(ဃ)-နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်ပြားများ ကိုကွန်ပျူတာဖြင့် ရိုက်နှိပ်ပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၂.၁.၂၀၁၄)

ဦးသန်းမြင့် (ဝမ်းတွင်း)လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရုံးများတွင် နိုင်ငံသားမှတ်ပုံ တင်ကတ်ပြားများကို လက်ရေးနှင့် ရေးသားပြီး ထုတ်ပေးနေသည်ကို သိရှိနေရ ပါကြောင်း၊  မိမိတို့ နိုင်ငံအနေနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော နိုင်ငံများနှင့် ယှဉ် တွဲနေနိုင်ရေး၊ နိုင်ငံရေးကတ်ပြားများ စနစ်တကျရှိရေးတို့အတွက် နိုင်ငံအတွင်း ဖွင့် လှစ်ထားသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခေတ်မီကွန်ပျူတာ များတပ်ဆင်ပြီး နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်ပြားများကို ကွန်ပျူတာများနှင့် ရိုက်နှိပ်ပြီး ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလ တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

အဖြေ

ယခုခေတ်ကာလကို ဆက်သွယ်ရေးနည်းပညာ (Information Technology) ခေတ်ဟု တင်စားခေါ်ဝေါ် နေသကဲ့သို့ ဆက်သွယ်ရေးနည်းပညာ တစ်ဟုန်ထိုး တိုးတက်လျက်ရှိ သည်နှင့်အမျှ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆက်သွယ်ရေးနည်းပညာများကို အသုံးပြု ကာ Identity Card နှင့် Passport အပါအဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း Multipurpose Card များကို ထုတ်လုပ် အသုံးပြုလျက်ရှိနေပါကြောင်း၊ မိမိဝန်ကြီးဌာနအနေဖြင့် ထိုလုပ်ငန်းများအား ဆောင် ရွက်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ လာရောက်ကမ်းလှမ်းရှင်းလင်းမှုများ ပြုလုပ် လျက်ရှိရာ ယနေ့အထိ ကုမ္ပဏီပေါင်း ၁၂ ခုရှိခဲ့ပြီး လက်ရှိကတ်စနစ်အစား Smart Card အဖြစ် ပြောင်းလဲလုပ်ဆောင်ရန်အတွက်လည်း အစီအမံများ ရေးဆွဲထားသဖြင့် ယခုကဲ့သို့ ကုမ္ပဏီများအား ခေါ်ယူတွေ့ဆုံနေခြင်း ဖြစ်ပါကြောင်း၊ သို့ရာတွင် အခက်အခဲအချို့ကြောင့် အနည်းငယ်ကြန့်ကြာနေခြင်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ IT နည်းပညာကို အသုံးပြုကာ Identity Card၊ Smart Card (နိုင်ငံသား စိစစ်ရေးကတ်)များ ထုတ်လုပ် သုံးစွဲရေးအတွက် လျှပ်စစ်စွမ်းအား၊ ဆက်သွယ်ရေးကွန်ယက် (Communication Network)၊ IT နည်းပညာဖြင့် ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များရရှိရေးတို့မှာ အဓိကလိုအပ်ချက် များဖြစ်သည်ကို တွေ့ရှိရပါကြောင်း။

IT နည်းပညာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား Smart Card များ ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် ပထမအဆင့် လုပ်ဆောင်ရမည့်ကိစ္စမှာ မြို့နယ်ရုံးများရှိ လူတစ်ဦးချင်း၏ ကိုယ်ရေးအကြောင်းအရာများကို Computer ဖြင့် အချက်အလက်ထည့်သွင်းခြင်း၊ Data Entry ပြုလုပ်ပြီး ဆက်လက်၍ သက်ဆိုင်ရာ မြို့နယ်ရုံးများအချင်းချင်း၊ မြို့နယ်ရုံးများနှင့် ခရိုင်/ပြည်နယ်/ တိုင်းဒေသကြီး/ဦးစီးဌာန(ရုံးချုပ်)သို့ Network ချိတ်ဆက်ခြင်း၊ Data Base များတည်ဆောက်ခြင်း၊ Data Base Server များတည်ဆောက်ခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရ မည်ဖြစ်ရာ ခေတ်မီဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် ဥပမာ ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် အခြေခံတည်ဆောက်ရေး လုပ်ငန်းများအတွက် ခြောက်နှစ်ကျော် ခုနှစ်နှစ်ခန့် အချိန်ယူရကြာင်းနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်နှင့် ပြည် နယ်/ခရိုင်မြို့ကြီးများတွင်သာ ဤစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ပြီး နိုင်ငံအစွန်အဖျားဒေသများတွင် (ဒေသအနှံ့) ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည်ကို လေ့လာတွ့ရှိရပါကြောင်း၊ Smart Card ထုတ်ပေးမည် ဆိုပါက ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအရည်အချင်းရှိ/မရှိ ဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆုံးဖြတ်ပါက မျိုးရိုးစဉ်ဆက်ဇယားပါ မိဘ/ဘိုးဘွားများ၏ လူမျိုး၊ နိုင်ငံသားအခြေအနေ ကိုင်ဆောင်လက်မှတ် များဖြင့် တိုက်ဆိုင်စစ်ဆေးရသည့်အခါ ယခင်က မှတ်တမ်း ရယူထားခဲ့သည့် အမျိုးသားမှတ်ပုံတင်မှတ်တမ်းပုံစံ-၁ များသည် စက္ကူဖြင့် မှတ်တမ်းတင် ထားခြင်းဖြစ်သည့်အတွက် အဆိုပါ မှတ်တမ်းပုံစံ-၁ များကို Data Base တွင် Manual စနစ်မှ Digital စနစ်သို့ Data များကွန်ပျူတာဖြင့် ရိုက်ထည့်ရန်လည်း အချိန်ယူရဦးမည်ဖြစ်ပါကြောင်း၊ Scan ဖတ်၍မှတ်တမ်း ယူပါက လည်း နှစ် ၆၀ ကျော် သိုလှောင်ထိန်းသိမ်းထားသည့် စာရွက်များဖြစ်၍ Scan ဖတ်သည့်အခါ စုတ်ပြဲပျက်စီးမှု မရှိဘဲ ခံနိုင်ရည်ရှိစေရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြု ကာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စာရွက်ဖြင့် မှတ်တမ်းတင်ခဲ့သည့် Manual စနစ်မှ Digital စနစ်သို့ ပြောင်းလဲ ရမည့် ရန်ကုန်မြို့ မှတ်တမ်းခန်းတွင် ထိန်းသိမ်းထားရှိသော အမျိုးသားမှတ်ပုံတင်မှတ်တမ်း ပုံစံ-၁ စုစုပေါင်းမှာ ၂၈ သန်းခန့်နှင့် ပြည်နယ်/ တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတွင် ထိန်းသိမ်းထားရှိသော လူတစ်ဦးချင်း၏ ကိုယ်ရေး အကြောင်းအရာ မှတ်တမ်းပုံစံ နိုင်-၂ စုစုပေါင်း သန်း၄၀ ကျော် ရှိနေသဖြင့် အချိန်ယူဆောင်ရွက်ရမည့် လုပ်ငန်းဖြစ် ပါကြောင်း၊ ထိုလုပ်ငန်းများပြီးစီးပါက နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းအား e-Registration System ဖြင့် ဆောင် ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို Smart Card များအဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ စတင်ဆောင်ရွက်နိုင်ရေးအတွက်လည်း ကုမ္ပဏီများစွာနှင့် ဆက်သွယ် တွေ့ဆုံနေဆဲ ဖြစ်ပါကြောင်း။

အထက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကုမ္ပဏီ ၁၂ ခုမှ ဝန်ကြီးဌာနသို့ လာရောက် ဆက်သွယ်ပြီး ၎င်းတို့၏စက်ပစ္စည်းအရည်အသွေးများကို ပြသခြင်း၊ Smart Card လုပ်ငန်းစဉ်များပြသခြင်းကို ၁၈ ကြိမ် လာရောက်ပြသဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ပုံစံများထိန်းသိမ်းထားသည့်  ရန်ကုန်မြို့ မှတ်တမ်းခန်းရှိ ပုံစံများအား စမ်းသပ်၍ Digital ပြောင်းလဲခြင်း ၆ ကြိမ်နှင့် မြို့နယ်ရုံးနှစ်ရုံးတွင် ပြည်သူနှင့် လက်တွေ့ ဆောင်ရွက်ခြင်းစမ်းသပ်မှု ၄ ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ဝန်ကြီးဌာနမှ e-Registration နှင့် Smart Card ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို IT ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များဖြင့် တိုင်ပင်ကာ ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း အတွက် နိုင်ငံတော်သို့ ပေးသွင်းရငွေ ၆ ကျပ်နှင့် ဓါတ်ပုံခ၊ စာရွက်စာတမ်းမိတ္တူကူးခ စသည့်ကုန်ကျ စရိတ်များကိုပင် ဝေးလံ ခေါင်ဖျားဒေသရှိ ပြည်သူအချို့အတွက် အခက်အခဲ အနည်းငယ်ရှိနေသေးပါကြောင်း၊ ထို့ကြောင့် ကွန်ပျူတာစနစ်ဖြင့်  Smart Card ပြောင်းလဲလုပ်ဆောင်ပါက ကတ်တစ်ကတ်တွင် တစ်ဒေါ်လာနှင့် အထက် ကုန်ကျနိုင်မည်ဖြစ်၍ ပြည်သူ အားလုံးအတွက် အခက်အခဲရှိလာနိုင်သည် ဆိုသည့်အချက်ကိုလည်း ထည့်သွင်းစဉ်းစားနေပါကြောင်း။

ယခုအချိန်တွင် ရုံးသို့လာရောက်လုပ်ကိုင်ရန် အခက်အခဲရှိသူများအတွက် အဆင်ပြေစေရန် မိုးပွင့်စီမံ ချက်များ ဖြင့် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိနေသော်လည်း အလုပ်အကိုင်မအားလပ်ခြင်း၊ ခရီးသွားနေခြင်းများကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်နိုင်သူများ ရှိနေသေးကြောင်းကိုလည်း တွေ့ရှိရ ပါကြောင်း၊ ယခုကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ရာတွင် စက်တည်ရှိရာရုံးသို့ လူကိုယ်တိုင်မဖြစ်မနေ လာရောက် ရခြင်းအပေါ် ပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုး၊ တုံ့ပြန်မှု စသည်တို့ကိုလည်း ထည့်သွင်း စဉ်းစားနေရ ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဖြစ်ပေါ်လာရေး ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ နိုင်ငံတကာအဆင့်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ရန် မဖြစ် မနေဆောင်ရွက်သင့်သည့် ကိစ္စဖြစ်၍ တစ်နိုင်ငံလုံး တစ်ပြိုင်တည်းဆောင်ရွက်ရေး သို့မဟုတ် ဦးစားပေး နယ်မြေခွဲ၍ အပိုင်းလိုက်ဆောင်ရွက်ရေး၊ လျှပ်စစ်စွမ်းအား၊ ဆက်သွယ်ရေးနည်းပညာ Network များ ချိတ်ဆက်ရေး၊ ကျွမ်းကျင် ဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ပေးရေး စသည့်လုပ်ငန်းများနှင့် ချိတ်ဆက် စဉ်းစား၍ အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။