(ခ)-ပင်လည်ဘူးမြို့နယ်တွင်ကျောက်မီးသွေးထုတ် လုပ်ရောင်းချသော ကုမ္ပဏီတစ်ခုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်သို့ ဆောင်ရွက် ခွင့်ပြုထားပြီး အကျိုးအမြတ်မည်မျှ ရရှိသည် နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စ များနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၆.၅.၂၀၁၆)

ဦးမင်းနောင် (ပင်လည်ဘူး)မိမိတို့ ပင်လည်ဘူးမြို့မှ (၄)မိုင်ခန့်အကွာတွင် ထွန်းကြွယ်ပေါ စက်မှုလက်မှုကုမ္ပဏီမှ လုပ်ကွက်သုံးခုအား ထုတ်လုပ်ခွင့်ကို သတ္တုတွင်းဝန်ကြီးဌာန၏ ၂၃-၁၁-၂၀၁၂ ရက်စွဲပါစာအမှတ်ဖြင့် တူးဖော်ခွင့်ပြု ထုတ်လုပ် နေကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ပထမအကြိမ် သက်တမ်းဖြင့် ၂၂-၁၀-၂၀၁၅ မှ ၂၂-၁၀-၂၀၁၆ အထိ (၁)နှစ် ခွင့်ပြုထားသည်ကို သိရှိရသဖြင့် ၎င်းမတိုင်မီ ကြားကာလများအတွင်း ထုတ်လုပ် ရောင်းချနေမှုများသည် တရားမဝင်ကျောက်မီးသွေး ထုတ်လုပ်ရောင်းချနေသကဲ့သို့ ဖြစ်နေပြီး ကုမ္ပဏီဥက္ကဋ္ဌမှ ထုတ်လုပ်ရောင်းချတင်ပြမှု စာရင်းများအရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှစ၍ ထုတ်လုပ် ရောင်းချနေကြောင်း၊ ထို့အပြင် ကုမ္ပဏီမှလက်ရှိ လုပ်ကိုင်နေသော လုပ်ကွက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မှန်ကန်စွာ တိုင်းတာသတ်မှတ်ထားသော ဧရိယာဟုတ်/မဟုတ် ထင်ရှားသတ်မှတ်ချက် အမှတ်အသားများ ကုမ္ပဏီမှဆောင်ရွက်ထားမှု မရှိကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအဖြစ် မလိုအပ်ဘဲ သစ်ပင်ခုတ်လှဲခြင်း၊ ကျောက်မီးသွေးများ သန့်စင်စေရန် ရေဆေးစစ်ကို အသုံးပြုသည့်အခါ ဆေးပြီးစွန့်ပစ်ရေများကို ရေစီးချောက်ထဲသို့ တိုက်ရိုက်လွှတ်ချခြင်းများ စစ်တွေ့ရှိရပါကြောင်း၊ ကုမ္ပဏီမှ သက်ဆိုင်ရာသို့ တင်ပြသော ကျောက်မီးသွေးထုတ်လုပ်မှု ကိန်းဂဏန်းတွင် တစ်လလျှင် စုစုပေါင်းတန် ၁၀၀ သို့မဟုတ် စုစုပေါင်း တန် ၅၀၀ ဝန်းကျင်သာ တင်ပြကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့သော် မြေပြင်တွင် မိမိတို့လေ့လာတွေ့ရှိမှုမှာ တစ်ရက်လျှင် စုစုပေါင်း တန် ၄၀၀ ခန့် ဗဟို စက်ယန္တရားကြီးများ သုံး၍ထုတ်လုပ်နေကြောင်း၊ ထို့ကြောင့် ကုမ္ပဏီ၏ထုတ်လုပ် ရောင်းချမှုအပေါ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မည်သည့်နည်းဖြင့် သတင်းအမှန်ရယူခြင်း၊ ထုတ်လုပ်မှုအပေါ်တွင် ဓာတ်သတ္တုခွန် ခွဲဝေမှု အချိုး နိုင်ငံတော်အတွက် အကျိုးအမြတ် မည်မျှရှိ သည်တို့ကို ပွင့်လင်းမြင်သာမှန်ကန်စွာ ထုတ်ပြန်ခဲ့ခြင်း မတွေ့ရပါကြောင်း၊

ထွန်းကြွယ်ပေါကုမ္ပဏီအနေဖြင့် သတ္တုတွင်းဝန်ကြီးဌာနသို့ တရားဝင်ပေးဆောင်ရမည် ဖြစ်သော ဓာတ်သတ္တုခွန်နှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရရှိသော အကျိုးအမြတ်ပေးသွင်းမှု အခြေအနေကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ ၂၀၁၅-၁၆ ယခုကာလအထိ ကျောက်မီးသွေး တစ်တန်၏တန်ဖိုးကို မည်သည့်ဈေးနှုန်းဖြင်‌့ သတ်မှတ် ပေးသွင်းပါသနည်း။ ကုမ္ပဏီအနေဖြင့် အထက်ပါ လုပ်ကွက်များမှ ထုတ်လုပ်ရောင်းချသော ကျောက်မီးသွေးတန် အရေအတွက်ကို သက်ဆိုင်ရာဌာနများသို့ လစဉ်အလိုက်ပုံမှန်တင်ပြမှုမရှိခြင်း၊ ကုမ္ပဏီမှ ခွင့်ပြုသတ်မှတ်ဧရိယာ ထင်ရှားသတ်မှတ် ဆောင်ရွက်ထားမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်တို့အား ဝန်ကြီးဌာနကမည်သို့ ထိန်းကျောင်းစောင့်ကြည့်စိစစ် အရေးယူမှုများ ရှိပါသနည်းဟု မေးမြန်းပါသည်။


 

ဖြေကြားသူ
သယံဇာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ

ပည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းပင်လည်ဘူးမြို့နယ်အတွင်း အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်နှင့် ကျောက်မီးသွေး (စက်မှုတွင်းထွက်ကုန်ကြမ်း) ထုတ်လုပ်မှုဆောင်ရွက်နေသည့် ထွန်းကြွယ်ပေါ စက်မှုကုမ္ပဏီလီမိတက်နှင့် ရွှေလျှက်ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်တို့ဖြစ်ပါကြောင်း၊ ၎င်း ကုမ္ပဏီနှစ်ခုအနက် ရွှေလျှက်ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် မံစီဒေသမြေဧရိယာ ၅၀ ဧက ကျယ်ဝန်းသည့် လုပ်ကွက်တွင် ကျောက်မီးသွေး အသေးစားထုတ်လုပ်ရန်အတွက် ၁၀-၆-၂၀၁၄ ရက်စွဲနှင့် ခွင့်ပြုမိန့်အမှတ် (၀၀၃၄/၂၀၁၄)  အရ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်နှင့်  ၂၈-၅-၂၀၁၄ ရက်နေ့မှစညပီး ၂၇-၅-၂၀၁၇ ရက်အထိ (၃)နှစ်သက်တမ်းရှိသည့် လုပ်ငန်းသဘောတူ စာချုပ်ကို ၁၀-၆-၂၀၁၄ ရက်နေ့တွင် ချုပ်ဆိုလုပ်ကိုင်လျက်ရှိပါကြောင်း၊

ရွှေလျှက်ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်အနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှစပြီး ထုတ်လုပ်မှုလုပ်ငန်း စတင်ဆောင်ရွက်ပြီး ၂၀၁၆ ခုနှစ် မတ်လအထိ စုစုပေါင်း ကျောက်မီးသွေး မက်ထရစ်တန်ချိန် ၁၈၅၀ ကို ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ထုတ်လုပ်ပြီး တန်ချိန် ၁၈၅၀ မက်ထရစ်တန်မှစပြီး  သတ္တုတွင်းဦးစီးဌာနကို ဓာတ်သတ္တုခွန် ၃ ရာခိုင်နှုန်းဖြစ်သော ၅၅.၅ မက်ထရစ်တန်အတွက် တစ်တန်လျှင် ကျပ် ၁၀၀၀၀ နှင့် ကျသင့်ငွေ ၅၅၅၀၀၀ ကို သတ္တုတွင်း ဦးစီးဌာနကိုလည်းကောင်း၊ ကျန်တန်ချိန် ၁၇၉၄.၅ မက်ထရစ်တန်က ထုတ်လုပ်မှုအပေါ် ခွဲဝေမှုအချိုး ၃၀ ရာခိုင်နှုန်းဖြစ်သည့် ၅၃၈.၃၅ မက်ထရစ်တန်အတွက် တစ်တန်လျှင် ကျပ် ၁၀၀၀၀ နှုန်းနှင့် ကျသင့်ငွေ ၅၃၈၃၅၀၀ နှင့် လုပ်ငန်းသဘောတူ စာချုပ်ချုပ်သည့်အချိန်တွင် အဆိုပြုငွေအဖြစ် မြန်မာငွေကျပ် ၁၅၀၀၀၀၀ တို့ကို အမှတ်(၁) သတ္တုတွင်းဝန်ကြီးဌာနကိုလည်းကောင်း ပေးသွင်းပြီးဖြစ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဆိုပါအခွန်လွှာငွေ စုစုပေါင်း ကျပ် ၇၄၃၈၅၀၀ ကို လက်ခံရရှိထားပြီးဖြစ်ပါကြောင်း၊

ခွင့်ပြုထားသည့် ကုမ္ပဏီ(၂)ခုအနက် ထွန်းကြွယ်ပေါ စက်မှုကုမ္ပဏီလီမိတက်သည် ထုတ်လုပ်ရန် ခွင့်ပြုထားသည့် ဧရိယာပိုမိုကျယ်ဝန်းပြီး ကျောက်မီးသွေး (စက်မှုတွင်းထွက်ကုန်ကြမ်း) ထုတ်လုပ်မှု တန်ချိန်များပြားသည့် ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ ထွန်းကြွယ်ပေါစက်မှု ကုမ္ပဏီလီမိတက်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ စင်လောင်ဒေသ လုပ်ကွက်(၁)မြေဧရိယာ ၃၀.၉၉ ဧကနှင့် ဘန့်ဘွေးကုန်းဒေသ လုပ်ကွက် (၂) မြေဧရိယာ ၄၉.၈၅ ဧကကျယ်ဝန်းသည့် လုပ်ကွက်(၂) ကွက်တို့တွင် ကျောက်မီးသွေးအသေးစား ထုတ်လုပ်ရန် ၂၃-၃-၂၀၁၅ ရက်စွဲပါ ခွင့်ပြုမိန့်အမှတ် (၀၁၈/၂၀၁၅) နှင့် (၀၁၉/၂၀၁၅) တို့အရ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှု အပေါ်တွင် ခွဲဝေခံစားသည့် စနစ်နှင့် ၅-၃-၂၀၁၅ ရက်နေ့မှ  ၄-၃-၂၀၂၀ ရက်နေ့အထိ (၅)နှစ် သက်တမ်းရှိသည့် လုပ်ငန်းသဘောတူ စာချုပ်ကို ၁၃-၃-၂၀၁၅ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထွန်းကြွယ်ပေါစက်မှု ကုမ္ပဏီလီမိတက်အနေဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ  စတင်ပြီး ထုတ်လုပ်မှု လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊  ၂၀၁၆ ခုနှစ် မတ်လတွင်ရရှိသည့် ကျောက်မီးသွေး စုစုပေါင်းမှာ မက်ထရစ်တန်အားဖြင့် ၂၈၅၀ ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် မတ်လအထိ ထုတ်လုပ်မှုမှာ ၂၈၅၀ မက်ထရစ်တန်ကို မိမိတို့ ဓာတ်သတ္တုခွန် ၃ ရာခိုင်နှုန်းဖြစ်သည့် ၈၅.၅ မက်ထရစ်တန်အတွက် တစ်တန်ကိုကျပ် ၁၀၀၀၀ နှုန်းနှင့် ကျသင့်ငွေ ၈၅၅၀၀၀ ကို သတ္တုတွင်းဦးစီးဌာနကိုလည်းကောင်း၊ ကျန်သည့် ကျောက်မီးသွေးတန်ချိန် ၂၇၆၄.၅ မက်ထရစ်တန်ကနေ ထုတ်လုပ်ရရှိသည့် ခွဲဝေမှုအချိုး ၃၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၈၂၉.၃၅ မက်ထရစ်တန်အတွက် တစ်တန်ကို ကျပ် ၁၀၀၀၀ နှုန်း၊ ကျသင့်ငွေ ၈၂၉၃၅၀၀ နှင့် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုချိန်တွင် အဆိုပြုငွေအဖြစ် လုပ်ကွက်(၁) အမှတ်တွင် မြန်မာကျပ်ငွေ ၁၅ သိန်းနှုန်းနှင့် လုပ်ကွက်(၂) ၏ စုစုပေါင်းအတွက် ကျပ် သိန်းသုံးဆယ် တို့ကို အမှတ်(၁) သတ္တုတွင်းလုပ်ငန်းအား ပေးသွင်းပြီးဖြစ်သည့် အတွက်ကြောင်‌့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာနကို စုစုပေါင်း ကျပ် ၁၂၁၄၈၅၀၀ ရရှိထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ကုမ္ပဏီနှစ်ခုမှ ဝန်ကြီးဌာနကို ပေးသွင်းရမည့် စုစုပေါင်းငွေအားဖြင့် ပြောမည်ဆိုပါက ကျပ် ၁၉၅၈၇၀၀၀ ဖြစ်ပါကြောင်း၊ ယခု တင်ပြချက်သည် နိုင်ငံတော်အတွက် မည်ကဲ့သို့ အကျိုးပြုနေသည်ကို ပြန်လည် ဖြေကြားခြင်းဖြစ်ပါကြောင်း၊

ကုမ္ပဏီများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစမ်းစစ်ချက် (Environmental Impact Acceptment - EIA)၊ လူမှုရေးရာ ထိခိုက်မှုဆန်းစစ်ချက် (Social Impact Acceptment - SIA)၊ ပတ်ဝန်းကျင် လူတို့၏ ကျန်းမာရေးထိခိုက်မှုဆန်းစစ်ချက် (Health Impact Acceptment - HIA)၊ ကုမ္ပဏီများ၏ လူမှုရေးတာဝန်ယူမှု (Corporate Social Responsibility) နှင့် မိုင်းပိတ်သိမ်းသည့် စီမံချက် (Mine Closure Plan) တို့ကို ၃၁-၅-၂၀၁၄ ရက်တွင် ပြုစုရေးသား တင်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် သဘာဝဝန်းကျင် ထိန်းသိမ်းရေးစီမံချက် (Environmental Management Plan - EMP) ကိုလည်း ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်အပိုင်း(၉)တွင် အထွေထွေတာဝန်များ အပိုင်း(၁)တွင် ကန်ထရိုက်တာအမည်ဖြင့် ယခင် ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ လက်ခံကျင့်သုံးသည့် စံချိန်စံညွှန်းနှင့်အညီ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် (Environmental Impact Acceptment - EIA)၊ SIA ၊ HIA တို့ကို စာချုပ်မချုပ်မီ တင်ပြရပါကြောင်း၊ ၎င်း ဆန်းစစ်ချက်ပါအချက်များကို အခြေခံပြီး မိမိတို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံချက်  (Environmental Management Plan - EMP) ကို ထုတ်လုပ်မှု မစမီ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းကို ဆက်လက်တင်ပြရပါကြောင်း၊ အဲဒီစီမံချက်အတိုင်း အပြည့်အဝလိုက်နာ ဆောင်ရွက်မည်ဟု ထည့်သွင်းပြီး ကတိစာချုပ်ချုပ်ဆိုထားပါကြောင်း၊

လုပ်ကွက်ဧရိယာအကျယ်အဝန်းပြီး ထုတ်လုပ်မှုတန်ချိန်များပြားသည့် ထွန်းကြွယ်ပေါစက်မှု ကုမ္ပဏီလီမိတက်အနေဖြင့် လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုရေးတာဝန်ယူမှု CSR အတွက် ကျပ် ၁၅ သိန်းနှင့် သတ္တုတွင်းလုပ်ကွက် ပိတ်သိမ်းမှုရန်ပုံငွေ ကျပ်(၁၀)သိန်းကို အပ်နှံထားရန် ကတိခံဝန်ပြီးဖြစ်ပါကြောင်း၊ ရွှေလျှက်ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်အနေဖြင့် CSR အတွက် သတ္တုတွင်းလုပ်ကွက် ပိတ်သိမ်းမှု (Mine Closure တို့ကိုလည်း ထားရှိရန်အတွက် ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။