ်း အဖြစ် မြှင့်တင်ဆောင်ရွက် မည်ဆိုပါက ခန့်မှန်းကုန်ကျငွေကျပ် ၆၂၀၂ သန်းကုန်ကျမည ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တို့မှပေါင်း စပ် ဖြေကြားထားပါကြောင်း၊
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် တစ်တိုင်းလုံးခွင့်ပြုငွေကျပ် ၁၂၂၉၃.၇၀၄ သန်းဖြင့် လျာထားပါကြောင်း၊ သနပ်ပင်မြို့နယ် တွင်ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တစ်မြို့နယ်လုံးအတွက် ဘတ်ဂျက်လျာထားငွေမှာ ၂၀၁၆-၁၇ အတွက် ရန်ပုံငွေကျပ် ၄၄၂.၀၄ သန်းသာ လျာထား ပါကြောင်း၊ ပဲခူး-စစ်တောင်း တာပေါင်ကို ၃၅ မိုင် ပြုပြင်ရန်အတွက် ခန့်မှန်းကုန်ကျစရိတ် ၆၂၀၂ သန်းမှာ တော်တော်လေး ကွာခြားမှုရှိပါကြောင်း၊ သနပ်ပင်မြို့နယ်အတွင်းရှိ ပဲခူး-စစ်တောင်း တူးမြောင်းတာပေါင် လမ်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခဲ့ခြင်းမရှိပါ၍ လတ် တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ်အလိုက်ပြည်နယ်/ တိုင်းဒေသကြီးများ၏ ဦးစားပေး လျာထားတင်ပြမှုအပေါ် မူတည်ပြီး လျာထားတင်ပြပေးသွားမည် ဖြစ်ပါကြောင်း၊
တူးမြောင်းနံရံပြင်ဆင်ရန်နှင့် ပတ်သက်၍ ပဲခူး-စစ်တောင်းတူးမြောင်းအား ၁၈၇၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အလျား ၃၇ မိုင် ၇ ဖာလုံရှိပါကြောင်း၊ ပဲခူး-စစ်တောင်းတူးမြောင်း အဆင့်မြှင့် တင်ပြုပြင်ခြင်း လုပ်ငန်းအား ၂၀၁၃-၁၄ခုနှစ်နှင့် ၂၀၁၄-၁၅ ခုနှစ်တို့တွင် ပြည်ထောင်စုသီးသန့် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ဝေါ၊ သနပ်ပင်၊ ပဲခူးနှင့်ကဝမြို့နယ်များအတွင်း မိုးရာသီ ရေကြီး နစ်မြုပ်မှု မှာ လျော့နည်း သက်သာ သွားခြင်း၊ နွေစပါး စိုက်ပျိုးရေပိုမိုရရှိလာခြင်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်းဆက်သွယ်ရေး ကောင်းမွန်လာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် အလွန်အကျိုးများ လျက်ရှိ ပါကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ မိုင် ၃၀ စိမ်းလန်းစိုပြေရေးအတွက် များစွာအထောက်အကူ ပြုစေခဲ့ပါကြောင်း၊
သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်အတွင်း ပဲခူး-စစ်တောင်းတူးမြောင်း အဆင့်မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းတွင် ကျောက်စီခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရေတိုးရေတိုက်စား သည့် နေရာများ တွင် ကျောက်စီနံရံများ ပြန် လည်ပြုပြင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပေးရမည့် လုပ်ငန်း များဖြစ်သည့် ပဲခူး-စစ်တောင်းတူးမြောင်း တာမိုင် (၁၄၀/ဝ) မိုင်၊ အလျား ၁၀၀၀ ပေ၊ ကျောက်ကြီးစီခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၀၀၊ တာမိုင် (၁၀/ဝ) အနီး အလျား ၁၀၀၀ ပေ၊ ကျောက်ကြီးစီခြင်း လုပ်ငန်းဆောင် ရွက်ရန်အတွက် ခန့်မှန်းကုန်ကျငွေကျပ် ၉၅ သန်းနှင့် ကျိုက်ပဒိုင် ရေလွှဲပေါက်အနီး အလျား ၁၀၀၀ ပေ၊ ကျောက်ကြီးစီခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ခန့်မှန်း ကုန်ကျငွေကျပ် ၉၇.၉ သန်းကုန်ကျမည်ဖြစ်ပြီး စုစုပေါင်း အလျား ၃၀၀၀ ပေအတွက် ခန့်မှန်း ကုန်ကျငွေကျပ် ၂၉၂.၉ သန်းကုန်ကျမည် ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် ကုန်ကျငွေများအား ၂၀၁၆-၁၇ ခုနှစ် တိုင်းဒေသကြီး ရန်ပုံငွေ(BE) တွင် ထည့်သွင်းတောင်းခံထားခြင်း မရှိပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဖြေကြားချက်ကို ရှင်းလင်း ဖြေကြားပါသည်။
ဦးမြင့်ဦး (သနပ်ပင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပဲခူး-စစ်တောင်းတူးမြောင်းကြီးကို ပြန်ပြီးပြုပြင်ခဲ့သည်မှာ ၂၅ ဘီလီယံကျော် ကုန်ကျပါကြောင်း၊ ယခုလို ကုန်ကျပြီး ထိန်းသိမ်းစရိတ်များ မပေးသည့်အခါကျ ပျက်စီးနေသည်ကို လျစ်လျူရှုနေရသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြင်ဆင်ထိန်းသိမ်းစရိတ်များ မပေးဘူးသည့်အတွက် ယခင်ကဲ့သို့ ကျိုးပေါက်ပျက်စီးသွားခဲ့လျှင် ၂၅ ဘီလီယံ တိုင်းပြည်မှ ထပ်မံကုန်မည် ဖြစ်ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းစရိတ်ကို ၂၀၁၆-၁၇ တွင်ပေးရန် အစီ အစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
သက်ဆိုင်ရာ တာဝန်ရှိကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ခံများနှင့် ပြန်လည်ညှိနှိုင်းပြီး လမ်းပြုပြင်ရန် ထပ်မံထပ်စောင်းပြီး ရန်ပုံငွေချထားမှုရှိ/မရှိဆိုခြင်းမှာ ကုန်ကျစရိတ်က ၆၂၀၂ သန်းဖြစ်သဖြင့် မိမိတို့ မြို့နယ် အတွက် လျာထားခြင်းမှာ ၄၄၂ သန်းဖြစ်သည့်အတွက် Demand နှင့် Supply မမျှမတဖြစ်နေပါကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည့်အတွက် မိမိလို အပ်ချက်နှင့် နိုင်ငံတော်၏ပံ့ပိုးမှုကို အတိုင်းအတာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားပေးရန် အလွန်ကောင်းပါကြောင်း၊ မိမိတို့အနေဖြင့် ရ/မရပြန်ပြီး စိစစ်ပေးပြီး၊ အကြောင်းပြန် ပေးမည်ဖြစ်ပါကြောင်း ရှင်လင်းဖြေကြားပါသည်။
