သနပ်ပင်မြို့နယ်သည် စစ်တောင်းမြစ်၏အနောက်ဘက် မုတ္တမကွေ့ အနီးတည်ရှိသည့်အတွက် ချောင်း၊ မြောင်းများ အလွန်ပေါများပြီး မိုးတွင်းတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပါကြောင်း၊ မူလတန်းနှင့် အလယ်တန်းအရွယ်ကလေးများ တစ်ရွာနှင့်တစ်ရွာ ကူးလူး၍ ပညာသင်သည့်အခါ ၎င်းတို့အတွက် အန္တရာယ်အလွန်ရှိပါကြောင်း၊ ပြည်သူ့အစိုးရသစ်လက်ထက်တွင် သနပ်ပင်မြို့နယ် အခြေခံကျောင်းများ အတွက် ယခင်နှစ်တွင် နေ့စားဆရာ/မ ၂၂၅ ဦးကို ခန့်ထားပေးခဲ့သော်လည်း ကျောင်းသားဦးရေ အဆမတန်များပြားပြီး ဆရာအလွန်နည်းသော ကျောင်းများသည် စာတတ်မြောက်စေရန်သင်ကြားရန် မည်သို့မျှှမဖြစ်နိုင်လောက်အောင် ကျောင်းသားနှင့်ဆရာအချိုး မမျှတပါကြောင်း၊ ၎င်းကျောင်းများကို ဆရာထပ်ခန့်ပေးရန် သို့မဟုတ် ဆရာများသော ကျောင်းများမှ မျှပေးရန်၂၀၁၆-၁၇ ပညာသင်နှစ် အစကတည်းက ပညာရေးဌာနအဆင့်ဆင့်ကို မိမိအနေဖြင့် ညှိနှိုင်းခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ် အထိ နတ်ရေကန်၊ ဉာဏ်ကျွန်း၊ မိုးခိုင်ကြီး၊ ကလိုင်၊ ဇီးပင်၊ ရွာဟောင်း၊ အောက်တကဲ၊ ဝဲပြန်၊ ရွှေလှေစု၊ ကွင်းယားရှည်၊ တံခွန်တိုင်၊ ကသစ်ဝိုင်၊ ကျွဲဖြူကျောင်း၊ ကပင်၊ ကသဲကုန်းစသည့် ကျောင်းများကို ဖြည့်တင်းပေးနိုင်မှုမရှိသေးပါကြောင်း၊ သို့ပါ၍ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်ရှိ ဖော်ပြပါ အခြေခံကျောင်းများကို အဆင့်တိုးမြှင့်ပေးရန်နှင့် ကျောင်းသားဦးရေနှင့်ဆရာအချိုးမညီမျှသော ကျောင်း များကို လိုအပ်သော ဆရာများဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၅၀၉၉ ကျောင်းကို အဆင့်တိုးမြှင့်ဆောင်ရွက်ပေးခဲ့ရာတွင် သနပ်ပင်မြို့နယ်မှ အခြေခံပညာအထက်တန်း ကျောင်းတစ်ကျောင်း၊ အခြေခံပညာထက်တန်းကျောင်းခွဲတစ်ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်းရှစ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ နှစ်ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၃ ကျောင်း ပါဝင်ခဲ့သည့်အတွက် သနပ်ပင် မြို့နယ်အတွင်း ယခုပညာသင်နှစ်အထိ အခြေခံပညာအထက်တန်းကျောင်းခုနစ်ကျောင်း၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲပေါင်း ခုနစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းပေါင်း ရှစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ၂၃ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၇၂ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ နှစ်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၂၀ အထိ ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီး တင်ပြထားသော ကျောင်းများအနက်မှ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းများဖြစ်သည့် ခရာစု ရွာဟောင်းကျေးရွာ၊ စံပြလေးကျေးရွာတို့ကို အခြေခံပညာ မူလတန်းကျောင်းခွဲများအဖြစ်လည်းကောင်း၊ ကုလားတဲစုကျေးရွာ အခြေခံပညာမူလတန်း ကျောင်းခွဲကို အခြေခံပညာမူလတန်းကျောင်း အဖြစ်လည်းကောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲများဖြစ်သော ဉာဏ်ကျွန်းကျေးရွာ၊ ဝဲပြန်ကျေးရွာ၊ ဇီးပင်ကျေးရွာ၊ ကပင်ကျေးရွာ၊ ကျွဲဖြူချောင်း ကျေးရွာ၊ ကသဲကုန်းကျေးရွာ၊ ကလိုင်ကျေးရွာ၊ ကသစ်ဝိုင်ကျေးရွာတို့ကို အခြေခံပညာ အလယ်တန်းကျောင်းများအဖြစ်လည်းကောင်း၊ မိုးခိုင်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို အခြေခံပညာ အထက်တန်းကျောင်းခွဲအဖြစ်သို့လည်းကောင်း၊ နတ်ရေကန်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲကို အခြေခံပညာအထက်တန်းကျောင်းအဖြစ် လည်းကောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၁၃ ကျောင်းကို ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးပြီးဖြစ်သည့်အတွက် အနည်းငယ်မျှသာ တိုးမြှင့်ရန်ကျန်ရှိမည့် ကျောင်းကိုလည်း လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တိုးမြှင့်ပေးရန် စိစစ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ဆရာ/မ လိုအပ်ချက်များကို ကိုယ်စားလှယ်တော်ကြီးတင်ပြသကဲ့သို့ သနပ်ပင်မြို့နယ်အတွင်း ပိုသည့် ကျောင်းနှင့် လိုသည့်ကျောင်း လွှဲပြောင်းဆောင်ရွက်ပြီး ပညာရေးကောလိပ်သင်တန်းဆင်းများ ရရှိသည့်အခါနှင့် နေ့စားလပေး မူလတန်းပြများခန့်ထားသည့်အခါ ဖြည့်စွက်ခန့်ထားဆောင်ရွက်ခြင်း တို့ကို ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ပြည့်စုံစေရန် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
