မေးခွန်း အကြောင်းအရာ
မိမိအနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာဝန်ဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရာတွင် လျှပ်စစ်မီး ပြည့်ဝစွာ ရရှိရေး၊ သောက်သုံးရေပုံမှန် လုံလောက်စွာ ရရှိရေး၊ လမ်းပန်း ဆက်သွယ် ရေး ကောင်းမွန်ရန်အတွက် လမ်းများ ခင်းပေးရန်နှင့် ရေစီးရေလာ ကောင်းမွန်စွာ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြပါကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများမှ တောင်းဆိုခဲ့သော ရတနာ ပုံပတ်လမ်း (၅၄) ရပ်ကွက်မှ ကျန်စစ်သားလမ်း အထိတစ်ပိုင်း၊ ကျန်စစ်သားလမ်းမှ ရိုးမရိပ်သာ လမ်းအထိတစ်ပိုင်းနှင့် လှော်ကားလမ်း ရိုးမရိပ်သာလမ်းမှ အမှတ်(၂)လမ်းမကြီး အထိတို့သည် မြေသားလမ်းများဖြစ်၍ အသစ်ခင်းပေးပါရန်နှင့် ပင်လုံလမ်း၊ ရိုးမရိပ်သာလမ်း၊ ဘုရင့်နောင်လမ်း၊ ပြည်ထောင်စုလမ်းသွယ်၊ ပြည်ထောင်စုလမ်း၊ မြိတ်လမ်း၊ ကျန်စစ်သားလမ်း၊ ရတနာပုံမှ အမှတ်(၂)လမ်းမကြီးအထိတို့သည် ကွန်ကရစ်ခင်းလမ်းဟောင်းများဖြစ်ပါ၍ ပျက်စီးနေမှုများကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးပါရန်တို့ိကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှဖြစ်စေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့မှဖြစ်စေ အမြန်ဆုံး ခင်းပေးရန်၊ ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ လမ်း ၁၀ လမ်းအနက် ပင်လုံလမ်း၊ ရတနာပုံပတ်လမ်း၊ ဘုရင့်နောင်လမ်း၊ ပြည်ထောင်စုလမ်းသွယ်၊ ပြည်ထောင်စုလမ်းနှင့် မြိတ်လမ်းစသည့် လမ်းခြောက်လမ်းကို ကွန်ကရစ်လမ်းများ ခင်းကျင်းပြီးဖြစ်ပါကြောင်း၊ ကျန်စစ်သားလမ်းသည် ကတ္တရာခင်းကျင်းထားသော လမ်းဖြစ်ပြီး ကျန်ရှိသော လမ်းသုံးလမ်း အနက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အလျား ၁၃၅၁၂ ပေ အရှည်ရှိ ရိုးမရိပ်သာ လမ်းမကြီး(အမှတ်(၂) လမ်းမကြီးမှ ဒဂုံဆိပ်ကမ်း ကျီစု(၁၆၈) ပဲခူးမြစ် ကမ်းနားပတ်လမ်းအထိ)လမ်းပိုင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သိန်း ၁၅၀၀ နှင့် ကွန်ကရစ်လမ်း ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိုးအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လှော်ကားလမ်း (ရိုးမရိပ်သာလမ်း ကနေပြီးတော့ ကျီစုရွာအထိနှင့် ကျီစုရွာမှ အမှတ်(၂)လမ်းမကြီးအထိ) မြေသားလမ်း ၂၁၈၃၂ ပေ လမ်းပိုင်းနှစ်ခုကို လမ်းအသစ်ခင်းပေးရန် အင်ဂျင်နီယာများ ကွင်းဆင်း တိုင်းတာ၍ ကုန်ကျစရိတ် ခန့်မှန်းတွက်ချက် ထားရှိပြီးဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုဘတ်ဂျက်မှ ရန်ပုံငွေ ခွင့်ပြုချက် ရရှိပါက လှော်ကားလမ်း အသစ်ဖောက်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
ရတနာပုံပတ်လမ်း (၅၄)ရပ်ကွက်မှ ကျန်စစ်သားလမ်းအထိ မြေသားလမ်း ၅၁၄၁ ပေ လမ်းပိုင်းနှင့်ပတ်သက်၍ ကွန်ကရစ်လမ်းအဆင့် တိုးမြှင့်ခင်းကျင်းပေး နိုင်ရေးကိစ္စကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ဌာနချင်း ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
