(ဌ)-မြေပြင်အမှန်မွေးမြူတိရစ္ဆာန်ကောင်ရေစာရင်း မှာ စီမံချက်ချပြီးကွင်းဆင်း ကောက်ယူထားသော စာရင်းဖြစ်ပါသလား၊ ထို့သို့မဟုတ်ပါက တိရစ္ဆာန် အကောင်ရေစာ ရင်းမှန်များကို စီမံချက်ချမှတ်၍ ထပ်မံကောက်ယူရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၉.၉.၂၀၁၆)

သား/ငါးကဏ္ဍမှာ အသား၊ နို့နှင့် ဥထုတ်လုပ်မှုဆိုင်ရာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး အချက်အလက်များ ဒေါက်တာဦးမင်းသိန်း (ရေဦး)အမှန်တွက်ချက်ရယူနိုင်ရန်အတွက် ၁၉၉၂-၉၃ ခုနှစ်က မြေပြင်အမှန် မွေးမြူရေး တိရစ္ဆာန်ကောင်ရေများကို ဝန်ကြီးဌာနမှ စီမံချက်ချလျက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ Myanmar Livestock Statistic ၂၀၁၄ ပါ အချက်အလက်များအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖော်ပြထားပါသော တိရစ္ဆာန်မွေးမြူထားရှိမှု ကောင်ရေစာရင်းများသည် ၂၀၀၇-၂၀၀၈ ခုဘဏ္ဍာနှစ် ကိန်းဂဏန်းများကို စတင်အခြေခံလျက် နှစ်အလိုက်တိုးတက်မွေးမြူနိုင်မှု အခြေအနေများအား တွက်ချက်တင်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှုဖြစ်သည့် အသား၊ နို့နှင့် ဥထုတ်လုပ်မှု အချက်အလက်များ အပါအဝင် ပြည်ပသို့ Normal Trade, Border Trade အလိုက် တင်ပို့ပြီးနိုင်ငံခြား ဝင်ငွေရရှိနိုင်ခဲ့သော  တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့နိုင်မှု အချက်အလက်များသည်လည်း ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ် ကိန်းဂဏန်းများကို အခြေခံလျက် နှစ်အလိုက် တိုးတက်ထုတ်လုပ်နိုင်မှုကို၊ တွက်ချက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ဥပမာ-နွား မွေးမြူထားရှိမှုအခြေအနေမှာ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် အကောင်ရေသိန်းပေါင်း ၁၂၆.၃၂ ဖြစ်ပြီး ၂၀၁၃-၁၄ ခုနှစ်မှာ အကောင်ရေသိန်းပေါင်း ၁၅၄.၈၁ ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ အသားထုတ်လုပ်နိုင်မှု အခြေအနေသည်လည်း ၂၀၀၈-၂၀၀၉ ခုနှစ် မက်ထရစ်တန်ထောင် ပေါင်း ၁၅၄၆.၈၁ ဖြစ်ပြီး ၂၀၁၃-၁၄ ခုနှစ်တွင် မက်ထရစ်တန်ထောင်ပေါင်း ၂၄၉၂.၄ ဟုဖော်ပြထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ဥထုတ်လုပ်နိုင်မှု အခြေအနေ၊ နို့ထုတ်လုပ်နိုင်မှု အခြေအနေများမှာလည်း ၂၀၀၈-၂၀၀၉ ကိန်းဂဏန်းများကို အခြေခံပြီး တွက်ချက်ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ပသို့ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်မှု အခြေအနေမှာ ၂၀၁၃-၁၄ ခုနှစ်တွင် လက်ရှိဝင်ငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၅.၄၀၄ ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံအတွက်အရေးပါသော အသား၊ နို့ထုတ်လုပ်နိုင်မှု၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့နိုင်မှုစသော စီးပွားရေးဆိုင်ရာ အချက်အလက်များကို တွက်ချက်ရာတွင် မြေပြင်အမှန် မွေးတိရစ္ဆာန် ကောင်ရေစာရင်းများကို တွက်ချက်မှသာ မှန်ကန်သော ကိန်းဂဏန်းများဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအမှန်ကို သိရှိကြရမည်ဖြစ်ပါကြောင်း၊

သား/ငါးကဏ္ဍအတွက် တွက်ချက်ရာတွင် အခြေခံအသုံးပြုသော မြေပြင်အမှန်မွေးမြူ တိရစ္ဆာန်ကောင်ရေစာရင်းမှာ စီမံချက်ချမှတ်ပြီး ကွင်းဆင်းကောက်ယူထားသောအမှန် ကောင်ရေစာရင်း ဖြစ်ပါသလား သို့မဟုတ် အမှန်ကွင်းဆင်း ကောက်ယူခြင်းမပြုဘဲ ပျမ်းမျှတွက်ချက်ထားသည်ဆိုပါက တိရစ္ဆာန်ကောင်ရေ စာရင်းအမှန်များကို စီမံချက်ချလျက် ထပ်မှန်ကောက်ယူရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ကာလတွင် မြေပြင်အမှန်မှေး ကောင်ရေစာရင်းများကို ထပ်မံကောက်ယူမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒု-ဝန်ကြီးဒောက်တာဦးထွန်းဝင်း
အဖြေ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒု-ဝန်ကြီးဒောက်တာဦးထွန်းဝင်တိရစ္ဆာန်သန်းခေါင်စာရင်းများ ကောက်ယူရာတွင် အကောင်ဆုံး၊ မြန်မာနိုင်ငံ တိရစ္ဆာန်သန်းခေါင်စာရင်း သို့မဟုတ် တိရစ္ဆာန်ကောင်ရေ စာရင်းကို ၁၉၈၃-၈၄ ဘဏ္ဍာနှစ် မတိုင်မီအထိ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၊ ကြေးတိုင်မြေ စာရင်းဌာနမှ ကောက်ယူခဲ့ပါကြောင်း၊ ၁၉၈၃-၈၄ ဘဏ္ဍာရေးနှစ်မှ ၁၉၉၃-၉၄ ဘဏ္ဍာရေးနှစ်ထိ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကောက်ယူခဲ့ပါကြောင်း၊ ၁၉၉၃-၉၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးရွာအုပ်စု၊ ကျေးရွာအလိုက် တစ်အိမ်ချင်းကောက်ယူသည့်စနစ် Complete Enumeration ဖြင့်ကောက်ယူခဲ့ပြီးတော့ ဗဟိုစာရင်းကို ၁-၁၀-၁၉၉၄ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့ပါကြောင်း၊ ၁၉၉၃-၉၄ ဘဏ္ဍာရေးနှစ် နောက်ပိုင်းတွင် နည်းပညာ၊ ဝန်ထမ်းအင်အားနှင့် ဘဏ္ဍာငွေ အကန့်အသတ်ရှိသဖြင့် ဌာန၏ တိရစ္ဆာန်ဆေးကု ဝန်ထမ်းများမှ ကာကွယ်ဆေးထိုး ကောင်ရေပေါ် မူတည်ပြီး မြေပြင်စာရင်း ကောက်ယူခဲ့ပါကြောင်း၊ အသားကဏ္ဍဆိုင်ရာ ထုတ်လုပ်မှု စာရင်းများကို နှစ်စကောင်ရေပေါ် မူတည်ပြီး တိုးပွားကောင်ရေ၊ သေဆုံးကောင်ရေကို စံနှုန်းများ (Norm) များဖြင့် တိုးတက်မှုနှုန်း တွက်ချက်ရယူပါကြောင်း၊ ယခုအခါ စီမံကိန်းစာရင်းနှင့် မြေပြင်လက်ကျန် ကောင်ရေစာရင်းများ ကွာဟမှုရှိလာခဲ့ပါကြောင်း၊ ထို့ကြောင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် FAO တို့ ပူးပေါင်းဆောင်ရွက်သည့် တိရစ္ဆာန်ကျန်းမာရေး ထုတ်လုပ်မှုနှင့် ဈေးကွက်မြင့်မားရေးမှတစ်ဆင့် အပူပိုင်းဒေသရှိ တောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေး စီမံကိန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစပြီး သုံးနှစ်ကာလထိ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ (Livelihoods and Food Security Trust Fund-LIFT Fund) ဖြင့်  ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေးတိုင်း ဒေသကြီးအတွင်း မလှိုင်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များနှင့် မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူနှင့်ရေစကြို မြို့နယ်တို့တွင် တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူခြင်းကို ရှေ့ဆောင်စီမံကိန်း (Pilot Project) အဖြစ် ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိရစ္ဆာန် သန်းခေါင် စာရင်းကောက်ယူရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူရေးစီမံချက်ကို ရေးဆွဲအကောင်အထည် ဖော်သွားရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး တိရစ္ဆာန်စာရင်းများကို နှစ်စဉ်ကောက်ယူ သွားမည်ဖြစ်ပါကြောင်း၊      သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး ငါးမွေးမြူရေး ကဏ္ဍအနေဖြင့် ငါးဌာနပိုင် စခန်းများ၏ ငါးသားပေါက် ထုတ်လုပ်မှု စာရင်းအားအစီရင်ခံစာ အဆင့်ဆင့်တင်ပြခြင်းကို ကောက်ယူပြုစု ထားပြီးဖြစ်ပါကြောင်း၊ ရေချိုငါးမွေးမြူရေးလုပ်ငန်းအား ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်ကြခြင်းဖြစ်ပြီး တစ်ဧကအား ပျမ်းမျှကောင်ရေ ၃၀၀၀ ထည့်သွင်းမွေးမြူကြပါကြောင်း၊ ရေချိုငါးမွေးမြူရေး လုပ်ငန်းအများစုမှာ တစ်ဧကလျှင်ပိဿာချိန် ၁၅၀၀ မှ ၃၀၀၀ အထိ အမှန်တကယ် ထုတ်လုပ်နိုင်ကြပါကြောင်း၊ ငါးမွေးမြူရေးကဏ္ဍမှ ထုတ်လုပ်မှု ကိန်းဂဏန်းအချက်အလက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၏ ငါးကုန်တက်စာရင်း ကို အဝယ်ဒိုင်များမှမေးမြန်းပြုစုပြီး အဆင့်ဆင့်တင်ပြ ပြုစုထားခြင်းဖြစ်ပါကြောင်း၊ ရေချိုရေငန် မွေးမြူရေးလုပ်ငန်းတွင် ပင်လယ်ဒီရေနှင့် အတူပါရှိလာသည့် ပုစွန်သားပေါက်များကို ကန်အတွင်းထည့်သွင်း မွေးမြူခြင်း စနစ်ဖြင့် ဆောင်ရွက်ကြခြင်းမှာ အများစုဖြစ်ပါသဖြင့် ထည့်သွင်းမွေးမြူရေး ကောင်ရေအရ အတိအကျသိရှိရန် ခက်ခဲပါကြောင်း၊ ပုစွန်မွေးမြူရေးကန်များမှ တစ်ဧကအထွက်နှုန်းသည် မွေးမြူသည့်စနစ်ပေါ် မူတည်ပြီး ကွဲပြားခြားနားမှုရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ပုစွန်မွေးမြူရေး ကန်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းမှာ သမရိုးကျ မွေးမြူရေးစနစ် (Trap and Hold System) ဖြင့် မွေးမြူကြခြင်းဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ပုစွန်မွေးကန် ၂၀ ရာခိုင်နှုန်းမှာ Extensive Plus စနစ်နှင့် Semi-Intensive စနစ်ဖြင့် မွေးမြူကြခြင်းဖြစ်ပါကြောင်း၊ သမရိုးကျမွေးမြူရေးစနစ်ဖြင့် မွေးမြူထုတ်လုပ်နိုင်မှုမှာ တစ်ဧကလျှင် ပျမ်းမျှ ပိဿာချိန် ၅၀ ခန့် ထုတ်လုပ်နိုင်ကြပြီး Extensive Plus စနစ်တွင် တစ်ဧကတွင် ပုစွန်ပျမ်းမျှပိဿာချိန်  ၃၀၀ ခန့် ထုတ်လုပ်နိုင်ပါကြောင်း၊ Semi-Intensive စနစ်ဖြင့် မွေးမြူရာ၌ တစ်ဧကလျှင်ပိဿာချိန် ၇၂၀ ခန့် ထုတ်လုပ်နိုင်ကြပါကြောင်း၊ ငါး/ပုစွန်မွေးမြူတောင်သူများ၏ ဦးရေစာရင်းနှင့် မွေးမြူဧကစာရင်းမှာ ငါးလုပ်ငန်းဦးစီးဌာန၌ ငါးမွေးမြူခြင်း ဆောင်ရွက်ရန် မွေးမြူခွင့်လိုင်စင် (ယာယီ) ကို ငါးမွေးမြူခြင်း ဥပဒေအရ မွေးမြူဧရိယာ ဝ.၀၂၅ ဧကထက် ကျော်လွန်ပါက လိုင်စင်ရယူဆောင်ရွက်ကြရသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုင်စင်ရယူ ဆောင်ရွက်ကြသော စာရင်းကိန်းဂဏန်းများအား ပြုစုထားခြင်းဖြစ်ပါကြောင်း၊ လက်တွေ့မြေပြင်တွင် ငါးမွေးမြူရေးကန် လိုင်စင်ရယူကြသော်လည်း မွေးမြူရေးငါးများ ထည့်သွင်းမွေးမြူကြသည့် ကန်များရှိသကဲ့သို့ သဘာဝငါးရိုင်းများအား ထည့်သွင်း မွေးမြူကြခြင်းလည်း ရှိပါကြောင်း၊

ငါးမွေးမြူရေးတောင်သူနှင့် ငါးမွေးကန်ဧရိယာစာရင်း အမှန်ရရှိရေး၊ ငါး/ပုစွန်မွေးမြူရေး လုပ်ငန်းမှ ထုတ်လုပ်မှု အမှန်ရရှိရေးအား ဆောင်ရွက်နိုင်ရန် Fisheries Census ကဲ့သို့ ကွင်းဆင်းစစ်တမ်း ကောက်ယူရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုအခါ Fisheries Statistic ကိန်းဂဏန်း အချက်အလက်များ  မှန်ကန်စွာ ပြုစုနိုင်ရေးအတွက် ငါးမွေးမြူရေး ကဏ္ဍအပါအဝင် ငါးကဏ္ဍတစ်ခုလုံး ဖြစ်သော ရေချိုရေငန် ငါးဖမ်းဆီးထုတ်လုပ်မှု ကဏ္ဍတို့၏ ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်ရန်  FAO မှ ဦးဆောင်ပြီး နည်းပညာ ပံ့ပိုးမှုဖြင့် Design and Implement Sample Survey for Aquaculture ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်သွားရန်လည်းကောင်း၊  Design and Implement Sample Survey for Marine Fisheries small scale ကို ၂၀၁၇ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်သွားရန်လည်းကောင်း၊ Design and Implement Sample Survey for Inland Fisheries ကို ၂၀၁၈ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့၌ ဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။