ဆော့လော်မြို့နယ်သည် ဆက်သွယ်ရေးဖုန်းလိုင်း မကောင်းမွန်ခြင်း၊ လမ်းမကောင်း၍ ကုန်စည် ပို့ဆောင်ရေးခက်ခဲခြင်းတို့ကြောင့် မြို့နယ်ဖွံ့ဖြိုးတိုးတက် မှုအလွန်နောက်ကျ လျက်ရှိပါကြောင်း၊ ဆော့လော်မြို့နယ်သည် တရုတ်ပြည်နှင့်ထိစပ်လျက်ရှိသည့် နယ်စပ်မြို့ဖြစ်သည့်အပြင် တောင်ကုန်း၊ တောင်တန်းထူထပ်ပေါများသည့် တောင်ပေါ်မြို့လည်း ဖြစ်ပါကြောင်း၊ အကျယ်အဝန်းမှာ ၁၃၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်း ၇၀၀၀ ကျော် နေထိုင်ပြီး ကျေးရွာအုပ်စုပေါင်း ၂၅ စု၊ ကျေးရွာပေါင်း ၁၅၇ ရွာရှိသော်လည်း ဆော့လော်မြို့ပေါ် မြို့မရပ်ကွက်တစ်ခု၌သာ WCDMA-MPT ကမ်းရိုးတန်း ဖုန်းလိုင်းတစ်ခုသာ ရရှိတာဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စု၊ ကျေးရွာများသို့ ဖုန်းလိုင်းများယနေ့အချိန်ထိမရရှိသေးပါကြောင်း၊ ဆော့လော်မြို့ပေါ်တွင် ယခုလက်ရှိ အသုံးပြုနေသည် ဆက်သွယ်ရေးစက်ပစ္စည်း ဟောင်းနွမ်းနေပြီး ဖုန်းလိုင်းများ မမိတစ်ချက် မိတစ်ချက် ဖြစ်ပြီး ခေါ်ဆို၍မရပါကြောင်း၊ ယခုအချိန် ဆော့လော်မြို့နယ်အတွင်းရှိ မိဘပြည်သူအများစုမှာ တရုတ်ပြည်မှထုတ်လုပ်တဲ့ ဂြိုဟ်တုဖုန်းတွေကိုသာ အသုံးပြုနေကြရပြီး ရွာတစ်ရွာနှင့်တစ်ရွာ တစ်ဆင့်ပြီးတစ်ဆင့်အပြန်အလှန်ချိတ်ဆက် ဆက်သွယ်နေရသဖြင့် အခက်အခဲများစွာရှိနေပါကြောင်း၊ ထို့အပြင် ဆက်သွယ်ရေးဖုန်းလိုင်း များမကောင်းမွန်ခြင်း၊ မရရှိခြင်း၊ အင်တာနက်ဖုန်းလိုင်းများ သုံးစွဲမရရှိခြင်းတို့ကြောင့် ဆော့လော် မြို့နယ်တွင် တရားဥပဒေစိုမိုးမှုအားနည်းခြင်း၊ ပြည်သူများထံမှ သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီမရရှိခြင်း၊ ပြည်သူများအသိပညာဗဟုသုတများ ရရှိမှုအားနည်းနေစေခြင်း စသည့် အခက်အခဲများစွာ ရင်ဆိုင်ခံစားနေရပါကြောင်း၊ ဆက်သွယ်ရေး စက်ပစ္စည်းမှာ ဂျင်မာအဟောင်းစက်အသေးနှစ်လုံး၊ ဘက်ထရီအိုး အခြောက်ငါးလုံးဖြင့် အသုံးပြုနေ သည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းစက်များမှ အဟောင်းဖြစ်နေသဖြင့် အဆင်မပြေမှုမရှိပါကြောင်း၊ ဘက်ထရီအိုးကလည်း မကောင်းသည့် အတွက် ဘက်ထရီအိုးလည်းပျက်၊ စက်လည်း ပျက်သွားသည့် အတွက် ဆက်သွယ်ရေးမှ ခဏခဏလုံးဝပြတ်တောက်သွားပါကြောင်း၊
ဆော့လော်မြို့ပေါ်ရှိ မြို့မရပ်ကွက်တွင် အသုံးပြုနေသော ဖုန်းလိုင်းသည် ၎င်းလိုင်းနှင့်နီးစပ် သည့် လခံရွာအထိသာ ဖုန်းလိုင်းရရပါကြောင်း၊ လန်ဆယ် ကျေးရွာနှင့် ဟန်းကောကျေးရွာတို့တွင် ဖုန်းလိုင်းလုံးဝမရရှိ ပါကြောင်း၊ ဟန်းကောကျေးရွာ နှင့် လန်ဆယ်ကျေးရွာအုပ်စု များတွင် WCDMA ဖုန်းလိုင်းတာဝါတိုင်များထားပေးမည်ဆိုပါက အနီးပတ်ဝန်းကျင်ရွာများတွင်လည်း ဖုန်းလိုင်းများ အသုံးပြုနိုင်မည်ဆိုပါက မိဘပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားလူမှုကိစ္စရပ် များလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါကလည်း သက်ဆိုင်ရာဌာနအသီးသီးသို့ လျင်မြန်စွာ သတင်းပို့နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆော့လော်မြို့ ပေါ်၌ GSM-MPT ဖုန်းလိုင်း၊ ဟန်းကော ကျေးရွာအုပ်စုနှင့် လန်ဆယ် ကျေးရွာအုပ်စုတို့တွင် WCDMA-MPT ဖုန်းလိုင်းတာဝါတိုင်များ တပ်ဆင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆော့လော်မြို့ ပေါ်၌ ဆက်သွယ်သုံးစွဲလျက်ရှိသည့် WCDMA-MPT ဖုန်းလိုင်းအား ပြည်သူများ သုံးစွဲမှုပိုမိုအဆင်ပြေစေရန်အတွက် တိုးချဲ့စက်ပစ္စည်း အသစ်များ တပ်ဆင်အသုံးပြု ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်း CDMA-450 MHz မိုဘိုင်းဆက်သွယ်ရေးစခန်းကို IP Star ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို အသုံးပြု၍ ၂၄-၃-၂၀၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆိုပါ CDMA-450 MHz မိုဘိုင်းဆက်သွယ်ရေးစခန်း၏ အဝေးဆက်သွယ်မှုစနစ်ပိုမိုကောင်းမွန် စေရန်အတွက် လက်ရှိ IP Star ဂြိုဟ်တုဆက်သွယ်ရေးစနစ်မှ Myanmar Satellite ဆက်သွယ်ရေး စနစ်သို့ Migration ကူးပြောင်းခြင်းလုပ်ငန်းအား ၂၀၁၇ ခုနှစ် မတ်လကုန်ခန့်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိ CDMA-450 MHz မိုဘိုင်း ဆက်သွယ်ရေးစခန်း အသုံးပြုနေသည့် ကြိုးဆိုင်းတာဝါ Guy Tower သည် တာဝါ တည်ဆောက်ထားရှိမှုနှင့် ကြံ့ခိုင်မှုတို့အရ GSM စနစ် စက်ပစ္စည်းများနှင့် အင်တာနာတွေ ထပ်မံတပ်ဆင်နိုင်ရန်အတွက် တာဝါလဲလှယ်ခြင်းလုပ်ငန်းပါ ဆောင်ရွက်မည်ဖြစ် သောကြောင့် ဆော့လော်မြို့ပေါ်၌လည်းကောင်း၊ ဟန်းကောကျေးရွာအုပ်စုနှင့် လန်ဆယ်ကျေးရွာ အုပ်စုတို့တွင် လည်းကောင်း လောလောဆယ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊
ပြည်ပဆက်သွယ်ရေးအော်ပရေတာများဖြစ်သော တယ်လီနောမြန်မာလီမိတက်နှင့် အော်ရီဒူး မြန်မာလီမိတက် အနေဖြင့်လည်း အဝေးဆက်သွယ်မှုဆက်ကြောင်း ဆက်သွယ်ရန်ခက်ခဲပြီး ဝေးလံခေါင်သီ၍ လူဦးရေနည်းပါးသည့်ဒေသများတွင် ဆက်သွယ်ရေးတာဝါတိုင်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါသောကြောင့် ဆော့လော်မြို့ပေါ်၊ ဟန်းကောကျေးရွာ အုပ်စုနှင့် လန်ဆယ်ကျေးရွာအုပ်စုတို့တွင်လည်း လောလောဆယ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေး ပါကြောင်း ၊
သို့ရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အဆိုပါ ဝေးလံသောဒေသများရှိ ပြည်သူလူထုအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိနိုင်ရန် ဆက်သွယ်ရေးကွန်ရက်များကို တိုးချဲ့တည်ဆောက်သွားနိုင်ရေးအတွက် ဆက်သွယ်ရေး အော်ပရေတာများမှ ထည့်ဝင်ငွေ Universal Service Fund ရန်ပုံငွေရရှိနိုင်မည့်အခြေအနေပေါ် မူတည်၍ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဦးစားပေး အဆင့်အလိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ တင်ပြထားသည့် Universal Service Fund ဆိုသည့် လက်ရှိအော်ပရေတာ သုံးခုရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် ဆက်သွယ်ရေးကွန်ရက် ကို တိုးချဲ့သည့်အခါတွင် လူဦးရေးနည်းပါးသည့် ဒေသများတွင် စီးပွာရေးတွက်ခြေမကိုက်သည့် အတွက် လူဦးရေများသည့် နေရာများကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ရန်ပုံငွေ ထူထောင်သည့်နေရာတွင် အော်ပရေတာများအားလုံး အသီးသီးရန်ပုံငွေ ထည့်ဝင်ရမည် ဖြစ်ပါကြောင်း၊ ၎င်းရန်ပုံငွေထူထောင်ပြီးသည့်အခါ ဝေးလံခေါင်သီလူနည်းသည်ဖြစ်စေ၊ များသည် ဖြစ်စေ နေရာများအားလုံးကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အခုနောက်ဆုံး စတုတ္ထအော်ပရေ တာဖြစ်သည့် ဒီမိုက်တဲကုမ္ပဏီအနေဖြင့် ယခုအချိန်မှစပြီး Business Plan များစတင်လုပ် ဆောင်ရေးဆွဲနေပါကြောင်း၊ မိမိတို့အနေဖြင့် ယခုလိုဝေးလံခေါင်သီပြီး လူဦးရေနည်းပါးသည့် နေရာများကို ဦးစားပေး ဆောင်ရွက်မှာဖြစ်ကြောင်း ဖြေကြားပါသည်။
