သရက်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု ရေဖြူကျေးရွာတွင် အိမ်ထောင်စု ၁၀၅ စုနှင့် လူဦးရေ ၄၆၅ ဦးရှိပြီး ပွန်းချောင်းဘေးတွင် တည်ရှိပါကြောင်း၊ ၎င်းပွန်းချောင်းရေသည် မိုးရွာသွန်းမှုများကြောင့် နှစ်စဉ်ရေကြီးရေလျှံခြင်း၊ ကမ်းပါးပြိုခြင်းဖြစ်ပေါ်လျက်ရှိပြီး ယခင်နှစ်ကာလများတွင် စိုးရိမ်နေရမှု အခြေအနေမရှိပါသော်လည်း ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကမ်းပါးပြိုကျမှုများ အဆက်မပြတ်ဖြစ်ပေါ်ခဲ့ရာ အခြေခံပညာမူလတန်းကျောင်းများ ကျေးရွာရှိလူနေအိမ်များနှင့် အလွန်နီးကပ်လျက်ရှိပြီး စိုးရိမ်ရ မှုအခြေအနေ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊
၁၁-၆-၂၀၁၆ ရက်နေ့တွင် ချောင်းရေတိုက်စားမှုကြောင့် ဦးသိန်းဝင်း၏ နေအိမ်ကို ဖျက်ဆီး ပြောင်းရွှေ့မှုများအား ပြုလုပ်ခဲ့ကြရပြီး ယခုအခြေအနေတွင် အဆိုပါ ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုသည် ကျေးရွာရှိလူနေအိမ်များအတွက် စိုးရိမ်ရမည့်အခြေအနေရှိပါကြောင်းနှင့် လူနေ အိမ်များပြောင်းရွှေ့သွားရမည်ဆိုပါက ကျေးရွာ၏တောင်ဘက်နှင့် အနောက်ဘက်တွင် လယ်ကွင်း များ၊ အရှေ့ဘက်တွင် တောင်ကုန်းများ ရှိပါသဖြင့် ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲများ ရှိနေပါကြောင်း၊ ယခု ပွင့်လင်းရာသီတွင် ချောင်းရေတိုက်စားမှုကြောင့် သစ်ပင်များ၊ နေအိမ်များ နေ့စဉ်ပြိုကျလျက်ရှိပြီး မိုးတွင်းအခါရောက်ပါက ကျေးရွာသည် လုံးဝပျက်စီးနိုင်မည်ဖြစ်ကြောင်းနှင့် ကျေးရွာသူကျေးရွာသားများမှလည်း စိုးရိမ်ပူပန်နေကြပါသဖြင့် ယခုပွင့်လင်းရာသီတွင် သက်ဆိုင်ရာမှ ဆောလျင်စွာ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန်နှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရေဖြူကျေးရွာပွန်းချောင်းရေတိုက်စားမှု အခြေအနေကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၁၈-၁၂-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း၊
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပွန်းချောင်းသည် သရက်မြို့နယ်၊ ရေဖြူကျေးရွာဘေးတွင် ဖြတ်သန်း စီးဆင်းလျက်ရှိပြီး နွေရာသီတွင် ရေအနက် ၁ ပေခန့်သာရှိသော်လည်း မိုးရာသီချောင်းရေကျချိန် ဆိုပါက ရေအနက် ၆ ပေခန့်အထိရှိပြီး ရေစီးနှုန်းများပြားသည် ကိုတွေ့ရှိရပါကြောင်း၊ ပွန်းချောင်း ရေသည် ရေပြင်ကျယ်၍ ရေစီးဧရိယာ ကျဉ်းမြောင်းပြီး ရေဖြူကျေးရွာသို့ ဦးတည်စီးဆင်းမှုကြောင့် ၂၀၁၅ ခုနှစ် ရေများချိန်မှစ၍ ရေတိုက်စားကမ်းပြိုမှုများ ဖြစ်ပေါ်လာခဲ့သည်ဟု သိရှိခဲ့ရပါကြောင်း၊ ကျေးရွာ အထက်ဘက်သောင် ခုံသည် တဖြည်းဖြည်းကြီးလာပြီး ရေစီးကြောင်းကျဉ်းမြောင်း၍ ရွာ အခြေကို ရေနက်စီးကြောင်းအဖြစ် ဦးတည်စီးဆင်းကာ ချောင်းရေတိုက်စားမှုကြောင့် ရေဖြူကျေးရွာ အထက်ဘက်မှ အောက်ဘက်အထိ ပေ ၇၀၀ ခန့် ပြိုကျမှုဖြစ်ပေါ် လာခဲ့ပြီး ကျေးရွာမူလတန်း ကျောင်းနှင့် ပေ ၁၀၀ ခန့်၊ လူနေအိမ်များနှင့် ပေ ၂၀ ခန့်သာ ကွာဝေးသည်ကို သိရှိရပါကြောင်း၊
ရေဖြူကျေးရွာ ရေတိုက်စားမှုအား ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရန်လိုအပ်သော အစီ အမံများနှင့် ခန့်မှန်းကုန်ကျစရိတ်များမှာ ကျေးရွာအထက်ဘက်တွင် ကျောက်ဖြည့်မျော ရေကာ အလျား ၇ ပေ ၁ ခုနှင့် ၆၅ ပေ ၁ ခု၊ ကျေးရွာအထက်ဘက်မှ အောက်ဘက်ကမ်းပါး တစ်လျှောက် အတွက် အလျား ၈၅၀ ပေရှိ ကျောက်ကြီးဖြည့်မျောတိုင်တန်း နှစ်ဆင့်ရိုက် ကာကွယ်ခြင်း၊ ကျေးရွာ အောက်ဘက် ကျောက်ဖြည့်မျောရေကာအလျား ၅၀ ပေ ၂ ခုတည်ဆောက် ပေးရန် လိုအပ်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ စုစုပေါင်းသန်း ၁၀၆.၂၈ ခန့်ဖြစ်ပါကြောင်း၊ တိုးတက် ဖြစ်ပေါ်လာမည့် ရေလမ်းကြောင်းအခြေအနေပေါ်မူတည်ပြီး လိုအပ်သည့် ရေလမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊
ရေဖြူကျေးရွာ ပွန်းချောင်းရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်များအတွင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရ၏ ငွေလုံးငွေရင်းရန်ပုံငွေစာရင်းတွင် ပါဝင်ခြင်းမရှိပါသဖြင့် အဆိုပါကမ်းပြို ကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
