(ခ)-ရမ်းဗြဲမြို့နယ်တွင် ပါဝင်သော စကုကျွန်းနှင့် မကျေးကျွန်းတို့တွင် တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်တစ်ခုစီတည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၈.၉.၂၀၁၆)

ဦးကျော်ရွှေ (ရမ်းဗြဲ)ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သည် ကျွန်းများနှင့်ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်ပြီး  ရမ်းဗြဲမြို့နယ်တွင် ရမ်းဗြဲကျွန်း၊ စကုကျွန်းနှင့် မကျေးကျွန်းတို့ ပါဝင်ပြီး ရမ်းဗြဲကျွန်းနှင့် မကျေးကျွန်းတို့တွင် ရမ်းဗြဲကျွန်း၏ တောင်ဘက် ပင်လယ်ထဲတွင် သီးခြားစီတည်ရှိနေသည့် ပင်လယ်ကျွန်းများ ဖြစ်ကြပါကြောင်း၊ စကုကျွန်းတွင် ကျေးရွာပေါင်း ခုနစ်ရွာ ပါဝင်ပြီး အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော် ရှိသည့် ကျွန်းဖြစ်ပါကြောင်း၊ မကျေးကျွန်းတွင် အိမ်ထောင်စုပေါင်း ၄၀၀ ကျော်နေထိုင်သည့် ကျွန်းတစ်ကျွန်း ဖြစ်ပါကြောင်း၊ စကုကျွန်း နှင့် မကျေးကျွန်းရှိ ကျွန်းသူကျွန်းသားများသည် စက်လှေငယ်များကို အသုံးပြု၍ ရမ်းဗြဲမြို့၊ တောင်ကုတ် မြို့နှင့် မာန်အောင်မြို့များသို့ ရေကြောင်းခရီးလမ်းကို အဓိကထား ဆက်သွယ်သွားလာနေကြပါကြောင်း၊ ရာသီဥတု မကောင်းသည့် အချိန်တွင် ရက်သတ္တပတ် တစ်ပတ်ခန့် မည်သည်‌့ဒေသကိုမှ ဆက်သွယ် သွားလာ၍မရသည့် အခြေအနေများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါကြောင်း၊ ယခုအခါ ဆက်သွယ်ရေး ကောင်းမွန် လွယ်ကူသည့်အတွက် ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ် တင်စားခေါ်ဝေါ် နေကြသည့် Global Village ခေတ်ကြီးတွင် စကုကျွန်းနှင့် မကျေးကျွန်း ကျွန်းသူကျွန်းသားများသည် တယ်လီဖုန်း ဆက်သွယ် မရသည့်အတွက် Global Village ၏  ပြင်ပတွင်ရောက်ရှိနေသလို ဖြစ်နေကြပါကြောင်း၊ ဒေသအသီးသီးသို့ လူကိုယ်တိုင် မသွားရောက်နိုင်သည့်အတွက် အခက်အခဲများ ကြုံတွေ့ နေရပါသောကြောင့် စကုကျွန်းနှင့် မကျေးကျွန်း အတွက် တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်တစ်ခုစီ တည်ဆောက်ပေးမှ အဆင်ပြေလာနိုင်မည် ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲမြို့နယ်၊ စကုကျွန်းနှင့် မကျေးကျွန်း ဒေသများတွင် တယ်လီဖုန်းဆက်သွယ်ရေးတာဝါတိုင်တစ်ခုစီ တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မရှိဖြစ်သည်ကို သိလို ပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးရခိုင်ပြည်နယ်တစ်ခုလုံးတွင် GSM/UMTS မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၅၉ ခု ရှိလာမည်ဖြစ်ပြီး နယ်မြေ ဧရိယာ လွှမ်းခြုံနိုင်မှု ၇၀ ရာခိုင်နှုန်း နှင့် လူနေထိုင်မှု ဧရိယာလွှမ်းခြုံနိုင်မှု ၉၀ ရာခိုင်နှုန်းအထိ ရှိလာမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းဗြဲကျွန်းပေါ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ရမ်းဗြဲမိုက္ကရိုစခန်းGSM စခန်းတစ်ခု၊ ကျောက်နီမော်ကျေးရွာ၊ လေးတောင်ကျေးရွာ တို့တွင် GSM စခန်းတစ်ခုစီ၊ ကုန်းဘောင်ကျေးရွာတွင် GSM စခန်းနှစ်ခု၊ သစ်ပုပ်တောင် ကျေးရွာ နှင့် ရပသင် ကျေးရွာတို့တွင် GSM စခန်းတစ်ခုစီဖြင့် စုစုပေါင်း GSM စခန်းခုနစ်ခုကို ဖွင့်လှစ်ထားပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိုဘိုင်းစခန်း တည်ဆောက် သည့် နေရာတွင် Feasibility Study ပြုလုပ်ရန်အချက်များဖြစ်သည့် တာဝါတိုင် တည်ဆောက်ခြင်း၊ အဝေးဆက်သွယ်ရေး ဆက်ကြောင်းများ ချိတ်ဆက်ခြင်း၊ ရာသီဥတုအခြေအနေ၊ မြေပြင်အနေအထား၊ လျှပ်စစ် ဓာတ်အား ရရှိနိုင်မှုအခြေအနေ စသည်တို့အပေါ် မူတည်၍ ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ စကုကျွန်းသည် အကျယ်အဝန်းဧရိယာ ၉.၅၄ စတုရန်းမိုင်၊ ငသမုတ်ကျေးရွာအုပ်စုတွင် ကျေးရွာသုံးရွာနှင့် ရေကောင်းချောင်းကျေးရွာ အုပ်စုတွင် ကျေးရွာငါးရွာရှိပြီး လူဦးရေ ၃၄၂၀ ဦး၊ အိမ်ခြေ ၈၁၇ အိမ်၊ အိမ်ထောင်စု ၈၅၈ စုရှိ၍ ရမ်းဗြဲမြို့နှင့် ရှစ်မိုင်ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးအရ ရေလမ်းကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားလည်း မရရှိသေးပါကြောင်း၊ မကျေးကျွန်း အနေဖြင့် အကျယ်အဝန်း ဧရိယာ ၅.၉၈ စတုရန်းမိုင်ရှိပြီး့ မကျေးကျေးရွာအုပ်စု ကျေးရွာ နှစ်ရွာပါရှိပြီး လူဦးရေ ၁၂၀၀ ဦး၊ အိမ်ခြေ ၂၄၀ အိမ်၊ အိမ်ထောင်စု ၂၄၀ စုရှိပြီး ရမ်းဗြဲမြို့နှင့် ၁၀ မိုင်ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးတွင် ရေလမ်းကို အသုံးပြုရ၍ လျှပ်စစ်ဓာတ်အားလည်း မရရှိသေးကြောင်း၊ သို့ဖြစ်ပါ၍ စကုကျွန်းနှင့် မကျေးကျွန်းတို့တွင် လူဦးရေနှင့် အိမ်ထောင်စု အရသော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး အရသော်လည်းကောင်း၊ ပထဝီဝင်ရေမြေ အနေအထား အရသော် လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း ဆက်သွယ်ရေးတယ်လီဖုန်း တာဝါတိုင်တစ်တိုင်စီ တည်ဆောက်ပေးရန် ဦးစားပေးအစီအစဉ် အရ ၂၀၁၆-၁၇ နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်တို့တွင် ပါဝင်ခြင်းမရှိသော်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်တွင်း/ပြည်ပ ဆက်သွယ်ရေး အော်ပရေတာတို့ကို ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ မျှဝေဆောင်ရွက်စေ ခြင်း(Infrastructure Sharing) သို့မဟုတ် နိုင်ငံတော်မှ ထည့်ဝင်ရန်ပုံငွေနှင့် အော်ပရေတာများမှ ထည့်ဝင် ရန်ပုံငွေ(Universal Service Fund)ရရှိမှု အခြေအနေပေါ်မူတည်၍ ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်တွင် အဆိုပါ ကျွန်းနှစ်ကျွန်းတွင် ဆက်သွယ်မှုရရှိစေရန် စကုကျွန်း သို့မဟုတ် မကျေးကျွန်း၌ တာဝါတိုင်တစ်တိုင် တည်ဆောက်ပေးရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ၊ တယ်လီနောနှင့် အော်ရီဒူး ယခုလက်ရှိ ရှိသည့် အော်ပရေတာများ အနေဖြင့် တာဝါတိုင် ထောင်ခြင်း၊ Fiber ကြိုးချခြင်း၊မိုက္ကခရိုဝေ့ဗ်တိုင်ထောင်သည့် နေရာတွင် တစ်ဦးတစ်ယောက်ချင်းမှ မိမိအတွက်ပဲ လုပ်နေသည်ထက်စာရင် စောစောကပြောသည့် မျှဝေခြင်း(Infrastructrue Sharing) လုပ်ခြင်းအားဖြင့် စရိတ်နည်းပြီး ပိုပြီးPublic ကို ပိုရနိုင်မည်ဖြစ်ပါကြောင်း၊ လူနေဧရိယာ လွှမ်းခြုံမှုနှင့် ပထဝီဝင် အနေအထားအရ လွှမ်းခြုံမှုနှစ်ခုအနက် ဝေးလံခေါင်ပါးပြီး လူနေနည်းပါးသည့် နေရာတွင် အော်ပရေတာများမှ Cambridge နှင့် တာဝါတိုင်ထောင်ရန် စီးပွားရေးအရ တွက်ချေ မကိုက်သည့်အတွက် နိုင်ငံတော်အနေဖြင့် Universal Service Fund ဆိုသည့် အော်ပရေတာအားလုံးမှ နိုင်ငံတော်အပါအဝင် ရန်ပုံငွေထည့်ဝင်ပြီး မိမိတို့မှSub-sustains လုပ်သည့် သဘောမျိုးဖြင့် ဝေးလံခေါင်ပါးသည့်နေရာ၊ လူနေနည်းသည့် နေရာများကို Cambridge ဆောင်ရွက်သွားမည့် အခြေအနေမျိုးဖြစ်ပါကြောင်း၊ ရမ်းဗြဲတွင်လည်း တည်ဆောက်ထားသည့် စခန်း တည်နေရာမှာ ခုနစ်ခု ရှိပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်နိုင်သည့် အခြေအနေတွင် တည်ဆောက်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။