(ဂ)-မြစ်ကြီးနား-မန္တလေးလမ်းတွင် စုန်/ဆန်ပြေး ဆွဲလျက်ရှိသည့်မီးရထား လူစီးတွဲများအားကောင်း မွန်သည့်တွဲဆိုင်းများဖြင့်အစားထိုးပေးရန်နှင့်မီးရ ထားဝန်ထမ်းများအတွက်ပြည်သူ့ဆက်ဆံရေးသင် တန်းများဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၈.၉.၂၀၁၆)

ဦးဝင်းနိုင် (မိုးကောင်း)မြန်မာပြည်(အထက်ပိုင်း)၊ ကချင်ပြည်နယ်ဒေသရှိ ခရီးသည်များသည် ခရီးသွားရန်အတွက် မြန်မာ့မီးရထားကိုများစွာ အားကိုးအားထားပြုနေရပါကြောင်း၊ မြစ်ကြီးနား-မန္တလေး အစုန်/အဆန် ပြေး ဆွဲကြသည့် ရထားများမှ အမှတ်(၅၅)၊ အမှတ်(၅၆) အထူးအမြန် နှင့် အမှတ်(၅၇)၊ အမှတ်(၅၈) မန္တလာရထားတို့ကို အချိန်အနည်းငယ်မှန်သည့်အတွက် အဓိကထားစီးကြရပါကြောင်း၊ ရန်ကုန်-မန္တလေး လမ်းပိုင်းများထက် ဝင်ငွေပိုကောင်းသည့် ရထားခရီးစဉ်ဖြစ်သည်ဟု သိရပါကြောင်း၊ ယခုလို လူစီးများပြီး ဝင်ငွေကောင်းသည့်် အဆိုပါရထားများရှိ တွဲဆိုင်းများတွင် အထက်တန်းထိုင်ခုံ၊ ရိုးရိုးတန်းထိုင်ခုံများ ၊ အိမ်သာများသည် ရန်ကုန်-မန္တလေး ရထားလမ်းနှင့် နှိုင်းယှဉ်ပါက မိုးနှင့်မြေလို ကွာခြားပါ ကြောင်း၊ နောက်တစ်ခုကတော့ လက်မှတ်ဝယ်ယူရရှိရေးဒုက္ခဖြစ်ပါကြောင်း၊ ဘူတာ တိုင်းတွင် ယနေ့ ရောင်းမည့် ရက်ကြိုလက်မှတ်နှင့် နေ့ချင်းရောင်းမည့်လက်မှတ် အရေအတွက်ကို မကြေညာသဖြင့် အချိန်ကုန်ခံ၊ တန်းစီပြီးမိမိအလှည့်ရောက်ခါနီးတွင် လက်မှတ် မရသည့် ဒုက္ခများ လည်း ရှိပါကြောင်း၊ ရထားတွဲပေါ်တွင် ခုံအလွတ်များကိုကြည့်ချင်းအားဖြင်‌့ လက်မှတ်မှောင်ခိုစနစ်ကြောင့်ဆိုသည်မှ သိသာထင်ရှားနေပြီး တိုင်းပြည်အတွက် များစွာနစ်နာ ပါကြောင်း၊ ခရီးသည်များသည် မိမိစီးရမည့် ရထားချိန်ကို ကြိုတင်သိချင်ကြပါကြောင်း၊ ဘူတာရှေ့က ကြော်ငြာသင်ပုန်းတွင် ခန့်မှန်းရထားချိန်ကို အနီးစပ်ဆုံးမရေးဘဲ ခန့်မှန်းချိန်များ ကို ရေးထား သည် ကိုတေ့ွရ သည့်အတွက် စုံစမ်းသည့်အခါတွင် လည်း ပြန်ရင်လည်း မချေမငံပြန်လည် ပြောကြားပါကြောင်း၊ ယခုခေတ်တွင် ဘယ်နေရာတွင် ရထား ရောက်နေသည်ကို ဖုန်းတချက် ဆက်ရုံ နှင့် အတိအကျ သိနိုင်သည့် အချိန်မျိုးတွင် ခရီးသွားပြည်သူများအတွက် ၎င်းအခက်အခဲများသည် မဖြစ်သင့်တော့သည့် အခက်အခဲများဖြစ်ပါကြောင်း၊ မန္တလေး-ရန်ကုန် ရထားလိုင်း များသည် ရထား စီးရေများ အတွက် လက်မှတ်ဝယ်ရသည့်မှလွယ်ပြီး အတွဲလိုက်ခုံများ၊ အိမ်သာများ သန့်ရှင်းသပ်ရပ်ပြီး ဝန်ထမ်းများ၏ ဆက်ဆံရေးသည်လည်း စိတ်ချမ်း သာစရကောင်း ပါကြောင်း၊ တစ်နိုင်ငံလုံး၏ ကုန်တင် ၁ တန် ၁ မိုင် ၄၂ ကျပ်နှုန်းဖြင့် တပြေးညီ သတ်မှတ်ပေး နိုင်မည်ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျသည့် တောင်ပေါ်ဒေသများအတွက် ကုန်ဈေးနှုန်း ကြီးမြင့်သည် ဒဏ်ကို အထိုက်အလျောက် သက်သာ သွာ‌းမည်ဖြစ်သည့်အတွက် စဉ်းစားပေးစေလိုပါ ကြောင်း၊ သို့ဖြစ်ပါ၍ မိမိသိလိုသည်မှာ မြစ်ကြီးနား-မန္တလေးလမ်းပိုင်းတွင် စုန်/ဆန် ပြေးဆွဲလျက် ရှိသည့် မြန်မာ့မီးရထားမှ လူစီး တွဲများအား ပိုမိုကောင်း မွန်သည့်တွဲဆိုင်းများဖြင့် အစားထိုးပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ခရီးသည်များကို ဝန်ဆောင်မှုကောင်းစွာပေးနိုင်ရေးအတွက် မီးရထားဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေး သင်တန်းများ ဖွင့်လှစ်ပေး ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်း ပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်
အဖြေ

မန္တလေး-မြစ်ကြီးနားလိုင်းသည် မိမိတို့အတွက် ဒုတိယဦးစားပေးလိုင်းဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးတင်ပြသွားသည့်အတိုင်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မန္တလေး-မြစ်ကြီးနားသည် ဝင်ငွေပိုရသည် မဟုတ်သော်လည်း တကယ်တမ်းမျှော်လင့်စရာအကောင်းဆုံး တကယ် Potential ရှိသော လူစီး ကုန်တင်အများဆုံးရှိနိုင်သည့် လမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ADB ပညာရှင်များအားလုံံး ရန်ကုန်-မန္တလေးပြီးပါက မန္တလေး-မြစ်ကြီးနားကိုပြင်ရန် မိမိတို့အနေဖြင့် ရန်ကုန်-မန္တလေးကို JICA ဖြင့်လုပ်ပြီး မန္တလေး-မြစ်ကြီးနားလမ်းကို မြန်မြန်ဆန်ဆန်လုပ်နိုင်ရန်အတွက် ကိုရီးယား EDCF Lone ဖြင့် စတင်ဆောင် ရွက်ရန် လျာထားပါကြောင်း၊ လျာထားချက်နှင့်အညီ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၎င်းတို့က တွဲကိုမှာခဲ့ပါက နှစ်နှစ်ခန့် ကြာမည်ဖြစ်ပါကြောင်း၊ EDCF Lone ဖြင့် တွဲ ၁၀၀ ထပ်ပြီး ဝယ်ထား ပါကြောင်း၊ ၂၀၁၈-၁၉ တွင် ရမည်ဖြစ်ပါကြောင်း၊ မြစ်ကြီးနားလိုင်းကို ရထားတွဲများ အများကြီး ပြေးနိုင်မည်ဖြစ်ပါကြောင်း၊

မြစ်ငယ်စက်ရုံတွင် ကိုရီးယားလူစီးတွဲ ၄၀ ကို သက်တမ်းဝက် လုပ်နေပြီး ထပ်၍ပွေးမည်ဖြစ်ပါကြောင်း၊ မိမိတို့ ယခုဝယ်ထားသည့်အတွဲသည် တရုတ်မှ တွဲ ၆၀ ဝယ်သည့်အထဲမှ ၃၉ တွဲကို ရန်ကုန်-မန္တလေးလိုင်းတွင် နှစ်ဆိုင်း၊ ပြည်လိုင်းတွင် တစ်ဆိုင်းသုံးပါကြောင်း၊ ပြည်လိုင်းရှိ တွဲများသည် ယခင်ကထက် ပိုစုပ်နေပြီး မန္တလေး-မြစ်ကြီး နားလိုင်းထက် ပိုစုပ်နေ၍ မိမိတို့ ပေးခဲ့ရ ပါကြောင်း၊ ကျန်သည့် ၂၁ တွဲကို ၂၀၁၇ နှစ်စတွင် မြစ်ငယ်စက်ရုံ၌ ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ မြစ်ငယ်စက်ရုံတွင် ဆောက်ပြီးပါက ၂၀၁၇ နှစ်လယ်ခန့်တွင် ထွက်ရှိလာသည့် ၂၁ တွဲ ကို မြစ်ကြီးနားလိုင်းတွင် ဦးစားပေးသုံးစွဲရန် လျာထားပါကြောင်း၊ ယခုအချိန်တွင် ရသမျှကိုလည်း မြစ်ငယ်စက်ရုံကနေပြီး ပြုပြင်ပေးသည့်အတွက် ပြုပြင်သည့်နေရာတွင် အိမ်သာကို ဦးစားပေး ပါကြောင်း၊

မြစ်ငယ်စက်ရုံမှ ကိုရီးယားတွဲ ၄၀ ရလာပါက လူစီးတွဲ ၆ တွဲကို မြစ်ကြီးနား-မန္တလေးတွင် ပေးမည်ဖြစ်ပါကြောင်း၊ ယခုလောလောဆယ် စက်တင်ဘာ ၁ ရက်နေ့ကပင် မိမိတို့ ရသမျှ အတွဲများကို လဲပေးနေပါကြောင်း၊ (၅၅/၅၆)၊ (၅၇/၅၈)၊ (၃၃/၃၄)၊ (၃၇/၃၈) တွဲဆိုင်း ၃ ဆိုင်းမှာ ရထားတစ်စင်းပြေးရန်အတွက် (၅၅) အဆန် နေ့တိုင်းပြေးရန်၊ (၅၆) အစုန် နေ့တိုင်းပြေးရန် ၃ ဆိုင်း သုံးရပါကြောင်း၊ ၃ ဆိုင်း သုံးရသည့်အတွက် တစ်တွဲ တိုးချင်ပါက သုံးတွဲတိုးရပါကြောင်း၊  ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၂၁ တွဲ၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တွဲ ၁၀၀ ရမည်ဖြစ်ပြီး မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် ပိုပြီးတောင့်လာမည်ဖြစ်ပါကြောင်း၊

၃၇၊ ၃၈ တွင် ရိုးရိုးတန်း ၅ တွဲ၊ အထက်တန်းထိုင်ခုံ ၂ တွဲ၊ စားသောက်တွဲ ၁ တွဲ၊ ဘရိတ်တွဲ တစ်တွဲဖြစ်ပါကြောင်း၊ ၃၈-စုန်တွင် ရိုးရိုးတန်း ၅ တွဲ၊ အထက်တန်း ၂ တွဲ၊ စားသောက်တွဲ ၁ တွဲ၊ ဘရိတ်တွဲ ၁ တွဲဖြစ်ပါကြောင်း၊ ၅၅၊ ၅၆ တွင် ၇၊ ၁၊ ၂ စက်ခေါင်း၏ဆွဲအားဖြင့်  လိုက်ပါနိုင်သော ဝန်အရေအတွက်အတိုင်း ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ ခရီးသည်များကို ကြည့်မည်ဆိုပါက တစ်နေ့ကို ၃၇ တွင် ခရီးသည် ၃၇၄ ဦး၊ ၃၈ တွင် ခရီးသည် ၄၁၆ ဦး၊ ၅၅၊ ၅၆ တွင်  ခရီးသည် ၈၀၀ ကျော်၊ ၁၀၀၀ ဦး၊ ၅၇ ၌ အဆန်တွင် ၉၃၇ ဦး၊ အစုန်တွင် ၇၉၀ ဦးပါဝင်ကြသဖြင့် ပါသည့်ထိုင်ခုံအရေအတွက်နှင့် ခရီးသည်အရေအတွက်မှာ ၅၅ တွင် ၁၅၈ ရာခိုင်နှုန်း၊ သို့သော် ဆင်းလိုက်/တက်လိုက် ဘူတာများ၏ စုစုပေါင်းကို ဇူလိုင်လအတွင်း ပျမ်းမျှယူထားခြင်းဖြစ်ပါကြောင်း၊ ထိုင်ခုံအရေအတွက်နှင့် ခရီးသည်ဦးရေသည် မမျှပါသဖြင့် ခရီးသည်ကျပ်တည်းမှုသည် ရထားကို တိုးမပြေးနိုင်ခြင်း၊ တွဲများအများကြီး ပိုပြီးမချိတ်နိုင်ပါက ယခုကဲ့သို့သော ပြဿနာများ ပေါ်နေဦးမည်ဖြစ်ပါကြောင်း၊

ထို့နောက် ၅၅၊ ၅၆၊ ၅၇၊ ၅၈ အမြန်ရထားများတွင် အိမ်သာများကောင်းစေရန်၊ ထိုင်ခုံများကောင်းစေရန်၊ အနံ့အသက်များကောင်းစေရန် ရေတိုင်ကီများ ရေလုံလောက်စေရန် မန္တလေးတွဲပြင်ရုံတွင် တစ်လ ကို ခြောက် တွဲနှုန်းဖြင့် ပြင်ရမည်ဖြစ်ပါကြောင်း၊ ခြောက်လကို ၃၆ တွဲထွက်ရမည်ဆိုပြီး နည်းနည်း တစ်တွဲချင်းတစ်တွဲချင်း ဖြုတ်ပြီး မန္တလေးတွဲပြင်ရုံတွင် ပြင်ရန် ယခု စီစဉ်ချမှတ်ဆောင်ရွက်နေပါကြောင်း၊

တွဲထိန်းများသည် ရထားဝန်ထမ်းများ မဟုတ်ပါကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တွဲထိန်းကို ရထားဝန်ထမ်းများလုပ်သည်မှာ မကောင်းဟုဆိုပြီး တွဲထိန်းများကို ပုဂ္ဂလိကကန်ထရိုက်များ ခေါ်ပြီး တွဲထိန်းနှင့် တွဲသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သို့သော ကန်ထရိုက်မကောင်း၍ ကန်ထရိုက်အဟောင်းကို ဖြုတ်ပြီး ကန်ထရိုက်အသစ် ခေါ်ခန့်မည်ဆိုကာ ကန်ထရိုက်ကို ဖြုတ်ထားပြီးဖြစ်ပါကြောင်း၊ သို့သော် ကန်ထရိုက် ကိုလည်း ကောင်းစေရန် ပြည်သူ့ဆက်ဆံရေးကိုနားလည်စေရန် Service ဆိုသည်ကို မိမိတို့ ဝန်ထမ်းများက နားလည်သည့်သဘော မရှိသေးပါကြောင်း၊ အထက်တန်းထိုင်ခုံတွဲများတွင် ခန်းဆီး လိုက်ကာများကို မန္တလေး လူမှုဝန်ထမ်းဦးစီးဌာနက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ညှိနှိုင်းပြီး သူတို့ကို ကန်ထရိုက်ပေးကာ ချုပ်ထားပါကြောင်း၊ ထိုင်ခုံအစွပ်များ ပုံမှန်လဲလှယ်နိုင်စေရန် ထပ်မံကြီးကြပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ခရီးသည်များကိုဝန်ဆောင်မှုပေးရသည့် ဝန်ထမ်းများကို မသင်ကြားပေးဘူးလားနှင့်စပ်လျဉ်း၍ မိမိတို့ရောက်သည့် ဧပြီလကစပြီး ပြည်သူ့ဆက်ဆံရေးစာအုပ် ထုတ်ပါကြောင်း၊ ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို ခရီးသည် များကို တိုက်ရိုက်ဆက်ဆံရသည့် ခရီးသည်ဝန်ထမ်းများ၊ ကုန်စည်ဝန်ထမ်းများ၊ ကုန်ရုံများ၊ တွဲစောင့်များအပါအဝင် လက်မှတ်စစ်များ၊ လက်မှတ်သိမ်းများ အားလုံးကို အိတ်ဆောင်စာအုပ်များလည်း ဖြန့်ဝေပေးပါကြောင်း၊ တိုင်း မန်နေဂျာများ ကိုယ်တိုင်လည်း သင်ခိုင်းပါကြောင်း၊ အထွေထွေမန်နေဂျာများကို တိုင်း ၁၁ တိုင်းကိုဆင်းခိုင်းပါကြောင်း၊ ဆင်းသည့်အချိန်တွင် စာအုပ်များဝေပြီး ရှင်းပြပါကြောင်း၊Service ကိုပြင်ရန် ကြိုးစားနေ ပါကြောင်း၊ ပြည်သူလူထုအတွက် ဝန်ဆောင်မှုမကောင်းပါက မည်သို့မျှ အောင်မြင်မည်မဟုတ်ပါကြောင်း၊ ဂျပန်နိုင်ငံသည် Service အလွန်ကောင်းသည့်အတွက် ဂျပန်နိုင်ငံမှ သင်တန်းဆရာများနှင့် ဝန်ထမ်းများကို သင် တန်းပေး သည်မှာ ၈ ကြိမ်ရှိပြီဖြစ်ပါကြောင်း၊ (The Oversea Human Resources and industry Development Association –HIDA) ကအဖွဲ့များနှင့် လုပ်ပါကြောင်း၊ ကြီးကြပ်ရေးအဆင့် ဝန်ထမ်းများကို လည်း နှစ်ကြိမ်ပေးပြီး ဖြစ်ပါကြောင်း၊ အောက်မြန်မာပြည်ရုံးတွင်လည်း ၂ ကြိမ်ပေးပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သင်တန်းများကို တက်နိုင်သမျှ ပို့ချက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။