(ဇ)-ကျိုက္ကဆံချောင်းနှင့်သံသုမာလမ်းဖြတ်ရေမြောင်း သည် အကွေ့အကောက်များသောကြောင့် ရေလျှံမှု များဖြစ်ပေါ်နေမှုအပေါ် သက်ဆိုင်ရာဌာနအနေဖြင့် မည်သို့ စီစဉ်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၉.၉.၂၀၁၆)

ရန်ကင်းမြို့နယ်မှရေများ၊ သင်္ဃန်းကျွန်းမြို့နယ်မှရေများသည် ကျိုက္ကဆံချောင်းထဲ မှတစ်ဆင်‌့ တောင်ဥက္ကလာပမြို့ထဲသို့ စီးဝင်ပါခြင်းကြောင့်ဒါက်တာဦးစောနိုင် (တောင်ဥက္ကလာပ) ကျိုက္ကဆံချောင်းငယ်၏အဆုံး ငမိုးရိပ်ချောင်းထဲကို စီးဝင်ပါကြောင်း၊ ငမိုးရိပ်ချောင်းသို့ ဝင်ခါနီးသံသုမာ ကားလမ်းမကြီးကို ဖြတ်သည့်အခါ သံသုမာလမ်းမကြီးကို ဖောက်ထားသည့် ကာပတ်ကိုဖြတ်ရပြီး ၉၀ ဒီကရီ နီးပါးကောက်သွားသည့်အတွက် ရေစီးကြောင်းထဲရှိ အမှိုက်များကိုလည်း စစ်သကဲ့သို့ ဖြစ်သွားပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ် မြို့နယ်သုံးခုမှ စီးဆင်းသည့်ရေများသည် အဝတွင်ပိတ်နေခြင်း ဖြစ်ပါကြောင်း၊ ယခု စည်ပင်ဝန်ထမ်းများမှ အမှိုက်များကို ရှင်းထားပြီးဖြစ်ပါကြောင်း၊ ရေစီးကြောင်း နှေးသည့်အတွက်ကြောင့် အမှိုက်များကို ရှင်းသော်လည်း မကြာခင်ပြန်ပြည့်လာမည် ဖြစ်ပါကြောင်း၊ ကျိုက္ကဆံချောင်းသည် သံသုမာလမ်းမကြီးကို ဖြတ်ရမည့်လမ်းကြောင်းမှ ကားပတ်ကိုဖောက်လုပ် ပေးစေလိုပါကြောင်း၊

ယခုလို ဖောက်လုပ်ပေးမည်ဆိုပါကလည်း ဘဏ္ဍာငွေလည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ကားပတ်လမ်းကြောင်း အမှန်ဖြစ်သွားခဲ့လျှင်လည်း မြေကွက်များများစွာ ထွက်လာမည်ဖြစ်ပြီး လမ်းကြောင်းအမှန် ဖောက်ရန်အတွက် အိမ်ကွက်များနှင့်လည်း လွတ်ရန်လိုပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်ဥက္ကလာပမြို့နယ် အပါအဝင်မြို့နယ်သုံးခု၏ ရေများကို သယ်ဆောင်နေသည့် ကျိုက္ကဆံချောင်း ငယ်၏ ရေစီးချောင်းအမှန်ကို ဖောက်လုပ်ပေးနိုင်ပါရန်နှင်‌့ မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးထွန်းဝင်း
အဖြေ

ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားထားသည်မှာ တောင်ဥက္ကလာပမြို့နယ်၊ ကျိုက္ကဆံချောင်း နှင့် သံသုမာလမ်းအား ဖြတ်သန်းသည့် ချောင်းကူးတံတား တံတားအောက်၌ အင်ဂျင်နီယာဌာန (ရေနှင်‌့ သန့်ရှင်းမှု) မှ ရေပိုက်လိုင်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းများ ရှိပါကြောင်း၊ ရေပိုက်လိုင်းအား ထောက်ကံထားသည့် ထောက်တိုင် များတွင် ရေစီးဖြင့် ရေမျောလာသည့် အမှိုက်များတွယ်ငြိကပ်ပြီး ပိတ်ဆို့မှုဖြစ်၍ ရေစီးရေလာကို အနှောင့်အယှက် ဖြစ်စေခြင်းဖြစ်သည့်အတွက် ၎င်း ပိတ်ဆို့မှုကိုလည်း  စည်ဆက်မပြတ် ရှင်းလင်းပေးလျက်ရှိပါကြောင်း၊ ကျိုက္ကဆံချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တံတားအောက်ရှိ ရေပိုက်လိုင်း ထောက်တိုင်များအား ဖယ်ရှားရှင်းလင်းခြင်း၊ ပိုက်လိုင်းအားမြှင့်တင်ပေးခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းအား မြှင်တင်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင်‌့ ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

သံသုမာကားလမ်းကိုဖြတ်ပြီ‌း ရေမြောင်းအသစ်ဖောက်ရာတွင် မူလကျိုက္ကဆံချောင်းကို ဆက်သွယ်မည်ဆိုပါက ဖြတ်သန်းဖောက်လုပ်မည့် လမ်းကြောင်းပေါ်တွင် ဒေါ်စန်းစန်းဝင်း(ခေါ်) ဒေါ်စန်းဝင်းပိုင် မြေတိုင်းရပ်ကွက် အမှတ် (၁၄-စီမံကိန်း-၂) မြေကွက်အမှတ် (၁/အေ) ဒေါ်ွမင့်မြင့်စိုးပိုင် မြေကွက်အမှတ် (၁/ဘီ)၊ ဒေါ်လှိုင်ဆွေဝင်း ပိုင်မြေကွက်အမှတ် (၁)တို့ကို ဖြတ်သန်းဖောက်လုပ် ရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပိုင် မြေကွက်များကို ဖြတ်သန်းဖောက်လုပ် ရမည့်အပြင် သံသုမာ လမ်းမပေါ်ကြီးတွင်လည်း ပေ (၁၀၀) နှင်‌့ အရှည် (၅၀) ပေခန့် လမ်ကူးတံတားတစ်စင်း တည်ဆောက်ရန် လိုအပ်မည် ဖြစ်ပါသဖြင့် လောလောဆယ့် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာဦးစောနိုင် (တောင်ဥက္ကလာပမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိသိလိုသည်မှာ အမှိုက်များကိုရှင်းရန် ဆောင်ရွက်ပေးချင်ခြင်းမျိုး မဟုတ်ပါကြောင်း၊ ၎င်း အမှိုက်များ စုပုံနေသည့် အကြောင်းတရားကို ဆောင်ရွက်ပေးစေချင်ပါကြောင်း၊ ခုနက ဝန်ကြီးအနေဖြင့် အိမ်များနှင့် မလွတ်ကြောင်း ပြောသည့်အခါ မိမိသည် အောက်ခြေသို့ သေသေချာချာ လေ့လာပြီးသွားပြီ ဖြစ်သည့်အတွက် မြေကွက်အလတ်မဲရှိပါသေးကြောင်း၊ အိမ်များလုံးဝ မဆောက်ရသေးပါကြောင်း၊ အိမ်များမဆောက်ရသေးသည့်အတွက် ခုလက်ရှိရှိနေသည့် ချောင်း၏ညာဘက်တွင်ရှိပါကြောင်း၊ ၎င်း လမ်းကြောင်းအမှန် ဖောက်လုပ်ပြီးသွားပါက ချောင်း၏ ဘယ်ဘက်တွင် လွတ်သွားသည့်အတွက် အိမ်များလည်း မရှိသည့်အတွက်ကြောင်‌့ ဝန်ကြီးဌာနအနေဖြင့် သေချာပြန်လည် သုံးသပ်ပေးနိုင်ပါရန် နှင့် ရေစီးချောင်းအမှန်ကို ဖောက်လုပ်ပေးရန်အတွက်လည်း အလေးအနက်ပြန်လည် စဉ်းစားပေးစေလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း

ရန်ကုန် တိုင်းဒေသအစိုးရအဖွဲ့နှင့် ဆက်စပ်ပေါင်းစပ်ညှိနှိုင်းပြီး အကောင်းဆုံးအနေ အထားကို ပြန်လည်ပြီး သုံးသပ်လုပ်ရမည် ဖြစ်သည့်အတွက် ၎င်း ကိစ္စနှင့်ပတ်သက်ပြီး လောလောဆယ် ဖြေကြားနိုင်မည် မဟုတ်ပါကြောင်း၊ သို့သော်လည်း ထိုကိစ္စကို သုံးဦးသုံးဖလှယ် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။